လှည်းကူးမြို့ စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာ ရင်းအကြောင်းပြ၍ အဖမ်းအဆီးများပြန်လုပ်လာ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ဧည့်စားရင်းစစ်မည်ဟု အကြောင်းပြပြောဆိုကာ စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံး၍ လူငယ်များကို ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း မြို့ခံသတင်းအရင်းအမြစ်ထံမှ သိရသည်။ဇန်နဝါရီလ ၆ရက်နေ့မှ ၉ရက်နေ့အထိ မြို့နယ်အတွင်းရှိလူငယ် ကိုးဦးမှာ စစ်ကောင်စီတပ်ဖွဲ့၏ ညအချိန်ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြပြောဆိုကာ ဖမ်းဆီးခြင်းခံလိုက်ရသည်။
လှည်းကူးမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့နှင့် ဆက်စပ်မှုဖြင့် သံသယရှိ၍ မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် လူငယ်အချို့၏ အိမ်များကို ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်သွားခြင်းဖြစ်သည်ဟု အနီးရှိသတင်းရင်းမြစ်က ပြောသည်။စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရသူများမှာ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှ ကိုချိုလေးအောင်နှင့် ၄င်း၏ ညီဖြစ်သူတို့အပြင် ကိုလွှမ်းဝေယံဟိန်း၊ မကြည်သာချို၊ ကိုဥက္ကာထွန်း၊ စျေးကြီးရပ်ကွက်မှ ကိုကိုဝင်း၊ အောင်သုခ ၅လမ်းမှ ကိုအောင်စည်သူ၊ ကိုဆင်မ၊ မြို့မရပ်ကွက်မှ ကိုရှိုင်းဘိုဘိုတို့ ဖြစ်ကြသည်။
၄င်းတို့အနက် မကြည်သာချို၊ ကိုချိုလေးအောင်နှင့် ညီဖြစ်သူတို့ကို စစ်ကောင်စီက မေးမြန်းမှုများအပြီးတွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု အထက်ပါသတင်းရင်းမြစ်များကပြောသည်။အသက် ၂၅နှစ်နှင့်အသက် ၂၀အရွယ်ရှိသူ ကိုချိုလေးအောင်၊၄င်း၏ညီဖြစ်သူနှင့် အသက် ၁၉နှစ်အရွယ် မကြည်သာချိုတို့ကိုဇန်နဝါရီလ ၆ရက်နေ့ညနှင့် ဇန်နဝါရီလ ၈ရက်နေ့ညတို့တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ ၄င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၇ရက်နေ့တွင် အသက် ၁၉နှစ်အရွယ် ကိုလွှမ်းဝေယံဟိန်းကို ကျောင်းသားသမဂ္ဂနှင့် ဆက်စပ်မှုသံသယရှိသည်ဟုဆိုကာ ဖမ်းဆီးထားသည်။ဇန်နဝါရီလ ၈ရက်နေ့တွင် အသက် ၂၀အရွယ်ရှိ ကိုဥက္ကာထွန်း ဆိုသူကိုလည်း ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀နီးပါးဖြင့် ခေါ်ဆောင်ဖမ်းသွားခဲ့သည်။
ထိုနေ့မှာပင်အသက် ၂၀အရွယ် အောင်သုခ ၅လမ်းနေ ကိုအောင်စည်သူနှင့် ကိုကိုဝင်းကိုလည်း ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်သည်။ မည်သည့်သံသယနှင့် ဖမ်းထားကြောင်း မသိရသေးပေ။ဖမ်းဆီးခံထားသူရအချို့သည် မိသားစုဝင်များနှင့်အဆက်အ သွယ်ရရှိသော်လည်း အချို့မှာမူ အဆက်သွယ်မရရှိသေးဘဲ မည်သည့်နေရာတွင်ရှိနေသည်ကိုပင် မသိရှိရသေး၍ စိုးရိမ်နေရကြောင်း အဖမ်းခံထားရသူများ၏ မိသားစုဝင်အချို့ကပြောသည်။ mizzima