သုံးခွမြို့နယ်၌ မိုင်တဲ တာဝါတိုင်ဖောက်ခွဲခံရ၍ လာစစ်သည့် စစ်ကောင်စီအဖွဲ့ မိုင်းထပ်ဆွဲခံရ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဆင်ခိုးကျေးရွာရှိ မိုင်တဲတာဝါတိုင် ပေါက်ကွဲမှုကို လာရောက် စစ်ဆေးသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သုံးခွမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် Thongwa Youth Force (T.Y.F) ၏ တာဝန်ရှိသူက ပြော သည်။
ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ တာဝါတိုင်ကို ကနဦး မိုင်းခွဲခဲ့ပြီး လာရောက် စစ်ဆေးသည့် စစ်တပ်ကို ထပ်မံ မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ မနက် ၆ နာရီခွဲမှာ ဖောက်ခွဲလိုက်တာပါ။ သုံးခွမြို့နယ် ဆင်ခိုးကျေးရွာက မိုင်တဲ တာဝါတိုင်ပါ။ ပဒေသာမိုင်း ခြောက်လုံးနဲ့ ခွဲလိုက်ပါတယ်။ အဲ့ဒီနောက် တာဝါတိုင် ဖောက်ခွဲခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး (စစ်သား) တွေ ထိခိုက်မှု ရှိပါတယ် ” ဟု T.Y.F တာဝန်ရှိသူက ပြောသည်။
မိုင်းခွဲမှုကြောင့် တာဝါတိုင် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးသော်လည်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိသည်ဟု ဆိုသည်။ “ကျွန်တော်တို့ တာဝါတိုင်ကို ဖောက်ခွဲတာက ခေါ်မိုင်းအနေနဲ့ ခွဲတာပါ။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာ လာမယ့် စစ်ကောင်စီ ယာဉ်တန်းကို အဓိကထား ခွဲဖို့ပါ။ သူတို့တွေ မိုင်းဆွဲခံလိုက်ရတော့ ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှ ပြန်ထွက်သွားကြတယ်။
ပြန်ထွက်သွားတဲ့ အခါတော့ ယာဉ်တန်းပုံစံနဲ့ မထွက်တော့ပဲ တစ်စီးစီ ခွဲပြီး ထွက်သွားကြတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ထိုနေရာမှ ဆင်ခိုးကျေးရွာဘက်သို့ ဆင်းသွားပြီး ပတုပ် ကျေးရွာနှင့် ဆင်ခိုးကျေးရွာ ရွာနှစ်ရွာ အဝင်အထွက်ကို ပိတ်ထားကာ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။
သုံးခွမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ Thongwa Youth Force (T.Y.F) သည် သုံးခွမြို့နယ်အတွင်း ယခုဖောက်ခွဲမှု အပါအဝင် မိုင် တဲတာဝါတိုင် သုံးတိုင်ကို မိုင်းခွဲ ဖျက်ဆီးထားသည်။ mizzima