မြောက်ဒဂုံမြို့နယ် ငါးမာန်အောင် ဘုရားအနီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက နှစ်နာရီကျော်ကြာ ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၊ ၃၃ ရပ်ကွက် အတွင်းရှိ ငါးမာန်အောင်ဘုရား(နဂါးရုံ)အနီးတွင် ယနေ့ ၂နာရီ ၁၀ မိနစ်အချိန်က ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက ယင်းမြို့နယ်အတွင်း နှစ်နာရီကျော်ကြာ လမ်းများပိတ်ဆို့ ရှာဖွေစစ်ဆေးလျှက်ရှိသည်။ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားများက မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဘုရင့်နောင် လမ်းမကြီးအပါအ၀င် ဦးဝိစာရလမ်းမကြီးနှင့် မင်းရဲကျော်စွာလမ်းပေါ်တို့တွင် နှစ်နာရီကျော်ကြာ ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ စစ်တပ်က ရှာဖွေစစ်ဆေးနေတော့ ဘေလီထိပ်ကနေစပြီး မြောက်ဒဂုံထဲက လမ်းမကြီးတွေပေါ် ယာဉ်ပိတ်ဆို့မှုတွေဖြစ်တာပေါ့။ စစ်တဲ့ အ ချိန်ကလည်း ရုံးဆင်းတဲ့ အချိန်ဆိုတော့ အားလုံး ရှုပ်ယှက်ခတ်ကုန်တယ်။ ဒီကြားထဲ ဦးဝီစာရ လမ်းမကြီးမှာ ရေပိုက်လိုင်းတွေ လုပ်နေတော့ ပို့ပိတ်ဆို့ ကုန်တာပေါ့။ မစောင့်နိုင်တဲ့ ကားတွေ ပြန်ကွေ့ဖို့လုပ်တော့လည်း လုပ်လို့ မရဘူး။ မဖြစ်မနေကို အစစ်ခံရတယ်။ ကျွန်တော်ဆို ညနေ သုံးနာရီခွဲက ဘေလီမှာ စပြီးပိတ်လိုက်တာ မိနစ် ၄၀ လောက်ကြာမယ်ထင်တယ် ကျွန်တော်နောက်မှာဆို ကားတန်းကြီးက မနည်းဘူး” ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာရှိ ပြည်သူနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့်အပြင် ပြည်သူတစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု က နဦး သိရှိထားရသော်လည်း မဇ္စျိမသတင်းဌာနအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။ယင်းဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ မြောက်ဒဂုံ၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်များအတွင်းမှ စစ်ကောင်စီလက်အောက်ခံ တပ်သားများ အလုံးအရင်းဖြင့်ရောက်ရှိလာပြီးနောက် လမ်းပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏ ပြည်ထောင်စုပန်းခြံအနီးတွင်လည်း ယနေ့ ၂နာရီအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ် တစ်ခုလည်း ဖြစ် ပွားခဲ့သဖြင့် ယနေ့ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အတော်များများတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ mizzima