စစ်အာဏာသိမ်းမှုနောက်ပိုင်း ဧရာဝတီတိုင်း၌ ဆိုင်ကယ် သူခိုးများလာဟု ဒေသခံများပြော

အကြမ်းဖက် စစ်အုပ်စုက အရပ်သား အစိုးရထံမှ မတရား အာဏာသိမ်းယူမှု ၁၁ လကျော် အကြာတွင် ဧရာဝတီတိုင်း၌ ဆိုင်ကယ်သူခိုးများ ပေါများလာသည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်တိုင်းတွင် စစ်ကောင်စီ တပ်များနှင့် ရဲများ မြို့အနှံ့ ကင်းပုန်းများ ချထားကာ ရဲကားနှင့် စစ်ကားများ နေ့ရော ညပါ မြို့အနှံ့ လှည့်လည်နေပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် ကြားက ယခုကဲ့သို့ ဆိုင်ကယ်သူခိုးများ ပေါများလာခြင်းကြောင့် ပြည်သူများ လုံခြုံမှု ပိုမိုကင်းမဲ့လာသည်ဟု ပုသိမ်မြို့ခံတစ်ဦးက ဆိုသည်။
“အာဏာသိမ်းပြီးခါစက ခိုးဆိုးလုနှိုက်တွေ တော်တော် ပျောက်နေသေးတယ်။ အခုနောက်ပိုင်းတော့ သူခိုးတွေ တော်တော် ပေါလာတာပါ။ ဒီအဖြစ်မျိုးတွေကို ကိုယ်တိုင် ကြုံရတဲ့ သူတွေက ရဲသွားတိုင်လည်း ဘာမှလုပ်ပေးမှာ မဟုတ်လို့ သွားမတိုင်ခဲ့ကြဘူး။ ကိုယ့်ကိုကိုယ် ဂရုစိုက်နေမှပဲ ရတော့မယ် “ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်း မအူပင်မြို့၊ ကန်ကြီးထောင့်မြို့၊ ပုသိမ်မြို့ နှင့် အခြားမြို့နယ်များတွင် နေ့စဥ် ဆိုင်ကယ် ပျောက်ဆုံးမှုများ ရှိနေပြီး စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် ခိုးဆိုး လုနှိုက်အမှုများကို မည်သည့် မြို့နယ်ရဲစခန်းနှင့် နယ်မြေရဲစခန်းကမျှ စုံစမ်း ဖြေရှင်း ပေးခြင်းမျိုး မရှိသေးကြောင်း ဆိုင်ကယ်ပျောက်ဆုံးခဲ့သူ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မြို့မှာဆိုရင် နေ့ခင်းဘက်ကြီးတောင် အိမ်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ်ကို ဝင်ခိုးတယ်။ ဒီလိုတွေ ဖြစ်နေတာ အများကြီးပဲ။ ရဲကို သွားတိုင်တော့လည်း သူတို့နဲ့ မဆိုင်သလိုလို၊ အမှုဖွင့် မပေးချင် သလိုလိုတွေ ပြောလွှတ်တော့ ခုနောက်ပိုင်း ဘယ်သူမှ သွားမတိုင် ကြတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ တပ်များနှင့် ရဲများက ပြည်သူများ ပိုင်ဆိုင်သော ဆိုင်ကယ် အခိုးခံရမှုများကို လိုက်လံ စုံစမ်း ဖော်ထုတ်ပေးခြင်းများ မရှိသော် လည်း CDM ဝန်ထမ်းများနှင့် PDF တပ်ဖွဲ့ဝင်များကိုမူ နေ့စဥ် လိုက်လံ ရှာဖွေဖမ်းဆီးနေကြောင်း ပုသိမ် ဒေသခံများက ပြောသည်။ mizzima