ကျောင်းကုန်းမြို့တွင် ဒလန်ဟု နာမည်ထွက်နေသူ၏ဆိုင်ကို ဗုံး‌ဖောက်သည့် လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဆပ်ကွင်းရပ်ကွက်တွင် ဒလန်ဟု နာမည်ထွက်နေသူ၏ ဆိုင်ကို ဇန်နဝါရီလ ၁ဝ ရက် ညပိုင်းက ဗုံးဖောက်ခွဲသည့် လူငယ်နှစ်ဦးမှာ ရိုက်နှက်ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။”အဲ့ဒီဆိုင်ရှင်က အနီးအနားတစ်ဝိုက်ကို အကူအညီပေးထားသူတစ်ယောက်ပဲ၊ အခုသူဖြစ်တော့ ဆိုင်ကယ်ကယ်ရီသမားတွေက သူ့ကိုထိတော့ ဝိုင်းဖမ်းပေးကြတဲ့သဘောပဲ၊ ဗုံးလာပစ်သွားတဲ့ ကလေးတွေက တနယ်ကဆိုတော့ နယ်မကျွမ်းတဲ့အတွက် ဖမ်းမိသွားတာမျိုးဖြစ်နိုင်ပါတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြော သည်။

ဆိုင်ကို ဗုံးပစ်ပြီးနောက် ရိုက်နှက်ဖမ်းဆီးခံလိုက်ရသူနှစ်ဦးမှာ ဓနုဖြူမြို့နယ်မှ အသက် ၂၃ နှစ်အရွယ် CDM ကျောင်းဆရာ ကိုသီဟအောင်နှင့် အသက် ၂၄ နှစ်အရွယ် ကိုလေးကိုထွဋ်တို့ဖြစ်ကြောင်း ၎င်းတို့၏ ရိုက်နှက်ခံထားရသည့် ပုံများနှင့်တကွ စစ်ကောင်စီ‌ ထောက်ခံသူများ၏ အွန်လိုင်းစာမျက်နှာ‌ပေါ်တွင်သတင်းထုတ်ပြန်ထားသည်။ရပ်ရွာအေးချမ်းသာယာနေမှုကို နှောင့်ယှက်ပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရန်လာသော NUG၊CRPH လက်ပါးစေ PDF အကြမ်းဖက်သမားများကို တာ၀န်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ‌ ထောက်ခံသူများဘက်က သတင်းထုတ်လွှင့်ထားသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆိုပါဆိုင်အတွင်းရှိ ၀န်ထမ်းတချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံ မှသိရသည်။ဗုံးဖောက်ခံရသည့် ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွင် တာ၀န်ထမ်းဆောင်ဖူးသူ ဒလန်အကြီးစားဟုနာမည်ထွက်နေသည့် ဆိုင်ရှင်ဖြစ်ကြောင်း ဒေသခံသတင်းရင်းအမြစ်အချို့က မဇ္ဈိမကို ပြောသည်။ “သူကတပ်ကထွက်ထားတဲ့သူပဲ။ ဧည့်စာရင်းဆိုအဲ့ဒီဆိုင်ရှင်ဆီမှာတိုင်ရတယ်။ သူကကျောင်းကုန်းမှာဆို လူတွေကိုအကုန်ကူညီပေးတယ်။ ကျုံပျော်မှာဆို သေနတ်ဖောက်ခိုင်းတာ၊ အဖမ်းအဆီးလုပ်တာတွေ သွားလုပ်တယ်” ဟု ဗုံးဖောက်ခံရသည့် ဆိုင်ပိုင်ရှင်နှင့်ပတ်သက်ပြီး ဒေသခံသတင်းရင်းအမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် မေးမြန်းစုံစမ်းနေဆဲဖြစ်သောကြောင့် သီးခြားမှတ်ချက်ပြုနိုင်ခြင်းမရှိသေးပါ။ဆပ်ကွင်းရပ်ကွက်ရှိ အဆိုပါလျှပ်စစ်ပစ္စည်းဆိုင်နှင့် မီနီစတိုးဆိုင် ဖောက်ခွဲခံရပြီးနောက် လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နှက်ကာ ရဲနှင့် စစ်တပ်လက်သို့ အပ်လိုက်သည့် ဖြစ်စဉ်ကို ကျောင်းကုန်းမြို့မှ စစ်တပ်ထောက်ခံသည့် မဘသအဖွဲ့မှ ခင်လပြည့်ဝန်းဆိုသည့် အမျိုးသမီး၏ လူမှုကွန်ယက်စာမျက်နှာတွင် တိုက်ရိုက် လိုက်ဖ်လွှင့်ခဲ့သေးသည်။

“NUG အစေအပါးတွေက သမီးတို့ရပ်ကွက်ထဲမှာ ဗုံးလာခွဲတာ၊ ဒါအခု ဒေါ်လေးလဝန်းအကောင့်ကန‌နေ လိုက်ဖ်လွှင့်တာ။ကျွန်မဖယောင်း တိုင်ထွက်ဝယ်နေတုန်း ကျွန်မအမျိုးသားက မိန်းမရေ ဆပ်ကွင်းလမ်းထဲကို ဝင်လာတဲ့လူတွေကို ပိတ်ထားလိုက်တဲ့၊ အဲ့အနားက လူကြီးတွေကို အော်ပြီး အဲ့ကောင်ကို ဝိုင်းရိုက်ဆိုလို့ အမျိုးတွေ မိသားစုတွေထွက်လာပြီးဝိုင်းရိုက်ကြတာ”ဟု အမျိုးသမီးတစ်ဦးက လိုက်ဖ်လွှင့်ရင်း ပြောဆိုသည်။

ဆပ်ကွင်းရပ်ကွက်၌ လူငယ်နှစ်ဦး ရိုက်နှက်ခံရပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများရောက်ရှိလာပြီး အဆိုပါအမျိုးသားနှစ်ဦးကို ကျောင်းကုန်းရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။ကျောင်းကုန်းမြို့တွင်လည်း ဒေါ်ခင်လပြည့်ဝန်း (ခ) ဒေါ်လဝန်းဆိုသူနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့၏ ရဲသတင်းပေးလုပ်ရပ်များကြောင့် CDM ဝန်ထမ်းများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်ခဲ့စဥ်ကပါဝင်ခဲ့သူများမှာ မကြာခဏပင် ဖမ်းဆီးခံရကြောင်း ဒေသခံများကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s