နေအိမ်မီးရှို့သည့် စစ်သားနှင့် ပျူစောထီးများ မိုင်းမိ၊ ၃ ဦး ဒဏ်ရာရဟုဆို


စစ်ကိုင်းတိုင်း၊ ကနီမြို့တောင်ဘက် အလယ်ကျွန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစေထီးများ ရွာအပြင်ထွက်ရာက မိုင်းမိ၍ သုံးဦးခန့် ထိခိုက်ခဲ့ကြောင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ကနီမြို့နှင့် ၅ ဖာလုံခန့်အကွာ အလယ်ကျွန်း ရွာပြင် တစ်နေရာတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား ၂၀ ခန့်မိုင်းမိခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ကနီနယ်မှာ အလယ်ကျွန်းရွာကတော့ ပျူတွေ အများစုရှိတယ်၊ စစ်ကောင်စီ တပ်တွေကလည်း အဲ့ဒီရွာမှာ တပ်စွဲလေ့ရှိတယ်၊ ပြီးရင် အနီးအနားက ရွာတွေမှာ လိုက်သောင်းကျန်းတယ်၊ ကောက်ပဲသီးနှံတွေ သိမ်းတယ်၊ နေအိမ်တွေ မီးရှို့တယ်၊ ဒါကြောင့် ကျွန်တော်တို့က မိုင်းခွဲတိုက်ခိုက်လိုက်တာပါ” ဟု Kani People’s Defence Force – KLG ပြန်ကြားရေး တာဝန်ခံက ပြောသည်။
KLG မှ ထုတ်ပြန်ထားသော မိုင်းထိသည့် ပုံတွင် ရဲဟုရေးထားသည့် ဘက်ထရီ အသေးတစ်ခု၊ ဘောင်းဘီရှည် တစ်ထည်နှင့် သွေးကွက်များ တွေ့ရသည်။ စစ်ကောင်စီတပ်များနှင့် ပျူစောထီးအဖွဲ့များသည် အလယ်ကျွန်းကျေးရွာ အနီးရှိ ငါးဖျက်တောတိုက်ရှိ ပြည်သူတစ်ဦး၏ နေအိမ် နွားတင်းကုတ်နှင့် မီးဖိုချောင်အား ဒီကနေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မီးရှို့ခံရသည့် နေအိမ်နှင့် အခြား အဆောက်အဦသည် လုံးဝြ ပာကျသွားသည်ကို တွေ့ရသည်။ဒေသတွင်း စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ စခန်းချရာ အနီးရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူများ မနေရဲကြဘဲ ဘေးလွတ်ရာ တိမ်းရှောင် နေကြရသည်။ mizzima