လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး အရှင် ဖမ်းမိ၊ ၅ ဦးသေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၌ ယနေ့ ဇန်နဝါရီလ ၁၁ရက်က ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ သုံးဦး အ ရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) က သတင်း ထုတ်ပြန်သည်။ လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်တို့၌ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်မှ စတင်ပြီး ညနေ ၇ နာရီအတွင်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် မြို့တွင်း ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
“မိုင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အရှင် ဖမ်းမိတာပါ။ ဒေသတွင်း တပ်ဖွဲ့တွေက ဝိုင်းလိုက်တော့ ပြေးပေါက်မရှိလို့ လက်နက်ချတဲ့ ပုံစံမျိူးပေါ့။ လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်း ရမိတယ်လို့ ရှေ့တန်းက ပြောတာ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) (DMO-PDF) တပ်ရင်း ( B ) တပ်ဖွဲ့၀င် တစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ မိုင်းလုံးရပ်ကွက် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့က အရှင် ဖမ်း ဆီး ရမိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို )(DMO-PDF)၊ လွိုင်ကော် (PDF) ၊ KNDF၊ ကရင်နီတပ်မတော် (KA) နှင့် အခြားသော တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြို့အကျဥ်းထောင်ဘေး ပတ်လည်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာ ကွယ်ရေးတပ် (ဒီးမော့ဆို) ၊ KDF၊ GZ 21 တပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့ သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမြောက်အမြား ရှိခဲ့သည်ဟု ဆိုသည်။
” ဒီမနက် ၁၀ နာရီ ဒေါဥခူ တိုက်ပွဲမှာ စစ်တပ်ဘက်က အရမ်းပစ်နေတော့ ကျွန်တော်တို့လည်း ပင်ပန်းနေတော့ နေ့လယ် ၃ နာရီ ခွဲမှာ တပ်ဆုတ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ KNDF တပ်ဖွဲ့က တိုက်ဖို့ အစားထိုး ၀င်ခဲ့တယ်” ဟု DMO- PDF တပ်ရင်း( A ) ဒုတပ်ရင်းမှူးက မဇ္ဈိမကိုပြော သည်။ လွိုင်ကော်မြို့ တိုက်ပွဲ နှစ်ရက်တာအတွင်း DMO-PDF ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လည်း ထုတ်ပြန်ထားသည်။ ထို့ အတူ စစ်ကောင်စီ တပ်စခန်း ချထားသော နေရာအနီးရှိ ပြည်သူပိုင် အိုးအိမ် နှစ်လုံးလည်း မီးလောင် ပျက်စီးခဲ့သည်ဟု ဆိုထားသည်။ mizzima