မတူပီမြို့နယ်၌ စစ်တပ်က ကလေး ၁ ဦး အ ပါအဝင် ဒေသခံများအား လမ်းပြအဖြစ် ဖမ်းဆီး သတ်ဖြတ်









ချင်းပြည်နယ်၊ မတူပီမြို့နယ် လှံလှောနှင့် ကီလှုန်းကြားတွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသူ ဒေသခံ ၁၀ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ “အဖမ်းခံရတဲ့ ရွာသားတွေကို သတ်လိုက်ပြီလို့ မြေပြင်မှာရှိတဲ့ ယုံကြည်ရတဲ့ သတင်းအရင်းမြစ် တွေဆီက သိရပါတယ်” မတူပီမြို့ခံ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ၁၀ဦးအနက် သုံးဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ပြီး ကျန်သူများလည်း အသတ်ခံရကြောင်း လုံလောက်သော အထောက်အ ထားများ တွေ့ရှိထားသော်လည်း ယနေ့ ဇန်နဝါရီ ၉ ရက်အထိ စစ်ရေး အခြေအနေအရ အလောင်း ရရှိခြင်း မရှိသေးကြောင်း ဆိုသည်။ မတူပီမြို့ပေါ် အခြေစိုက် စစ်ကောင်စီ ခမရ (၁၄၀) အထိုင်တပ်ရင်းမှ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် မတူပီ-ဟားခါး လမ်းမအတိုင်း ဇန်နဝါရီ ၅ ရက်မှ စတင် စစ်ကြောင်း ထိုးလာကာ ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းတွင် တောတွင်း၌ စစ်ရှောင်နေသည့် ဒေသခံ ကိုးဦးကို ဖမ်းဆီးပြီး လမ်းပြစေခဲ့ခြင်း ဖြစ်သည်။
“အခု အသတ်ခံရတဲ့ထဲမှာ အသက် (၁၃) နှစ်အရွယ် လာနန်း ပါတယ်။ စစ်တပ်က အခု ကားလမ်းအတိုင်း မသွားတော့ပဲ တောလမ်း ဖြတ် လမ်း ကို သွားတဲ့အခါမှာ ရွာမှာတွေ့တဲ့ ကလေးတွေကို ဖမ်းခေါ်တော့တာပဲ။ ကလေးတွေကလည်း ကြောက်လို့ လိုက်ပို့ကြတယ်။ ပြီးတော့ ကလေး လူကြီးပါမကျန် သတ်ပစ်ခဲ့ကြတယ်”ဟု မြေပြင်ရှိ သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။ အသတ်ခံရသည်ဟု ယုံကြည်ရသူ များမှာ ဆလိုင်းသွီဒင်း (Salai Tui Dim)၊ ဆလိုင်း ဗန်ထူး (Salai Van Htoo)၊ ဆလိုင်း စတီဗင် (Salai Steven)၊ ဆလိုင်း လားရင်းလ် (Salai La Ring)၊ ဆလိုင်း လာနန်း (Salai La Nang)၊ ဆလိုင်းတင်စန်း (Salai Tin San)၊ ဆလိုင်း ဖူးပါးဆာလိ (Salai Phupa Sali)၊ ဆလိုင်းလျန်ငိုင် (Salai Lian Ngai)၊ ယေဇအောင် (Salai Ze Caet Aung) ဆလိုင်းထတ်လုံး (Salia Thak Lung) တို့ဖြစ်ကြောင်း သိရသည်။
အသတ်ခံရသော သူများတွင် ပါဝင်သည့် ဆလိုင်းသွီးဒင်းသည် ဒေသအခြေစိုက် ခေါ်နူးထုန် သတင်းဌာနတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မတူပီ – ဟာခါးလမ်း တစ်လျှောက် ယမန်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကီလှုန်း၊ ကစဲ၊ ဘွေထီယားရွာ ဒေသခံများ စစ်ဘေးရှောင် နေရကြောင်း ပြောသည်။
လက်ရှိတွင် ငလိုင်နှင့် လုံလှော်ရွာအား ချင်းကာကွယ်ရေးတပ်များ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ် ထယ်ဘွေ့ စစ်စခန်းအား ချင်းကာကွယ် ရေးတပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ထားကြောင်း ဆိုသည်။ မတူပီမြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းရန် မင်းတပ်ဘက်မှ စစ်ကားအစီး ၉၀ ခန့် ထွက်ခွာလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ mizzima