စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၂ အတွက် ကားတင်သွင်းခွင့်မူဝါဒကြောင့် ကားအရောင်းစင်တာတွေ ပိတ်ရမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ ကားအရောင်းစင်တာဖွင့်လှစ် ကားရောင်းချသူတွေက ပြောပါတယ်။
စစ်ကောင်စီက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက် ရှိနေတာကြောင့် ကားပါမစ် (ပြည်ပမှ ကားအသစ်တင်သွင်းခွင့်) တွေကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကတည်းက ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် ကားတင်သွင့်ခွင့်မူဝါဒ ထွက်ရှိလာတဲ့အခါမှာလည်း ကားသစ်တင်သွင်းခွင့်ကို ကားအရောင်းစင်တာတွေကို ချန်လှပ်ထားပါတယ်။
ဒီမူဝါဒကြောင့် ကားအရောင်းစင်တာအများစုက ရပ်တည်ဖို့တောင် ခက်ခဲနေတဲ့အကြောင်း ကားအရောင်းစင်တာ လုပ်ငန်းရှင်တဦးက “သူက ၂ မျိုး ရှိတယ်ဗျ။ brand new car showroom (ကားအရောင်းပြခန်း) နဲ့ အရောင်းစင်တာ ကမတူဘူး။ လုပ်ငန်းလိုင်စင်အမျိုးအစားလည်း မတူးဘူးနော်။ showroom တွေက အသစ်ကိုပေးတဲ့ dealer လိုင်စင်ယူထားတဲ့ သူတွေ။ သူတို့က အရေအတွက် နည်းတယ်။ Toyota တို့ ဘာတို့ပေါ့ဗျာ။ သူတို့ကိုတော့ အသစ်တင်သွင်းခွင့် ပြန်ပေးထားပါတယ်။ ပေးတယ်ဆိုတာကလည်း အရေအတွက်တော့ ကန့်သတ်ထားတယ်။ အရင်တုန်းက အစီး ၂၀၀ ပေးရင် အခုက တခါပေးရင် အစီး ၂၀ နဲ့ နောက်ထက်ရဖို့အတွက် ထပ်စောင့်ဖို့ကလည်း ဘယ်လောက်အထိ စောင့်ရမလဲ မသိဘူး။ ဆိုတော့ ကားအရောင်းပြခန်းသမားတွေက နည်းနည်းတော်သေးတယ်။ ကားအရောင်းစင်တာတွေကတော့ ပိတ်ရမလို ဖြစ်နေပြီ။ ဘာလို့လဲဆို အရောင်းစင်တာတွေကိုတော့ လုံးဝမပေးဘူး။ ဇီးရိုးပဲ။ လုံးဝမပေးတဲ့အတွက် သူတို့တွေက ရပ်တည်ဖို့ ခက်လာပြီး အများစုက ပိတ်ရမလို ဖြစ်နေရပြီ” လို့ ပြောပါတယ်။
ဒီအကျိုးဆက်ကြောင့် ရန်ကုန်ကားဝယ်ရောင်းစျေးကွက်မှာ ကားသစ်တွေရဲ့စျေးနှုန်းက တက်သွားခဲ့ပြီး အရောင်း အဝယ်ကတော့ အေးသွားပါတယ်။
ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်ပြီး ကားသစ်ရောင်းချနေတဲ့ car showroom ပိုင်ရှင်တဦးက “သူတို့ရဲ့မူဝါဒကတော့ ပြည်တွင်းထုတ်လုပ်မှုကို အားပေးတာပေါ့နော်။ ဒါကြောင့် MIC ခွင့်ပြုချက်နဲ့ SKD ထုတ်ကားတွေကို မပိတ်ထားဘူး။ ပြီးတော့ brand new ကားစျေးကွက်မှာတော့ SKD က ၈၀ ရာခိုင်နှုန်းလောက် ရှိတာကြောင့် စျေးကွက် အပေါ်မှာ အများကြီးတော့ ရိုက်ခတ်မှု မရှိနိုင်ပေမယ့် ကားအရောင်းစင်တာတို့၊ အရောင်းပြခန်းထောင်ထားတဲ့ သူတွေကတော့ လုပ်ရကိုင်ရတာ ခက်ခဲကျပ်တည်းသွားတာပေါ့” လို့ ပြောပါတယ်။
လက်ရှိပြည်တွင်းမှာ ဒေါ်လာဈေးတက်နာနဲ့အတူ ကားဈေးကွက်မှာ SKD ကားတွေ စျေးတက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်္ဘောတင်ခတွေလည်း ၄ ဆ၊ ၅ဆ တက်သွားတဲ့အတွက်ကြောင့် ပြည်ပကသွင်းတဲ့ ကားတွေလည်း စျေးတွေကတက်သွားကာ အရောင်းအဝယ်တွေ အေးနေတယ်လို့ သိရပါတယ်။ DVB
Like this:
Like Loading...