စစ်ကောင်စီ နယ်စပ်တပ်စခန်းကို ကရင်နီ တပ် မတော် သိမ်းယူ၊ စစ်တပ်က လေယာဉ်ဖြင့် ပစ် ခတ်

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကရင်နီ အမျိုးသား တပ်မတော် KA က ဇန်နဝါရီ ၇ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း KNPP က ပြောသည်။KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ဒီနေ့ မနက်က‌တော့ ကျွန်တော်တို့ ဒီနန်းပန်ချောင်းနားမှာ ရှိနေတဲ့ သူတို့ရဲ့ စခန်းတစ်ခုကိုပေါ့။ စခန်းတစ်ခုကို ကျွန်တော်တို့ ဝင်ပြီးမှ သိမ်းတာပါ။ KA က သိမ်းတော့ ကျွန်တော်တို့ အဲဒီစခန်းကို သိမ်းလို့ရပါတယ်” ဟု ဇန်နဝါရီ ၇ ရက်က ပြောသည်။

တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ အဆိုပါ စခန်းကုန်းနှင့် KNPP ဌာနချုပ် ညာမိုစခန်းကို လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။“သိမ်းလို့ရပြီးတဲ့ အချိန်မှာမှ သူတို့ လေယာဉ်နဲ့ လာပြီးမှ ပစ်တာပါ။ လေယာဉ်နဲ့ ပစ်တယ် အဲဒီစခန်းကိုလည်း လာပစ်တာပေါ့နော်။ နောက်ပြီးမှ သူတို့က ကျွန်တော်တို့ရဲ့ ဒီညာမိုဘက်ကိုလည်း လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ သဘော။ ဒါပေမယ့်လည်း သူတို့ရဲ့ စခန်းကိုဘဲ ပြန်ပြီးမှ ထိတယ်ပေါ့။ အဲလိုမျိုး အခြေအနေပါ” ဟု ပြောသည်။

ကရင်နီ တပ်မတော် ဌာနချုပ်ရှိရာ နယ်မြေအတွင်း စစ်ကောင်စီက ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲမှ ဇန်နဝါရီ ၈ ရက် နံနက် ၃ နာရီအထိ ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ခုနှစ်ကြိမ်တိုင် လာရောက် ပစ်ခတ်ခဲ့ကြောင်း Karenni Army Center က ယနေ့ ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် ဂျက်တိုက်လေယာဉ် တစ်စင်းက ကင်းထောက်ပေးပြီး ကျန်ဂျက်လေယာဉ် တစ်စင်းက ဗုံးသီး နှစ်လုံးဖြင့် ကရင်နီ တပ်မတော်ရှိရာသို့ ပစ်ခတ်ခဲ့ပြီး နံနက် ၁၁ နာရီတွင် ဂျက်လေယာဉ်ဖြင့် ဗုံးသီးသုံးလုံး ကြဲခဲ့ကြောင်း၊ နေ့လယ် ၂ နာရီတွင် ဂျက်လေယာဉ် တစ်စီး ထပ်မံရောက်ရှိကာ ကင်းထောက်ခဲ့ပြီး နေ့လယ် ၃ နာရီတွင် ရဟတ်ယာဉ် နှစ်စင်း တပ်ကူအင်အားနှင့် ထောက်ပို့ လာချကြောင်း သိရသည်။

ယင်းအပြင် ည ၈ နာရီမှ ၁၁ နာရီထိ ဂျက်လေယာဉ်များ ခေါက်တုန့် ခေါက်ပြန် ဝဲကာ ကင်းထောက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက် နံနက် ၃ နာရီတွင်လည်း လေယာဉ်တစ်စင်း ထပ်မံ ကင်းထောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ယမန်နေ့ နံနက်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု များစွာရှိသည့်အပြင် လေးဦးကိုလည်း အရှင် ဖမ်းဆီးရမိထားသည်ဟု KNPP က ဆိုသည်။ဇန်နဝါရီလ ၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းကို KA က ဝင်ရောက် တိုက်ခိုက်သည့်နည်းတူ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ စုပေါင်းရုံးကိုလည်း KNDF ပူးပေါင်းတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကနေ ဒီရက် တစ်နေကုန်ကတော့ တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်း ဖြစ်သွားတယ်ပေါ့။ ဒီမနက် ၇ နာရီခွဲကနေ စပြီးတော့မှ ကျွန် တော်တို့ အဓိက နှစ်နေရာ သုံးနေရာပေါ့။ အဓိက နှစ်နေရာ။ ကျွန်တော်တို့ ခေါ်တာက ဘီလူးချောင်းဘေးမှာရှိတဲ့ စုပေါင်းရုံးပေါ့ ခရိုင်စုပေါင်းရုံးပေါ့နော်။ အသစ်ဆောက်ထားတဲ့ ခရိုင် စုပေါင်းရုံးမှာ တိုက်ပွဲဖြစ်တယ်၊ ပစ်ခတ်မှုဖြစ်တယ်။ နောက်ပြီးတော့မှ ပိုဖြစ်တာကတော့ မိုင်းလုံးပေါ့ မိုင်းလုံး ရပ်ကွက်ရယ် ကားလမ်းရဲ့ အောက်ဘက်ခြမ်း သူတို့ခေါ်တာက ငါးမြောင်းပေါ့၊ ဒီရေတွေ လယ်ယာ စိုက်ပျိုးရေး အတွက်သုံးတဲ့ မြောင်းရှိတယ်၊ ဆည်မြောင်း ပုံစံမျိုးပေါ့။ အဲဒီဘက်မှာ တိုက်ပွဲပိုဖြစ်တယ်” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက် ပျက်စီးမှု ရှိနေသည့် အပြင် လူသေဆုံးမှုများလည်း ရှိသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။“အထူးသဖြင့် ခုနက ကျွန်တော်ပြောတဲ့ မိုင်းလုံးရပ်ကွက်ထဲမှာ ကျတာများတယ်။ နောက်ပန်ကန်းဘက်မှာ ကျတာ များတယ်။ လောလောဆယ် အဲဒီနား တစ်ဂွင်မှာဘဲ ပြည်သူလူထုပေါ့နော။ မနေ့က ညကနေ ဒီမနက်အထိ အခု အချိန်အထိကတော့ ခြောက်ဦး ထိသွားပြီ၊ ဆုံးသွားတယ်ပေါ့။ မနေ့ညက စစ်ဘေးရှောင်တဲ့ ဒီငါးမြောင်းအောက်မှာ ရှိနေတဲ့ မိုင်းလုံး၊ ငါးမြောင်းအောက်မှာရှိနေတဲ့ လူထုတွေ တိုက်ပွဲဖြစ်တော့ ရွှေ့တဲ့အချိန်မှာ အပစ်ခံလိုက်ရတယ်။ အဲဒီမှာ တစ်ဦးသေတယ် တစ်ဦး ဒဏ်ရာရတယ်” ဟုပြောသည်။

ထို့အပြင် “နောက် အဲဒီညမှာ လက်နက်ကြီးက အိမ်ဘေးမှာကျတော့ အဖွား တစ်ယောက်က နှလုံး ဖောက်ပြီး ဆုံးသွားတယ်။ ဒီမနက်မှာ ဆုံးသွားတဲ့ အဖွားရဲ့ အိမ်မှာပဲ နောက်ထပ် လက်နက်ကြီး ထပ်ကျတော့ အိမ်ထောင်ဦးစီး လေးဆယ် ဝန်းကျင် အမျိုးသား တစ်ဦး ဆုံးသွားတယ်။ ပြီးတော့ သူ့ရဲ့ ကလေး ရယ်၊ သူ့ရဲ့ ဇနီးရယ် ဒဏ်ရာရတယ်။ ပြီးတော့ မိုင်းလုံးမှာ သံလမ်းဆိုတာ ရှိတယ်။ အဲဒီအောက်မှာက ရထားလမ်းဘေးမှာ အလောင်း သုံးလောင်းက ခုချိန်အထိ သွားမကောက်နိုင်သေးဘူး၊ ရှိနေတယ်။ အဲဒီတော့ အကုန်လုံးပေါင်း လောလောဆယ်တော့ လူ ခြောက် ဦး သေဆုံးသွားတာရှိတယ်” ဟု ဒေသခံက ဆက်ပြောသည်။

လက်ရှိ တောရော မြို့ပါမကျန် တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ကရင်နီပြည်နယ် တစ်ခုလုံးတွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။ကရင်နီပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် ပတ်သက်၍ KNPP အတွင်းရေးမှူး (၂) ဦးအောင် ဆန်းမြင့်က “အခုက ကရင်နီ တစ်ပြည်လုံး တိုက်ပွဲဖြစ်နေတယ်။ သုံးမိုင် ပန်ကန်းပေါ့နော်။ နောက် လွိုင်ကော် မြို့တွင်း အခုလိုမျိုး ကျွန်တော်တို့ ငါးမိုင် ခြောက်မိုင် အကုန် လုံးပေါ့။ နောက်ပြီး လွိုင်ကော် ရှားတောဂွင်ဘက် ဒေါပိုးစီဘက်ပေါ့နော်။ တစ်ပြည်လုံးလောက်ကို တိုက်ပွဲ ဖြစ်နေတယ်။ ဖြစ်တဲ့ နေရာတိုင်းမှာ သူတို့က လေယာဉ်တွေနဲ့ သုံးနေတယ်ပေါ့။ ဆိုတော့ တိုက်ပွဲတွေတော့ တော်တော် ဖြစ်နေတာပေါ့ ကရင်နီမှာတော့” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ပြည်နယ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို တိုင်းရင်းသား တော်လှန် ရေး အဖွဲ့အစည်းများက ၎င်းတို့ ပြည်နယ်အလိုက် ဝင်ရောက် တိုက်ခိုက်ကာ ပြန်လည် သိမ်းပိုက်ရယူခဲ့မှုများ ရှိနေသည်။ ကချင်ပြည်နယ်တွင် အလော့မ်ဘွမ် တပ်စခန်းကုန်းကို KIA က လည်းကောင်း၊ ကရင်ပြည်နယ်တွင် သော်လဲထာ တစ်ဖက်ကမ်းရှိ စခန်းကုန်းနှင့် အခြားစခန်းများကို KNU တပ်ဖွဲ့ကလည်းကောင်း၊ ယခု ထိုင်း-မြန်မာနယ်စပ် ကရင်နီပြည်နယ် နန်းပန်ချောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို KA က လည်းကောင်း ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်အာဏာသိမ်းသည့် နောက်ပိုင်း နိုင်ငံအနှံ့ စတင် ဖြစ်ပွားလာသည့် စစ်ပွဲများသည် ၂၀၂၂ ခုနှစ် ရောက်လာသည်အထိ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် KA၊ KNDF၊ ဒေသခံကာကွယ် ရေး PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေ သ ကဲ့သို့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်း ပြည် နယ်တို့တွင်လည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေသည်။ထို့အတူ တိုင်းဒေသကြီး တော်တော်များများတွင်လည်း NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေး တပ် PDF တို့နှင့် စစ်ကောင်းစီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ၎င်းတို့ နေ ရပ်ဒေသကို စွန့်ခွာကာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ထိုသို့ ထွက်ပြေးတိမ်းရှောင် ရသည့်အတွက် အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရပြီး အကူအညီများစွာ လိုအပ် နေသည်ဟု အ ကူ အညီ ပေးနေသူများ က ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s