စစ်တပ်က မတူပီမြို့နယ် ဒေသခံများကို ဖမ်း ဆီးလမ်းပြခိုင်းပြီး သတ်ဖြတ်

စစ်တပ်က မတူပီမြို့နယ် ဒေသခံများကို ဖမ်းဆီး လမ်းပြခိုင်းပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF- Matupi) ပြန်ကြားရေး တာဝန်ရှိသူ ကိုရေဂင်က မဇ္ဈိမကို ပြောသည်။ မတူပီမြို့ပေါ် အခြေစိုက် စစ်ကောင်စီ၏ ခမရ (၁၄၀) အထိုင်တပ်ရင်းမှ တပ်အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် မတူပီ-ဟားခါး လမ်းမအတိုင်း ဇန်နဝါရီ ၅ ရက်မှ စတင် စစ်ကြောင်း ထိုးလာကာ ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းတွင် တောတွင်းတစ်နေရာ၌ စစ်ရှောင်နေကြသည့် ဒေသခံပြည်သူ ကိုးဦးကို ဖမ်းဆီးပြီး လမ်းပြစေခဲ့သည်ဟု ကိုရေဂင်က ပြောသည်။
“ အဲ့ဒီထဲက သုံးယောက်က ချောက်ကမ်းပါးထဲကို ခုန်ချပြီး ထွက်ပြေးတယ်။ ဒဏ်ရာတွေ ဘာတွေ ရကြတယ်။ မိန်းကလေး နှစ်ယောက်၊ ယောကျ်ားလေး တစ်ယောက်က လွတ်ပြီးကျန်တဲ့ ခုနစ် ယောက်က အဖမ်းခံရတယ်။ ဖမ်းတဲ့သူတွေကိုလည်း သူတို့သတ်တယ်။ သေနတ်သံတွေ ကြားတယ်။ ဒါပေမဲ့ အလောင်းကတော့ ဇန်နဝါရီ ၇ ရက်နေ့မှာ ကျွန်တော်တို့ နှစ်ခုပဲ တွေ့ရ သေးတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံနှစ်ဦး၏ ရုပ်အလောင်းကို တောထဲတွင် စွန့်ပစ်ထားသည့် အနေအထားဖြင့်တွေ့ရှိရကြောင်းနှင့် စစ်ရေး အခြေအနေ တင်းမာနေသော ကြောင့် သွားကောက်၍ မရသေးကြောင်း ၎င်းက ဆိုသည်။ အလောင်းအနီး ဝန်းကျင်တွင် မိုင်းထောင်ခဲ့ခြင်း သို့မဟုတ် အလောင်းလာကောက် သည့် အချိန်တွင် ချုံခို တိုက်ခိုက်မည်ကို စိုးရိမ်၍ အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီး သတ်ဖြတ်ခံရသည့်ဒေသ ခံများမှာ ကီးလှုန်း၊ ကစဲ၊ တီဘော၊ ဘွေထီးယားနှင့် ငလိုင်ရွာ မှ စစ်ရှောင်လာသည့် ရွာသားများ ဖြစ်နိုင်ကြောင်းလည်း ကိုရေဂင်က ပြော သည်။
“ သတင်း ရတာကတော့ ဖမ်းဆီးထားတဲ့သူတွေအားလုံးကို သတ်လိုက်ပြီလို့ ကြားတယ်။ ဒါပေမဲ့ အလောင်းကိုလည်း မတွေ့ရသေးဘူး။ တောထဲဆိုတော့ ဘယ်မှာသတ်လို့ သတ်မှန်းလဲ မသိသေးဘူး။ အတည်ပြုဖို့တော့ နည်းနည်းခက်တယ် ” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီ တပ်ဖွဲ့သည် တပ်ဖြန့် လှုပ်ရှားနေပြီး တွေ့သမျှ ရွာသားများကို ဖမ်းဆီးကာ လူသားဒိုင်းလမ်းပြ စေခိုင်းနေကြောင်း CDF Matupi ထံမှ သိရသည်။ မတူပီ-ဟားခါး လမ်းမတစ်လျှောက် ဇန်နဝါရီ ၈ ရက်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကာ ကီးလှုန်း၊ ကစဲ၊ တီဘောနှင့် ဘွေထီးယား ရွာ လေးရွာမှ ဒေသခံများအားလုံး ထွက်ပြေး တိမ်းရှောင်နေရသည်။
လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ငလိုင်နှင့် လုံလှော်ရွာ နှစ်ရွာကို စစ်ကောင်စီဘက်က သိမ် းပိုက် ရန်ကြိုးစားနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ လက်နက် အင်အားမမျှ၍ ခံစစ်သာ ခုခံနေရကြောင်း CDF ဘက်မှ သိရသည်။ mizzima