အာဏာသိမ်းစစ်ကောင်စီ အခွန်ရငွေ ၃၄ ရာ ခိုင်နှုန်း ကျဆင်း

ပြည်တွင်းအခွန်ဦးစီးဌာန၏ ယခုနှစ်ဆန်းထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်အတွင်းရရှိသည့် အခွန်ငွေမှာ အရပ်သားအစိုးရလက်ထက် အနီးဆုံးကာလနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းသည့်​ ၂၀၂၀ -၂၁ တွင် ကျပ် ၄,၇၄၅ ဘီလျံသာရချိန်တွင် ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇,၂၉၆ ဘီလျံကျော် အထိ ရခဲ့သည်။

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေထီနှင့် ရတနာခွန် စသဖြင့် ကောက်ခံနေသည့် အခွန်အမျိုးအစားတိုင်းတွင် ရငွေကျဆင်းနေကြောင်း ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် ပြည်တွင်းအခွန်ဦးစီးဌာန၏ အစီရင်ခံစာက ဆိုသည်။ 

ထိုသို့ အခွန်ငွေကျဆင်းကြောင်း ရလဒ်ထွက်ပြီး တစ်ပတ်အတွင်းတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်၍ မြန်မာပြည်သူ များ နေ့စဉ်သုံးစွဲမှုအများဆုံး ဆက်သွယ်ရေးကဏ္ဍတွင် အခွန်နှုန်းထား မြှင့်ကောက်ခံရန် စစ်ကောင်စီက စီစဉ်လာသည်။

၂၀၂၂ နှစ် ဇန်နဝါရီ ၆ ရက်တွင် ပြင်ဆင်ပြဌာန်းခဲ့သည့် အခွန်အကောက်ဥပဒေတွင် မိုဘိုင်းဆင်းကတ်ရောင်းချမှုနှင့် အင်တာနက်လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ဇန်နဝါရီ ၈ မှစ၍ မတ်လကုန်အထိ ယခင်က ကျပ် ၁,၀၀၀ သာ ပေးရသည့်​ မိုဘိုင်းဆင်းကတ်တစ်ခုလျှင် ကျပ် ၂၀,၀၀၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။ 

ထို့အတူ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ၏ ရငွေအပေါ် ၁၅ ရာခိုင်နှုန်းတိုးကောက်မည်ဖြစ်သလို ဝင်ငွေအလိုက် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများကို စစ်ကောင်စီက ပြောင်းလဲပြင်ဆင်ခဲ့သည်။ 

“အခုလို ဘဏ္ဍာနှစ်အစမှာ ပြည်ထောင်စုအခွန်အကောက်ဥပဒေကို အလောသုံးဆယ်ထပြင်တယ်ဆိုတာက စစ်ကောင်စီမှာ ဖရိုဖရဲဖြစ်နေတယ် ဆိုတာနဲ့ စီးပွားရေးမှာ ဘယ်လောက်ညံ့ဖျင်းလို့ဆိုတာ ပြနေတာပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဝေဖန်သည်။

ဆက်သွယ်ရေးလုပ်ငန်းကဲ့သို့ ကုန်သွယ်စီးပွားအခွန်အခမှာ ပြည်သူတို့၏ အမူအကျင့်တစ်ခုခုကို အားပေးလိုခြင်း သို့မဟုတ် အားမပေးလိုခြင်းအပေါ် မူတည်၍ သတ်မှတ်လေ့ရှိကြောင်း၊ စစ်ကောင်စီ၏ ထိုခြေလှမ်းမှာ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ပညာရပ်များနှင့် သတင်းစီးဆင်းမှုများကို နှောင့်ယှက်လို၍ ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

စစ်ကောင်စီကမူ ဆက်သွယ်ရေးကဏ္ဍ၌ အခွန်တိုး၍ ကောက်ခြင်းသည် ဝင်ငွေပိုရရန်၊ အင်တာနက်အလွန်အကျွံသုံးမှုကြောင့် အလုပ်အကိုင်မထိခိုက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို လျှော့ချနိုင်ရန် ဖြစ်သည်ဟု အကြောင်းပြထားသည်။

လက်တွေ့တွင် ကိုဗစ်နိုင်တင်း(Covid-19) ကြောင့် နိုင်ငံတွင်း စီးပွားရေးကျဆင်းနေသလို အာဏာသိမ်းသည့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေအထောက်အပံ့မဖြစ်ရန် အောင်ဘာလေထီ၊ မီတာခ ကဲ့သို့သော အခွန်များကိုပင် မဆောင်ဘဲ ပြည်သူတို့က သပိတ်မှောက်လျက်ရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့ အားကိုးဖြင့် မီတာခကို အတင်းအကျပ်ကောက်ခံနေရသလို ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ခုခံသည့် နိုင်ငံအနှံ့ရှိ တော်လှန်ရေးအဖွဲ့များကလည်း လျှပ်စစ်ရုံးများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ထို့အတူ အာဏာသိမ်းပြီးနောက် အောင်ဘာလေထီကို လစဉ် ပုံမှန်မဖွင့်နိုင်သကဲ့သို့ အမြင့်ဆုံး ကျပ်သိန်း ၁၅,၀၀၀ ဆုကြေးပေးနိုင်သည့် အ ခြေအနေမှ ကျပ်သိန်း ၅,၀၀၀ သို့ စစ်ကောင်စီက လျှော့ချထားသည်။

အရပ်သားအစိုးရလက်ထက် အောင်ဘာလေထီ အခွန်ရငွေမှာ ကျပ် ၁၆၀ ဘီလျံထိ ရှိသော်လည်း အာဏာသိမ်းပြီးနောက်တွင် ကျပ် ၈၆  ဘီလျံသာ ရသည်ဟု ပြည်တွင်းအခွန်ဦးစီးဌာန၏ ယခုနှစ်ဆန်းအစီရင်ခံစာတွင်လည်း တွေ့ရသည်။

အောင်ဘာလေထီကို ရှောင်ကြဉ်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် ဝန်ထမ်းများကို ထောက်ပံ့ရန် NUG က ရည်ရွယ်ဖွင့်လှစ်သည့် နွေဦးထီကို စစ်ကောင်စီ၏ ရန်ရှာမှုမျိုးစုံကြားမှ အားပေးသည့် ပြည်သူများရှိနေသည်။

“(အောင်ဘာလေထီ)မထိုးပါဘူး။ ထီဆိုင်တော်တော်များများလည်း ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်တောင် သိပ်မရှိဘူး။ ၇၈ လမ်းက ဆိုင်ကတော့ ရှေ့လလယ်လောက်က ပြန်ဖွင့်တယ်။ မြင်ရသလောက်တော့ ထိုးတဲ့သူမရှိဘူး” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသည့် ကုမ္ပဏီဝန်ထမ်း အမျိုး သမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက အောင်ဘာလေထီကို အရောင်းပြန်မြှင့်တင်ရန် ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုငွေပေးရာမှ ၇၀ ရာခိုင်နှုန်းအ ထိ တိုးပေးမည်ဖြစ်ကြောင်း ၂၀၂၁ စက်တင်ဘာတွင် ကြေညာခဲ့သော်လည်း လေးလဝန်းကျင်ရှိလာချိန်အထိ ထင်ရှားသည့် ရလဒ်ထွက်ပေါ်မလာသေးပေ။

ထို့သို့ အခွန်ရငွေ ကျဆင်းသွားသော်လည်း ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကမူ ကပ်ရောဂါနှင့် ကသောင်းကနင်းအခြေအနေကြားတွင် မူလအခွန်လျာထားချက်၏ ၉၂ ရာခိုင်နှုန်း ကောက်ခံနိုင်သည်ဟု အထက်ပါအစီရင်ခံစာ၏ အမှာစာတွင် ရေးထားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရငွေစာရင်းတွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း၊ နိုင်ငံပိုင်ဘဏ်နှင့် ဗဟိုဘဏ်တို့မှ ၅၀ ရခိုင်နှုန်း၊ အခွန်အကောက်မှ ၃၂ ရာခိုင်နှုန်း၊ အခြားရငွေ ၁၃ ရာခိုင်နှုန်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ထည့်ဝင်ငွေမှ ၅ ရာခိုင်နှုန်း ပါဝင်ကြောင်း ၂၀၁၉-၂၀၂၀ ရသုံးမှန်းခြေငွေစာရင်းအရ သိရသည်။

စစ်အာဏာသိမ်းမှု သက်ဆိုးမရှည်စေရန် အခွန်ဘဏ္ဍာရငွေများနှင့် နိုင်ငံတကာချေးငွေများ စစ်ကောင်စီထံ စီးဝင်မှုကို ဖြတ်တောက်ပိတ်ဆို့နိုင်ရန် NUG က ကြိုးပမ်းနေသည်။

ပြည်သူတို့ကလည်း အခွန်မပေးခြင်းအပြင် စစ်တပ်ထုတ်ကုန်များကို မသုံးစွဲဘဲ သပိတ်မှောက်သည်အထိ နည်းလမ်းမျိုးစုံသုံး၍ စစ်ကောင်စီကို ဆန့်ကျင်နေကြသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s