Monthly Archives: Jan 2022

ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာရှိ မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာရှိ မိုင်တဲ တာဝါတိုင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် အစော ပိုင်းတွင် ဖောက်ခွဲ ဖျက်ဆီး ခံလိုက်ရကြောင်း အဆိုပါ ကျေးရွာနေ ဒေသခံများထံက သိရသည်။

“ပေါက်ကွဲသံက တော်တော် ကြမ်းပါတယ်။ မနက် ၁ နာရီလောက် အချိန်မှာ ဖြစ်ပွားတာပါ။ မနက်လင်း ထွက်ကြည့်တော့ မိုင်တဲ တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရတာ ဖြစ်တယ်”ဟု အဆိုပါ ဒေသခံက ပြော သည်။ ဖောက်ခွဲမှုကြောင့် ပျက်စီးမှု အသေးစိတ်ကိုမူ လက်ရှိတွင် မသိရှိရသေးပေ။ ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ လာရောက် လုပ်ဆောင် သွားကြောင်း ဒေသခံ ရွာသားများထံက သိရသည်။ mizzima

ဝက်လက်မြို့နယ်တွင် မိုင်းဆွဲခံရမှုကြောင့် သေ ဆုံးသွားသော ပျူစောထီးအလောင်း ၇ လောင်း လာကောက်သည့် စစ်တပ် မိုင်းဆွဲခံရပြီး စစ်သား ၄ ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်တွင် မိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားသော ပျူစောထီး ၇ ဦး၏ အလောင်းကို စစ်တပ်က လာကောက်စဉ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်များထပ်မံ မိုင်းဆွဲခံရ၍ ၄ ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

သေဆုံးသူပျူစောထီး ၇ ဦးမှာ အမျိုးသား၅ဦးနှင့်အမျိုးသမီးနှစ်ဦးတို့ပါဝင်ပြီး အနီးအနားရှိကျေးရွာများတွင်သောင်းကျန်းနေသော ပျူစောထီးအဖွဲ့များဖြစ်ကာ စစ်တပ်ကိုရိက္ခာပို့ဆောင်နေစဉ်ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ သမ္မရိုးတံ တားပေါ်တွင် ပျူစောထီး၇ဦးအလောင်းလာကောက်သည့် စစ်ကောင်စီတပ်သားများ အပြန် အရာတော်မြို့နယ် ဇရစ်ကျေးရွာနှင့် မြေနက်ကျေး ရွာကြားတွင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁နှင့် မဟာမိတ် ဗိုလ်ယက္ခတို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား၄ဦးသေဆုံးကြောင်း ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီ တပ်က လာကောက်စဥ် သမ္မာရိုး တံတားပေါ်၌ အကြောင်းမဲ့ လက်နက်ကြီးဖြင့် သမ္မာရိုးရွာအတွင်းသို့ လေးကြိမ်တိုင် ရမ်းသမ်းပစ်ခက်ရာ အပြစ်မဲ့ ပြည်သူ နှစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ထို့အပြင် ပြည်သူတစ်ဦး၏ နွားတစ်ကောင်ကို သေနက်ဖြင့် ပစ်သက်ခဲ့ကြောင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( တပ်ရင် – ၁ )နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ သမ္မာရိုးရွာအဝင်တွင် ၁နာရီခန့်အကြာ အပြန်အလှန်ပစ်ခက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် ၅ စီး၊ FAWကားတစ်စီးဖြင့် ယနေ့(ဇန်နဝါရီ ၁၁ ရက်) ညနေ ၄နာရီခန့်အချိန်တွင် ပျူစောထီးအလောင်းများကောက်ယူပြီးအပြန် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာ နှင့် မြေနက်ကျေးရွာ အကြားတွင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင် – ၁ )နှင့် မဟာမိတ် အဖွဲ့ဖြစ်သော ဗိုလ်ယက္ခအဖွဲ့မှ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦး သေဆုံးကြောင်း သိရှိရသည်။ khit thit

မင်းတပ်- မတူပီလမ်းတွင် စစ်ယာဉ်တန်း တိုက် ခိုက်ခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့သို့ လာသည့် စစ်ယာဉ်တန်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)( CDF-Mindat) အဖွဲ့က ချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

မင်းတပ်-မတူပီ လမ်းမကြီးပေါ်ရှိ မိုင်တိုင် ၄၂ တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိုင်တိုင် ၄၅ တွင်လည်း CDF-Mindat အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။

သံချပ်ကာ ကားနှစ်စီး အပါအဝင် အစီးရေ ၉၀ ကျော်ပါသည့် စစ်ယာဉ်တန်းသည် ဝေဟင်မှ ရဟတ်ယာဉ် အစောင့်အရှောက်ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် မင်းတပ်မှ မတူပီသို့ စတင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ယနေ့သုံးရက်မြောက်နေ့တွင် ချုံခို တိုက်ခိုက်ခံရခြင်း ဖြစ် သည်။ mizzima

ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ဖမ်းဆီးခံရ၊ ဆက်နွှယ်သူများကို ထောင်ဖမ်းရန် စစ်ကောင်စီက စုံစမ်းနေ

ရန်ကုန်တိုင်းမှာ လှုပ်ရှားနေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တချို့ လွန်ခဲ့တဲ့ ၂ ရက်က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့  ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဒါပေမဲ့ အဖမ်းခံထားရတဲ့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လွတ်မြောက်နေတဲ့ပုံစံ ဖန်တီးပြီး သူတို့နဲ့ဆက်စပ်ပတ်သက်နေသူတွေကို စစ်ကောင်စီက စုံစမ်းမှုတွေလုပ်နေတယ်လို့လည်းဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဘယ်အဖွဲ့အစည်းက ဘယ်သူတွေ  ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုခြင်းမရှိပါဘူး။

အဖမ်းခံလိုက်ရတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ အခုချိန်ထိ အဆက်အသွယ်ရနေသေးပေမယ့် မူမမှန်တဲ့ ဆက်သွယ်မှုတွေလုပ်လာတာကြောင့် ရန်ကုန်တိုင်း စစ်ဒေသကွက်ကဲရေးအဖွဲ့အနေနဲ့ သတိထားစောင့်ကြည့်ဆက်ဆံမှုတွေတော့ ဆက်လက်လုပ်ဆောင်နေပြီး တော်လှန် ရေးရဲဘော်တွေ အနေနဲ့ မူမမှန်တဲ့ ဆက်သွယ်မှုတွေလုပ်လာရင် သတိထားကြဖို့ ဆော်ဩထားပါတယ်။

အရင်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြောက်ကျားတော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးပြီး လွတ်မြောက်နေသေးတဲ့ပုံစံ ဖန်တီးကာ ကျန်တော်လှန်ရေး ရဲဘော်တွေနဲ့ အချိတ်အဆက်တွေရအောင် လုပ်ဆောင်ကာ ထောင်ဖမ်းဆီးခဲ့တဲ့ အတွေ့ကြုံတွေရှိခဲ့တာကြောင့် သတိထားပြီးအဆက်သွယ်ကွန်ရက်တွေ ဖြတ်တောက်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ ပျံလွှားအောင်စစ်ဆင်ရေးလို့ အမည်ပေးပြီး စစ်ကောင်စီရဲ့ ယန္တရားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၃ ခုပေါင်းထားပြီး ဟံသာဝတီခရိုင်လို့သတ်မှတ်ထားတဲ့ အဲဒီ ပျံလွှားအောင်စစ်ဆင်ရေးကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ DVB

လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး အရှင် ဖမ်းမိ၊ ၅ ဦးသေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၌ ယနေ့ ဇန်နဝါရီလ ၁၁ရက်က ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ သုံးဦး အ ရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) က သတင်း ထုတ်ပြန်သည်။ လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်တို့၌ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်မှ စတင်ပြီး ညနေ ၇ နာရီအတွင်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် မြို့တွင်း ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

“မိုင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အရှင် ဖမ်းမိတာပါ။ ဒေသတွင်း တပ်ဖွဲ့တွေက ဝိုင်းလိုက်တော့ ပြေးပေါက်မရှိလို့ လက်နက်ချတဲ့ ပုံစံမျိူးပေါ့။ လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်း ရမိတယ်လို့ ရှေ့တန်းက ပြောတာ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) (DMO-PDF) တပ်ရင်း ( B ) တပ်ဖွဲ့၀င် တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ မိုင်းလုံးရပ်ကွက် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့က အရှင် ဖမ်း ဆီး ရမိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို )(DMO-PDF)၊ လွိုင်ကော် (PDF) ၊ KNDF၊ ကရင်နီတပ်မတော် (KA) နှင့် အခြားသော တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြို့အကျဥ်းထောင်ဘေး ပတ်လည်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာ ကွယ်ရေးတပ် (ဒီးမော့ဆို) ၊ KDF၊ GZ 21 တပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့ သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမြောက်အမြား ရှိခဲ့သည်ဟု ဆိုသည်။

” ဒီမနက် ၁၀ နာရီ ဒေါဥခူ တိုက်ပွဲမှာ စစ်တပ်ဘက်က အရမ်းပစ်နေတော့ ကျွန်တော်တို့လည်း ပင်ပန်းနေတော့ နေ့လယ် ၃ နာရီ ခွဲမှာ တပ်ဆုတ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ KNDF တပ်ဖွဲ့က တိုက်ဖို့ အစားထိုး ၀င်ခဲ့တယ်” ဟု DMO- PDF တပ်ရင်း( A ) ဒုတပ်ရင်းမှူးက မဇ္ဈိမကိုပြော သည်။ လွိုင်ကော်မြို့ တိုက်ပွဲ နှစ်ရက်တာအတွင်း DMO-PDF ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လည်း ထုတ်ပြန်ထားသည်။ ထို့ အတူ စစ်ကောင်စီ တပ်စခန်း ချထားသော နေရာအနီးရှိ ပြည်သူပိုင် အိုးအိမ် နှစ်လုံးလည်း မီးလောင် ပျက်စီးခဲ့သည်ဟု ဆိုထားသည်။ mizzima

အင်းလေး PDF ဖွဲ့စည်း၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ခိုက်မည်

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)ကို ဇန်နဝါရီ ၁၀ ရက်က ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ နည်းလမ်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်သွားမယ်လို့ ကြေညာပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်နေတဲ့ ရည်ရွယ်ချက်တူတဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို မဟာမိတ်ပြု ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမျိုးဘာသာပေါင်းစုံ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့၊ ပြည်သူလူထုမှ အမှန်တကယ်လို လားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး မရမချင်း တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

တချိန်တည်းမှာပဲ  အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ရဲ့ ဦးဆောင်လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူတွေ ကိုလည်း ကူညီစောင့်ရှောက်ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တေ ာရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၄၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၁၁,၄၈၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အ ကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။ DVB

စစ်တပ်က လေကြောင်းမှ ပစ်ခတ်၍ လွိုင်ကော်ရှိဘုရားရှိခိုးကျောင်းနှင့် မြို့တွင်းနေအိမ်တချို့ ပျက်စီး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်တပ်က ယနေ့ ဇန်နဝါရီလ ၁၁ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် လေကြောင်း ထိုးစစ်ဆင် ပစ်ခတ်မှုကြောင့် ဒေါဥခူရပ်ကွက်ရှိ စနေ အသင်းတော် ဘုရားရှိခိုးကျောင်း အပါအ၀င် လွိုင်ကော်မြို့တွင်း နေအိမ်တချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

“ဘုရားရှိခိုးကျောင်း မီးလောင်တာ သူတို့ဗုံးကြဲလို့ လောင်တာ မြင်နေရတယ်။ အဲ့ဒီ တစ်ချိန်ထဲမှာပဲ စစ်တပ်ထောက်ခံတဲ့ သူတွေထဲက တခြား အိမ်ထဲက ပစ္စည်းတွေ လိုက်ခိုးနေတာလည်း တွေ့နေရတယ်။ အခုအချိန်ထိ ဒေါဥခူမှာလည်း သေနတ်ဖောက်သံတွေ ဆက်တိုက်ကြားနေရတယ် ” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၆ နာရီခွဲကျော်တွင် မဇ္ဈိမကို ပြောသည်။ ဒေသခံ ပြည်သူ့တပ်များနှင့် အကြမ်းဖက် စစ်တပ်တို့ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် ယနေ့ တစ်နေကုန် နီးပါး တိုက်ပွဲပြင်းထန် နေခဲ့သည်။

စစ်တပ်က လေကြောင်းဖြင့် မြို့ပေါ်သို့ ဗုံးကြဲ ပစ်ခတ်ပြီးသည့်နောက် ပြန်လှည့်သွားကြောင်း Loikaw-GZ အဖွဲ့၀င်တစ်ဦးက မဇ္ဈိမကို ပြော သည်။ “ခုနက လေယာဉ် နှစ်စီးနဲ့ အပေါ်ကနေ ဗုံးကြဲပစ်သွားတာ။ အိမ်တချို့လည်း မီးလောင်နေတယ်။ အခုလော‌လောဆယ် တိုက်ပွဲက ဖြစ်နေတုန်းပဲ ” ဟု ၎င်းက ပြောသည်။

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ပြီး မိုင်းလုံး ရပ်ကွက်တွင်မူ နေ့လယ် ၂ နာရီမှ စတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဒေါဥခူရပ်ကွက် တိုက်ပွဲတွင် ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း ခန့်မှန်းရပြီး စစ်တပ်က အပြင်းအထန် စစ်ကြောင်းထိုး၍ တရစပ် ပစ်ခတ်နေခြင်း ကြောင့် နေ့လယ် ၃ နာရီ ၃၀ မိနစ် တွင် တခြားဒေသတွင်း တပ်ဖွဲ့နှင့် အစားထိုးကာ တပ်ဆုတ် လာခဲ့ရကြောင်း မြေပြင်တွင် ပါ၀င်နေသည့် DMO PDF တပ်ရင်း ( A ) ဒုတပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲတွင် ဒေသပြည်သူ့တပ်ဖွဲ့များဖြစ်သည့် KNDF ၊ KDF၊ DMO – PDF တပ်ရင်း (A) တပ်ရင်း ( F)၊ KGZ- 21 PDF၊ GZ-21 (loikaw)၊ KA၊ Medic unit(Demoso) ၊ MbPDF၊ Loikaw PDF၊ PPDF ၊ KPDF နှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ mizzima

Mytel Business Plan ကတ်များဈေးတက်

ဖုန်းဆင်းမ်ကတ် စတင်အသုံးပြုမှုအတွက် ငွေကျပ် ၂ သောင်း အခွန်ကောက်ဖို့နဲ့ ဖုန်းဒေတာတွေ ဝယ်ယူတာကနေ အခွန်ကောက်မယ်လို့ စစ်ကောင်စီက ကြေညာပြီးတဲ့နောက်  စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ Mytel Business Plan ကတ်တွေ ဈေးတက်သလို ရောင်းအားလည်း မြင့်တက်သွားပါတယ်။

“အရင်က တလစာပါပြီးသားတကတ်ကို ၃ သောင်းလောက်ပဲ ရှိတာ။ အခုက ၄ သောင်းကျော်အထိ တက်သွားတယ်။ သူက ပလန်ကတ်တွေဆိုတော့ အချိန်မရွေး ပလန်ပျက်သွားနိုင်တယ်ဆိုပေမဲ့ တလလုံး ကြိုက်သလောက်သုံးလို့ရတာနဲ့ဆို တန်တယ်လေ။ ကျနော့်မှာ ဟိုတရက်က တကတ်ကို သုံးသောင်းခွဲနဲ့ အကုန်ရောင်းပစ်လိုက်ပြီး အခု ပြန်ရောင်းစရာ မရှိတော့ဘူး။ ဆိုင်တွေက တကတ်ကို ၄၅၀၀၀ နဲ့ ရောင်းနေကြပြီ” လို့ ဆင်းမ်ကတ်လက်လီရောင်းသူ တယောက်က ပြောပါတယ်။

Mytel Business Plan ကတ်တွေဟာ တချို့မြို့နယ်တွေမှာ VPN မလိုဘဲ ဖေ့စ်ဘွတ်ခ် စတာတွေကို သုံးစွဲနိုင်ပြီး အဲဒီမြို့နယ်တွေမှာ ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဗာ၊ ယူကျုနဲ့ ဂူးဂယ်လ်ကို ဒေတာ အကန့်အသတ်မရှိသုံးနိုင်သလို တလမှာ 30 GB ရသေးတာပါ။

“တလကို တသောင်းခွဲဆိုရင် ဖုန်းပြောဖို့ မိနစ် ၄၀၀ ရတယ်။ အင်တာနက်အတွက် 30 GB ရတယ်ဆိုတော့ သုံးနေကြတာပေါ့။ အဓိကကတော့ အင်တာနက် များများသုံးရတဲ့သူတွေနဲ့ ဝိုင်ဖိုင်မရတဲ့နေရာတွေက သုံးကြတယ်။ ဒါက ပလန်ကတ်ဆိုတော့ တခြားကတ်တွေလို ထုတ်ထားတာလည်း မဟုတ်တော့ ခု ဈေးကွက်ထဲမှာ လိုသလောက်မရဘူး” လို့ အရောင်းအဝယ်လုပ်သူတယောက်က ပြောပါတယ်။

ဖုန်းဒေတာဝယ်ယူတာကနေ အခွန်ကောက်ဖို့နဲ့ ဖုန်းကတ်စတင်အသုံးပြုဖို့ ငွေကျပ် ၂ သောင်းစီ ကုန်သွယ်ခွန်ကောက်ဖို့ စစ်ကောင်စီက ပြင်ဆင်ထားပြီး လက်ရှိရောင်းနေတဲ့ကတ်တွေဟာ စတင်အသုံးပြုပြီးသားဖြစ်လို့ ငွေ ၂ သောင်း ကုန်ကျမှာ မဟုတ်ပေမဲ့ လာမယ့်တပတ်လောက်မှာ ဖုန်းကတ်တွေ ဈေးတက်နိုင်တယ်လို့လည်း ဖုန်းကတ်ရောင်းဝယ်သူ တယောက်က ပြောပါတယ်။

တခြားအော်ပရေတာတွေဖြစ်တဲ့ အော်ရီဒူး၊ တယ်လီနောတို့ကတော့ လက်ရှိအချိန်အထိ ဒေတာတွေကို အရင်ဈေးနှုန်းနဲ့ ဝယ်ယူနေနိုင်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ လက ဖုန်းဒေတာတွေကို ဈေး ၂ ဆအထိမြှင့်ဖို့ စစ်ကောင်စီက စေခိုင်းခဲ့ပေမဲ့ Mytel ကတော့ ဒေတာတွေကို ပေါပေါများများပေးနေသေးတာပါ။ တခြားအော်ပရေတာတွေမှာ ငွေကျပ် ၂၀၀၀ နဲ့မှ ၁ GB ပဲ ရပေမဲ့ ပရိုမိုးရှင်းရထားတဲ့ Mytel ကတ်တွေမှာ ငွေ ၁၀၀၀ ကျပ်နဲ့ ၃ GB ရတယ်လို့ သုံးစွဲသူတယောက်က ပြောပါတယ်။

“MyID ဆိုတဲ့ အက်ပလီကေးရှင်းကနေ ငွေဖြည့်ရင် ၃၀၀ MB ရတယ်။ ဒေတာတွေ၊ ဖုန်းပြောမိနစ်တွေနဲ့ ပြန်လဲလို့ ရတဲ့ အမှတ်တွေလည်း ရတယ်။ ပြီးတော့ MyID ကနေ ဒေတာဝယ်ရင် အပိုက နောက်တဆလောက်ရတယ်။ အမှတ်တွေလည်းရတယ်။ နောက်ထပ် ဂိမ်းဆော့လို့ရသေးတယ်။ သူကလည်း ဒေတာတွေထပ်ရတယ်။ အဲဒီဂိမ်းက နေ့တိုင်း ၃ ကြိမ် ဖရီးဆော့လို့ရတယ်။ ငွေ ၁၀၀၀ ဆိုရင် ၂၀၀၀ MB လောက်ရတဲ့သဘောပဲ” လို့ ရှင်းပြပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင် ကန့်ကွက်ပြီး စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ထုတ်ကုန်တွေ မသုံးဖို့ တိုက်တွန်းနှိုးဆော်နေကြပေမဲ့ ငွေကြေးအရ ပိုပြီးသက်သာတဲ့ Myte; ဆင်းမ်တွေကို သုံးစွဲနေကြရတယ်လို့လည်း သုံးစွဲသူတယောက်က ပြောပါတယ်။

Mytelမသုံးသူတယောက်ကတော့ “အများအားဖြင့်ကတော့ Mytelကို မသုံးကြပါဘူး။ အဲလိုလူတွေကတော့ အင်တာနက်သုံးတာ လျှော့လိုက်ကြရတာပေါ့။ ဈေးတွေ တက်ကတည်းကလေ။ သူတို့(စစ်ကောင်စီ) က သတင်းစီးဆင်းတာကို ဖြတ်တောက်ချင်တာ။ နောက်ဆို ဖုန်းပြောခတွေပါ ဈေးတက်မလား မသိဘူး။ ဝိုင်ဖိုင်တွေကတော့ အခုထိ ဈေးတက်မယ်လို့ မပြောသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဖုန်းဆင်းမ်ကတ်တွေ၊ မိုဘိုင်းဒေတာ ဝန်ဆောင်မှုတွေအတွက် အခွန်တိုးကောက်မယ်လို့ ကြေညာပြီးနောက်မှာ တယ်လီနောမြန်မာကလည်း သုံးစွဲသူတွေကို စျေးနှုန်းတွေ တိုးမြှင့်သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။ 

စစ်ကောင်စီဟာ ဆင်းမ်ကတ်အသစ်တွေအတွက် ကုန်သွယ်အခွန် ကျပ် ၂ သောင်း တိုးမြှင့်ပြီး ဒေတာဝန်ဆောင်မှုမှ ရရှိငွေအပေါ် ၁၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံပါတယ်။

တယ်လီနောရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဒေတာစျေးနှုန်း ပြောင်းလဲခြင်းအတွက် ပြင်ဆင်ထားဖို့လည်း သတိပေးထားပါတယ်။

အခွန်တိုးမြှင့်မှုဟာ နိုင်ငံတွင်းရှိ မိုဘိုင်းကွန်ရက်အော်ပရေတာတွေနဲ့ ISP တွေအားလုံးအတွက် စျေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ တယ်လီနောက မှတ်ချက်ပြုထားတယ်လို့ Mobile World live သတင်းမှာ ဖော်ပြပါတယ်။ DVB

ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းတွင် သတင်းယူနေစဥ်အဖမ်းခံရသည့် အမျိုးသမီး သတင်း ထောက် ဒဏ်ရာမသက်သာခင် စစ်ကြောရေးပို့ခံရ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းတွင် သတင်းလိုက်ပါ ရယူရင်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည့် MPA မှ အမျိုးသမီးသ တင်းထောက်မှာ ဒဏ်ရာအရှင်း မသက်သာသေးသော်လည်း ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရွှေပြည်သာစစ်ကြောရေးသို့ ခေါ်ဆောင်ခံခဲ့ရသည်ဟု သိရသည်။

“မမှူးရတနာခက်မို့မို့ထွန်းကို ဒီကနေ့ နံနက်က စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ သူ့ရဲ့လက်ရှိကျန်းမာရေးအခြေ အနေဆိုရင် ခြေထောက်ကတော့ အရမ်းမသက်သာသေးဘူး။ ကျန်တာမသိရသေးပါဘူး” ဟု MPA မှ တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းသည် စစ်ကောင်စီ၏ ကားဖြင့်တိုက် ဖမ်းဆီးခြင်းခံရသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စတင်အဖမ်းခံရသည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှစ၍ အမှတ်(၂) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကာ တစ်လအကြာတွင်တော့ သူမ၏ ဒဏ်ရာကို ချုပ်ရိုးဖြည်ခဲ့ကြောင်းကြားသိရရုံကလွဲပြီး မိသားစုနှင့်တွေ့ခွင့်တစ်ကြိမ်တစ်ခါမှမရရှိခဲ့ဘဲ ‌ဆေးရုံမှတစ်ဆင့် စစ်ကြောရေးသို့ခေါ်ဆောင်ခံရခြင်းဖြစ်သည်။

ထို့အတူ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင်ပြုလုပ်ခဲ့သော “ရန်ကုန်လူထုသပိတ်”တွင် ဆန္ဒပြ သတင်းယူရင်း အဖမ်းခံရသည့်ပြည်သူများအနက် Myanmar Pressphoto Agency(MPA) မှ သတင်းထောက်နှစ်ဦးလည်း အပါအဝင်ဖြစ်ပြီး ဓာတ်ပုံဆရာ ကိုကောင်းဆက်လင်းမှာ အမှတ် (၂) စစ်ဆေးရုံတွင် “ခါး” ဒဏ်ရာကို ကုသနေရင်း ဒီဇင်ဘာ ၁၀ ရက်ဝန်းကျင်တွင် စစ်ကြောရေးသို့ ခေါ်ဆောင်ခံခဲ့ရကာ ယနေ့တွင်တော့ အင်းစိန်ထောင်သို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း ၎င်းနှင့်ခင်မင်ရင်းနှီးသည့် မိတ်ဆွေများထံကတစ်ဆင့် သိရသည်။ mizzima

« Older Entries