CDM စစ်သားများ ပူးပေါင်းဆောင်ရွက်၍ စစ်သင်တန်း ပိုမိုစနစ်ကျလာဟု KLG ပြော


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ (KLG) ၏ အပတ်စဉ် (၄) စစ်သင်တန်း ဆင်းပွဲ ပြုလုပ်ကြောင်း သိရသည်။ သင် တန်းဆင်းပွဲအား KLG နယ်မြေစိုးမိုးရာ ကနီနယ်ဒေသ တစ်နေရာတွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခြင်း ဖြစ်သည်။ “ဒီတစ်ခေါက်တော့ နေရာနဲ့ ရိက္ခာ အကန့်အသတ်ကြောင့် တပ်ခွဲတစ်ခုစာ သင်တန်းပေးဖြစ်တာပါ၊ သင်တန်းတွေကတော့ ပိုပြီး စနစ်ကျလာပါတယ်၊ ဘာကြောင့်လည်းဆိုတော့ CDM စစ်သားတွေက ဦးဆောင်ပြီး သေချာ လေ့ကျင့်သင်ကြား ပေးထားလို့ ဖြစ်ပါတယ်” ဟု KLG ပြန်ကြားရေး တာဝန်ခံက ပြောသည်။
သင်တန်း တက်ရောက်ရန် အသက် (၁၈) နှစ်ပြည့်ပြီးရန် လိုအပ်ပြီး သင်တန်းတွင် စစ်နည်းဗျူဟာများအား အချိန်ဇယားနှင့် စနစ်တကျ သင် ကြားပေးကြောင်း ၎င်းကပြောသည်။ KLG မှ ထုတ်ပြန်ထားသော ရုပ်သံဖိုင်များတွင် သင်တန်းဆင်းပွဲ အခန်းအနား စစ်ချီတေးနှင့် ချီတက် စစ်ရေးပြ နေသည်ကို တွေ့ရပြီး နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအား အလေးပြု သစ္စာဆိုသည်ကိုလည်း တွေ့ရသည်။အခန်းအနားတွင် ‘တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့တက္ကသိုလ်’ ဆိုသည့် PDF အလံတော်အောက်မှ ဆိုင်းပုဒ်နှင့်အတူ တော်လှန်ကြယ်နီ စာကြည့် တိုက် ဆောက်လုပ်ထားသည်ကိုလည်း တွေ့ရသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ ကနီနယ်သည် နွေဦးတော်လှန်ရေး မြေပြန့်စစ်မျက်နှာ စဖွင့်ရာ ဒေသဟု ဆိုနိုင်ပြီး ယခုအချိန်တွင် စစ်သင်တန်းများအား ဒေသခံ PDF များ နယ်မြေစိုးမိုးရာ ဒေသများတွင် ပေါ်ပေါ်ထင်ထင်ပင် ပြုလုပ်လျက်ရှိသည်။ ဒေသခံ တောင်သူလယ်သမား အချို့သည် ၎င်းတို့ သားသမီးများအား စစ်သင်တန်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် အပ်နှံကြသကဲ့သို့ ၎င်းတို့တွင်ရှိသည့် ရိက္ခာများကိုလည်း PDF အဖွဲ့များထံ လာရောက် ပေးလှူကြသည်ဟု ကနီနယ်မှ PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။ mizzima