Monthly Archives: Jan 2022

ယင်းမာပင် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို ကယ်တင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရဲစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းပြီး ပြည်သူ ငါးဦးအား ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

“အပြစ်မဲ့ ပြည်သူ ငါးယောက်ကို ဖမ်းထားတယ်ဆိုတာ သိရတဲ့အတွက် ကျွန်တော်တို့ ၆၀ မမ လေးချက်ပစ်၊ ဝင်စီးပြီး ကယ်ထုတ်ခဲ့တာပါ” ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူ တစ်ဉီးက ပြောသည်။

ယင်းမာပင်မြို့နယ် လည်ငေါက်ရွာမှ လူငယ် တစ်ဦးနှင့် ရှားတော မိုးကောင်းရွာမှ လူငယ် လေးဦးအား ဇန်နဝါရီလ ၈ ရက်နေ့တွင် ရဲစခန်းအ တွင်း မတရား ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသဖြင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယမန်နေ့ ညပိုင်းက ရဲစခန်းအား စတင် တိုက်ခိုက်ခဲ့ပြီး ည ၈နာရီအချိန်တွင် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း ဗိုလ်သူရိန်၊ ဟီးရိုးတိုက်ဂါးနှင့် ကနီခေါင်းဆောင် ဗိုလ်နဂါးတို့ ပူးပါင်း တိုက်ခိုက်ခဲ့ကြောင်း ပြော သည်။

ယခင်က ယင်းမာပင်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသော်လည်း ကန့်ဒေါင့်ကျေးရွာဘက် ရဟတ်ယာဉ်ဖြင့် နှစ်ခေါက်ပို့လိုက်သည့်အတွက် ၃၀ ကျော်ခန့်သာ ကျန်တော့ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ယင်းရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထံမှ သိရသည်။mizzima

လွိုင်ကော်၊ ဒေါဥခူနှင့် မိုင်းလုံးရပ်ကွက်များကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၊ မြေပြင်တွင်လည်း တိုက်ပွဲပြင်းထန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူနှင့် မိုင်းလုံးရပ်ကွက်များကို ယနေ့ ဇန်နဝါရီလ ၁၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း KNDF ထံမှ သတင်းရရှိသည်။”ဟတ်စကီး ၂ စီးနဲ့လာတယ်၊ ၁ စီးက လေယာဉ်ကွင်းမှာဆင်းတယ်၊ ပြီးတော့ ပြန်တက်လာပြီးတော့ ဒေါဥခူနဲ့ မိုင်းလုံးဘက်မှာ ပစ်နေတယ်။

မြေပြင်မှာလည်း ကရင်နီရဲဘော်တွေနဲ့ တိုက်ပွဲက ဖြစ်နေတယ်၊ လက်ရှိ မြေပြင်တိုက်ပွဲအခြေအနေကို တိတိကျကျ မသိရသေးဘူးပေါ့၊ ဟတ်စကီးနဲ့ ပစ်နေတာ ဘယ်နေရာတွေ ထိတယ်ဆိုတာတော့ မသိရသေးဘူး၊ မနေ့ကလည်း သူတို့ တိုက်လေယာဉ်နဲ့ လာပစ်တာ သူတို့စစ်သားတွေကို ပြန်ထိပြီး သေကြတာပဲ” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ ဒေါဥခူရပ်ကွက်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများ ထပ်မံ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ “ဒေါဥခူဘက်မှာ တိုက်ပွဲက အရမ်းကြမ်းတယ်၊ တစ်ရပ်ကွက်လုံး ထွက်ပြေးရပြီ၊ စစ်သားတွေက အထပ်မြင့်တွေမှာ တပ်စွဲထားတယ်၊ တိုက်ပွဲက တော်တော်ကို ပြင်းထန်တာ” ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ လွိုင်ကော် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးကာ၊ ၃ ဦးကို KNDF က အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်း ဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။ khit thit

အောင်မြေသာစံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ဒုအရာခံဗိုလ်တစ်ဦး ဒဏ်ရာရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၉ လမ်းနဲ့ ၁၀ လမ်းကြားရှိ အမရဌာနီအ​နောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်က လက်လုပ်မိုင်းကွဲခဲ့ပါတယ်။

လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတာဝန်ကျ ဒုအရာခံဗိုလ်တဦး နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ရုံးအဆောက်အဦ အမိုးတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတဦးက “မနက်က ဗုံးသံကြားလိုက်ရတာ အစက ရဲစခန်းမှာလို့ ထင်တာ။ နောက်မှ ရပ်ကွက်ရုံးမှာ ကွဲတာမှန်းသိတာ။ ရပ်ကွက်ရုံးနဲ့ အမှတ် ၄ ရဲစခန်းက နီးတယ်။ လုံခြုံရေး စစ်သားတယောက် နဖူးကွဲသွားတယ်” လို့ ပြောပါတယ်။

ါ့အပြင် မနက် ၁၀ နာရီလောက်ကလည်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အ​နောက်ရပ်ကွက် အုပ်ချုပ်​​ရေးရုံး လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ DVB

မြဝတီမြို့တွင် ငွေစက္ကူအတု ပြုလုပ်သူ အမျိုး သား ၃ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ငွေစက္ကူအတု ပြုလုပ် သုံးစွဲသူ အမျိုးသားသုံးဦးကို မြဝတီမြို့နယ်ရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း ယင်းမြို့ခံများထံမှ သိရသည်။ ၎င်းတို့သည် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မေတ္တာလမ်းမကြီးနှင့် အေးသာယာလမ်းထောင့်ရှိ စားသောက်ဆိုင်၌ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းကငွေစက္ကူအတုများဖြင့် လာရောက် ၀ယ်ယူစားသောက်နေစဉ် ဆိုင်ရှင်က မြဝတီမြို့နယ် ရဲစခန်းသို့ အ ကြောင်း ကြားရာမှ ယင်းကဲ့သို့ ဖမ်းဆီးခံရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခန့်က စားသောက်ဆိုင်ရှေ့၌ မြဝတီမြို့နေ ဇော်လွင်(ခ)အော်ကြီးဆိုသူကို လွယ်ထားသည့်အိတ်အတွင်း စစ် ဆေးရာ ပလတ်စတစ်ဖြင့်ထုတ်ထားသည့် ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၁,၄၉၆ ရွက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ဇော်လွင် (ခ) အော်ကြီးနေထိုင်သည့် အောင်ဒီပါလမ်းရှိနေအိမ်တန်းလျား၏ အခန်း (၁၂) အား ဝင်ရောက်ရှာဖွေရာ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၁၅၀ ရွက်နှင့် မပိုင်းဖြတ်ရသေးသည့် ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၁၀၀ ရွက်နှင့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ငွေစက္ကူအတုများ ပြုလုပ်ရာတွင် ဇော်လွင်(ခ)အော်ကြီး အသက် ၂၆ နှစ် နှင့် အတူ ပူးပေါင်းပါဝင်သည့် အောင်ဒီပါလမ်း နေအိမ်တန်းလျား အခန်း (၁၃) နေ အောင်မြင့်သန်း အသက် ၃၃ နှစ်နှင့် ထွန်းမြင့်သန်း အသက် ၃၅ နှစ်တို့ သုံးဦးကို ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။ ဖမ်းဆီးရမိသူ သုံးဦးအား မြဝတီမြို့မရဲစခန်းက (ပ)၁၅/၂၀၂၂၊ ဗဟိုဘဏ် ဥပဒေပုဒ်မ-၁၀၅/၁၀၆/ ၁၀၇ အရ အမှုဖွင့်အရေးယူထားသည်။ mizzima

ဖားကန့်၌ ၃ ရက်အတွင်း အင်တာနက်ပြန်ဖွင့်ပေးရန် ဖုန်းအော်ပရေတာများကို တော်လှန် ရေးအဖွဲ့ သတိပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက ဖုန်းအော်ပရေတာတွေကို ၃ ရက်အတွင်း အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးရမယ်လို့ ဖားကန့်မြို့ မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ ရာဇသံပေးလိုက်ပါတယ်။

“ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ MPT, Mytel ,Telenor, Ooredoo ရုံးများအနေနဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေကို ၃ ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့  အသိပေးလိုက်တယ်” လို့ ဖော်ပြထားပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း ဩဂုတ် ၂၀ ရက်ညပိုင်းက စတင်ကာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ငါးလ နီးပါးရှိလာပါပြီ။

ဖုန်းအော်ပရေတာတွေအနေနဲ့ တောင်းဆိုချက်အတိုင်း မလိုက်နာပါက မြေအောက်တော်လှန်ရေးအဖွဲ့က လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမယ်လို့ အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ပထမအဆင့်အနေနဲ့ အသိပေးအကြောင်းကြားတဲ့သဘောပါပဲ။ ဒါကိုမှ လက်မခံရင်တော့ ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာကို လက်တုံ့ပြန်သွားမှာပါပဲ။” 

ဖားကန့်မြို့နယ်တွင် MPT Mytel Ooredoo,Telenor  ဖုန်းအော်ပရေတာ လေးခုရှိပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်မှာ Mytel က အင်တာနက် ခဏဖွင့်ထားပေးပြီး ပြန်ပိတ်သွားတယ်လို့လည်း ဖားကန့်မြို့ခံတဦးက ပြောပါတယ်။ DVB

ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးရွာ သားများကို ပျူစောထီးများ ခြိမ်းခြောက်၍ မီတာခ ဆောင်ခိုင်းနေ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးရွာ၌ ပျူစောထီးအဖွဲ့က ရွာခံများကို မီတာခ ပေးဆောင်ရန်နှင့် မဆောင်ပါက စစ်တပ်ကို တပ်စွဲခိုင်းမည်ဟု ဖိအားပေး ခြိမ်းခြောက် နေကြောင်း ဒေသခံများထံက သိရသည်။ ‘’ ဒီနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်က ပျူအဖွဲ့က ကျွန်မတို့ရွာကို အစည်းအဝေးခေါ်ပြီး မီတာဆောင်ဖို့ ပြောတယ်။ အရင်က ရွာမှာ ကိုယ်ထူကိုယ်ထ လူ ၅၀ မတည် ၀ယ်ထားတဲ့ ထရန်စဖော်မာပုံးကို ၀ယ်ကြေးပြန်ပေးပါ။ မီးဖျက်လည်း မထူးဘူး၊ ဒို့အမေလာမှ မီတာဆောင်မယ် ပြောလိုက်တာ။

မဖြစ်နိုင်တာ မပြောနဲ့ မဆောင်ရင် စစ်တပ်ခေါပြီး တပ်စွဲခိုင်းမယ် ခြိမ်းခြောက်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ ကျေးရွာကို မီတာခဆောင်ရန် စစ်တပ် ထောက်ခံသူများနှင့် ပျူစောထီး အဖွဲ့၀င်များက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက ဖိအားပေးခဲ့ခြင်း ဖြစ်ပြီး နေအိမ် ၁၅ လုံးကသာ ပေးဆောင် ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် လင်းစု၊ တန်ရွာ၊‌ ပေါင်လောင်ကြီး ရွာများသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ပြီးခဲ့သည့် ဒီဇင်ဘာလကုန် ကတည်းက ဖြတ်တောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။ “ကျွန်မတို့ တစ်ရွာလုံး နီးနီး အာဏာသိမ်းပြီးကတည်းက မီတာ မဆောင်ကြတာ။ ခုနစ် လပိုင်း တုန်းကလည်း ဆောင်တာ လူနည်းတယ်။ အဲ့ဒီနောက်ပိုင်း ဘယ်သူမှ မဆောင်ကြတော့လို့ ၁၂ လပိုင်း လောက်က ပျူတွေက ရဲနှစ်ယောက် ခေါ်ပြီး မီးကြိုးတွေ ဖြတ်ခိုင်းတယ်။

မနေ့ညကတော့ ဆောင်တဲ့အိမ် နည်းနည်းလောက် မီးလင်းပြီး‌ မဆောင်တဲ့အိမ်တွေ မီးကြိုးဖြတ်ထားတယ် “ ဟု ၎င်းက ပြောသည်။ အဆိုပါ အိမ်ခြေ ၃၅၀ ရှိသည့် ကျေးရွာတွင် မီးဖြတ်ထားသည်မှာ ရက်သတ္တပတ် တစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်၍ ဆိုလာပြားများသာ အသုံးပြုနေရကြောင်း သိရသည်။

အဆိုပါရွာကို ခြိမ်း‌ခြောက်သည့် ပျူစောထီးအဖွဲ့၀င် ရှစ်ဦးသည် ရွာထိပ်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီကို ရွာထဲသို့ တပ်စွဲခိုင်းမည်ဟု ခြိမ်းခြောက် နေခြင်းကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံရွာသားများက မဇ္ဈိမသတင်းဌာနကို ပြောသည်။ mizzima

စစ်တပ်ဦးပိုင်ကုမ္ပဏီ၏ အကျိုးစီးပွား ကာကွယ် ရေး မင်းအောင်လှိုင် အာဏာ သိမ်းမှုတွင် အဓိက အကြောင်းအရာ အဖြစ် ပါဝင်၊ ၂၀၁၉ ခုနှစ်ကတည်းက အာဏာ သိမ်းရန် ကြံ စည်ခဲ့ (အပိုင်း -၁)

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေက ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထဲကနေ နိုင်ငံ တော် အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကို ခေါင်းစဉ်တပ်ပြီး အာဏာသိမ်းယူမှုနောက်ကွယ်မှာ မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူး အငြိမ်းစားမယူချင်တာ၊ သမ္မတအဖြစ် လုပ်ချင်တာ၊ သူမျှော် လင့်ခဲ့တဲ့ ကြံ့ဖွတ်ပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ အပြတ် အသတ်ရှုံးနိမ့်ခဲ့တာ စတဲ့ အကြောင်းအရာတွေ ပါဝင်နေတယ်ဆိုတာ အားလုံးသိကြပြီဖြစ်ပါတယ်။ ဒီအထဲမှာ ထင်သာမြင်သာရှိတဲ့ အာဏာသိမ်းမှု အကြောင်းအရာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်ပိုင် အကျိုးစီးပွားကိုပါ ကာကွယ်ဖို့ ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက် အပါအဝင်ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအရ စစ်တပ်က စီးပွားရေး အခွင့်အလမ်းနည်းပါးလာပြီး လက်လွှတ်လိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ လည်း မနည်းလှပါဘူး။ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရ တက်လာချိန်မှာတော့ စစ်တပ်စီးပွားရေးတွေ မလူးသာ မလွန့်သာ အခြေအနေ ဖြစ်လာရပါတယ်။

NLD အစိုးရပယ်ချခဲ့တဲ့ Ever လျှပ်စစ်မီတာတင်ဒါ ရှုံးနိမ့်မှု ဗိုလ်ချုပ်ကြီးများ ဒေါပွ၊ အာဏာသိမ်းဖို့အထိ တင်ပြခဲ့ကြ

NLD အစိုးရလက်ထက်မှာ ဦးပိုင်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အကြီးအကျယ်ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင်တော့ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီက ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေက NLD အစိုးရက ခေါ်ယူလိုက်တဲ့ လျှပ်စစ်ဝန်ကြီးဌာန တင်ဒါတွေမှာ နှစ်စဉ် အကြီးအကျယ်ရှုံးနိမ့်ခဲ့ပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပြည်တွင်းမှာ ထုတ်လုပ်တဲ့ Ever အမှတ်တံ ဆိပ် ဒီဂျစ်တယ်မီတာတွေဟာ လျှပ်စစ်ဝန်ကြီးဌာနက ခေါ်ယူတဲ့ တင်ဒါတွေမှာ ၂၀၁၆ ခုနှစ်ကစလို့ အကြိမ်ကြိမ်ရှုံးနိမ့်နေတာ ၊ တင်ဒါ ပယ် ဖျက်ခံရတာတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော် မင်းမူခဲ့တဲ့ ဦးပိုင်ထုတ် မီတာတွေ အဆုံးသတ်ပြီး စက်ရုံပါ ပိတ်လိုက်ရပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ၂၀၀၃ ခုနှစ်ကစလို့ ဆင်တဲမီတာစက်ရုံ၊တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ မီတာစက်ရုံတွေမှာ က.စ.လ တံဆိပ် Analog မီတာတွေ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၃ လောက်စလို့ စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ အဲဒီ က.စ.လ အမှတ်တံဆိပ် လျှပ်စစ်မီတာတွေကိုပဲ အသုံးပြုခဲ့ကြရပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ Ever အမှတ်တံဆိပ်နဲ့ ဒီဂျစ်တယ်မီတာတွေကို စတင်ထုတ်လုပ်ခဲ့တာပါ။

သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ Ever တံဆိပ် ဒီဂျစ်တယ် လျှပ်စစ်မီတာတွေ ဟာ ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်း ဝန်ကြီးဌာနက ဝယ်ယူသုံးစွဲခဲ့ရတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ NLD အစိုးရအာဏာရလာပြီးတဲ့နောက် ၂၀၁၆ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းလုပ် ငန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ထံမှ အိမ်သုံးမီတာအလုံးရေ နှစ်သိန်းနဲ့ စက်မှုသုံးမီတာ (၆၀၅၀၀) လုံးကို တိုက်ရိုက်စာချုပ်ချုပ်ဆိုဝယ်ယူရန်နှင့် ဆက်စပ်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါဖြင့်ဝယ်ယူရန် ဝန်ကြီးဌာနအမှုဆောင်အစည်းအဝေးသို့ တင်ပြလာပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးဌာနရဲ့ အမှုဆောင်အစည်းအဝေးက အိတ်ဖွင့် တင်ဒါ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာမို့ တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီအခါမှာ မြန်မာ့စီး ပွားရေးဦးပိုင်က Same Sky Trading ဆိုတဲ့ နာမည်နဲ့ ဝင်ရောက် တင်ဒါပြိုင်ခဲ့ပြီး ဦးပိုင် တစ်ဖြစ်လည်း Same Sky Trading နဲ့ ပုဂ္ဂလိက Alpha Power Engineering ကုမ္ပဏီ ၂ ခုပဲ တင်ဒါ ပြိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် မီတာကို ဖတ်နိုင်တဲ့ အဝေး လက်ကိုင်စက်တွေက Ever မီတာ ထုတ်လုပ်တဲ့ ဦးပိုင်က ပစ္စည်းတွေ စက်တွေဖြစ်တာမို့ အဲဒီစက်တွေနဲ့ ကိုက်ညီတဲ့ ဦးပိုင်ကုမ္ပဏီပဲ တင်ဒါ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို တင်ဒါ အနိုင်ရရှိမှုကို ပြန်လည် သုံးသပ်တဲ့အခါမှာ သတ်မှတ်ချက် Specification တွေ ရှိနေတာမို့ တရားမျှတမှုမရှိနိုင်တဲ့အတွက် ဦးပိုင်လက်အောက်မှာရှိတဲ့ Same Sky တင်ဒါကို ဝန်ကြီးဌာနာက ပယ်ဖျက်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်အတွင်းမှာ ပါဝါမီတာ အလုံး ၃၀၀ တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ဒီတစ်ခါတော့ ဦးပိုင်ရဲ့ Same Sky ၊ Alpha Power နဲ့ Titan Source ကုမ္ပဏီ ၃ ခု တင်ဒါ ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီ ၃ ခုလုံးက အရည်အသွေးမီတဲ့ မီတာ မတင်ပြနိုင်တဲ့အတွက် ၂၀၁၇ ဒုတိယအကြိမ် တင်ဒါလည်း ဝန်ကြီးဌာနက တင်ဒါကို ထပ်မံ ပယ်ဖျက်ခဲ့ပြန်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ တတိယအကြိမ် မီတာတင်ဒါခေါ်ယူခဲ့ပြီး ယှဉ်ပြိုင်သူ ၆ ဦး အထိရှိလာပါတယ်။ အဲဒီမှာ နည်းပညာစိစစ်လိုက်တဲ့အခါ ၂ ဦးကပဲ နည်းပညာအောင်မြင်ပါတယ်။ အဲဒါကတော့ ဦးပိုင်ရဲ့ Same Sky နဲ့ Alpha power တို့ပဲဖြစ်ပါတယ်။ နည်းပညာအောင်မြင်ပြီး ကုမ္ပဏီ ၂ ခုဆီ မီတာဈေးနှုန်း အဆိုပြုမှုတွေ တောင်းခံတဲ့အခါမှာ Alpha power ရဲ့ဈေးနှုန်းစုစုပေါင်းဟာ ၈ ဒသမ ၁ ဘီလီယံခန့်ဖြစ်ပြီး မြန်မာ့စီးပွား ရေးဦးပိုင်ရဲ့ဈေးနှုန်းဟာ ၁၃ ဒသမ ၄ ဘီလီယံခန့်ဖြစ်ပါတယ်။ ထိုအခါမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ အမည်နဲ့ဝင်ပြိုင်တဲ့ Same sky Ever မီတာဟာ ယှဉ်ပြိုင်သော ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ကျပ် ၅၃၄၃ သန်းပိုများနေတဲ့အခါမှာ တင်ဒါရှုံးတယ်ဆိုတာကို သဘောပေါက်သွားပြီးတော့ ပြည်ထောင်စုဝန်ကြီးထံကိုတော့ Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ထိုတင်ဒါကိုပြန်လည်စီစစ်ပေးပါရန် ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။

အဆိုပါကန့်ကွက်စာပေးပို့တဲ့အပေါ်မှာ Alpha power ကုမ္ပဏီ ကလည်း ပြည်ထောင်စုဝန်ကြီးထံကို ယှဉ်ပြိုင်မှုရလဒ်အတိုင်း အတည်ပြုပေးပါရန်ဆိုပြီး ပေးပို့ခဲ့ပါတယ်။ (၇)လပိုင်းမှာကျတော့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က ၎င်းတို့ရဲ့မီတာများကိုဦးစားပေးရွေးချယ်ပေးပါဆိုပြီး ထပ်မံအကြောင်းကြားလာပါတယ်။ ၂၀၁၈ ဇန်နဝါရီလ ဝန်ကြီးဌာနရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးမှာ မိမိတင်ဒါအောင်မြင်မှုအတွက် အစိုးရအရာရှိများထံမှာ၎င်း သြဇာရှိသောပုဂ္ဂိုလ်များထံမှ၎င်း အကူအညီရယူရန်ကြိုးစားလျှင် တင်ဒါအားပယ်ဖျက်သွားမည်ဟုပါရှိပြီး တင်ဒါဈေးနှုန်းဖွင့်ဖောက်ပြီးနောက် ကုမ္ပဏီအသီးသီးက ပြည်ထောင်စုဝန်ကြီးထံ ၎င်းတို့ရဲ့ တင်ဒါအားရွေးချယ်ရန်အကြိမ်ကြိမ်တင်ပြခဲ့ကြမှုအတွက် သမ္မတရုံးရဲ့တင်ဒါနဲ့ပတ်သက်တဲ့ညွှန်ကြားချက်အရ ပယ်ဖျက်ခဲ့ပြန်ပါတယ်။ လျှပ်စစစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာ လ ၁၆ ရက်နေ့မှာ မီတာ အလုံးရေ ၃ သိန်း ၆ သောင်းကျော်အတွက် တင်ဒါခေါ်ယူခဲ့ပြန်ပါတယ်။ ကျေးလက်သုံးမီတာ ၁ သိန်း၊ မြို့ငယ်သုံး မီ တာ ၁ သိန်းခွဲ ၊ မြို့ကြီးသုံး မီတာ အလုံးရေ ၁ သိန်း ၊ လုပ်ငန်းသုံး မီတာ အလုံးရေ ၁ သောင်း ၊ လုပ်ငန်းသုံး ဒုမီတာ အလုံးရေ ၃၇၀၀ စုစု ပေါင်း ၃ သိန်းခြောက်သောင်း သုံးထောင်ခုနစ်ရာအတွက် တင်ဒါ ခေါ်ယူခဲ့တာပါ။

ဒီတစ်ခါတော့ ကုမ္ပဏီ ၉ ခုက အပြိုင်အဆိုင် တင်ဒါ ဝင်ပြိုင်ခဲ့ကြပါတယ်။စီးပွားရေးဦးပိုင်က နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီမှာ တင်ဒါ ရခဲ့ပေမယ့် ဈေးနှုန်းကြီးမြင့်လို့ အဲဒီ တင်ဒါကို သူမရလိုက်ပါဘူး။ ကျေးလက်သုံး မီတာ အလုံးရေ ၁ သိန်းအတွက် Junction River က တင်ဒါ အောင်မြင်ခဲ့ပြီး မြို့နယ် သုံး မီတာ ၁ သိန်းခွဲအတွက် Titan Source ၊ မြို့ကြီးသုံး မီတာ ၁ သိန်း အတွက် Titan Source ၊ လုပ်ငန်းသုံးမီတာတင်ဒါအတွက် Alpha Power က တင်ဒါ အောင်မြင်ခဲ့တာပါ။လျှစ်စစ်ဝန်ကြီးဌာနကတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ ဈေးနှုန်းသက် သာမှုကြောင့် ပြည်သူ့ငွေ ၃၁၂၁ ဒသမ ၅ ကျပ်သန်း သက်သာ သွားတယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျေးလက်မီတာ ၂ သိန်းခွဲ ၊ မြို့ငယ် မီတာအလုံးရေ ၁ သိန်း၊ မြို့ကြီးမီ တာ အလုံးရေ ၂ သိန်း ၇ သောင်းအတွက် တင်ဒါ ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဒီတင်ဒါမှာ ကုမ္ပဏီ ၁၃ ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီ ၉ ခုရှိခဲ့ရာမှာ ဦးပိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်း အဆိုပြု တင်ပြခိုင်းတဲ့အခါမှာ ဦးပိုင်ရဲ့ Ever မီတာတွေဟာ ဈေးကြီးလွန်းတဲ့အတွက် တင်ဒါ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ Junction Over က ကျေးလက်မီတာ တင်ဒါ အားလုံး ရရှိပြီး Supreme Trading က မြို့ငယ်နဲ့ မြို့ကြီး မီတာ အားလုံးကို တင်ဒါ ရရှိသွားခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီက တင်ဒါ ရှုံးနိမ့်မှုတွေ ပယ်ဖျက်ခံရ မှုတွေနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ သက်ဆိုင်ရာNLD အစိုးရအကြီးအကဲတွေကို တိုင်စာတွေပို့ခဲ့ပါတယ်။ ဒီတိုင်ကြားမှုတွေရဲ့ နောက်ဆက်တွဲ ဝန်ကြီးနဲ့ ဒုဝန်ကြီး စစ်ဆေးခံရတဲ့ သတင်းတွေလည်း အတိအကျ ထွက်ပေါ်ခဲ့ပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်ဒါတွေကို တစ်ဦးတည်းကို ပေးခဲ့တာမဟုတ်ဘဲ စည်းကမ်းစည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

နောက်ဆုံးမှာတော့ NLD အစိုးရဘက်က ဦးပိုင်ကုမ္ပဏီရဲ့ တိုင်စာကို ပယ်ချခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မင်းမူခဲ့တဲ့ က.စ.လ တံဆိပ် မီတာတွေနဲ့ Ever ဒီဂျစ်တယ် မီတာတွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ဗိုလ်ချုပ်ကြီးတွေ အလွန်ဒေါပွခဲ့ပြီး Ever လျှပ်စစ်မီတာလို သူတို့ အကျိုး စီးပွားတွေ ပျက်စီးကုန်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ရှိခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် မင်းအောင်လှိုင်ပါဝင်တက်ရောက်တဲ့ ဦးပိုင်ကုမ္ပဏီဗိုလ်ချုပ်ကြီးတွေရဲ့ အစည်းအဝေးတစ်ခုမှာစစ်တပ်အကျိုးစီးပွားကို ကာကွယ်ချင်ရင် အာ ဏာသိမ်းမှ ဖြစ်မယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တချို့ရဲ့တင်ပြချက်တွေကို မင်းအောင်လှိုင်ကို နားထောင်ပြီး ကျေနပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ကြားလာသော အချက်အလက်များ

လက်ရှိ ဦးပိုင်ကုမ္ပဏီမှာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ အစုရှယ်ယာတွေနဲ့ ထည့်ဝင်ငွေ အလွန်းများပြားလှပါတယ်။ တပ်ရင်းတပ်ဖွဲ့ အစုအဖွဲ့ ၅၀ က ရှယ်ယာအစုပေါင်း ၁၀ သန်းနီးပါး ( အတိအကျ အစုရှယ်ယာ ၉,၇၂၆,၄၁၈ စု) ၊ ငွေကြေးအားဖြင့် သန်းပေါင်း ၉၇၂၆ သန်း ပါဝင်နေတယ်လို့ ၂၀၂၁ခုနှစ် ဦးပိုင်ကုမ္ပဏီစာရင်းဇယားတွေအရ သိရှိရပါတယ်။

စစ်မှုထမ်းဟောင်း အစုရှယ်ယာရှင်(လူပုဂ္ဂိုလ်) ၃၉၇၂၅၉ ဦးရဲ့ ထည့်ဝင်မှု ငွေကျပ်သန်း ၂၂၅၇၂၉ သိန်း ( ၂၂၅၇၂၉၆၄၈၀၀၀ ကျပ်) ပါဝင်ပါတယ်။ စစ်မှုထမ်းဟောင်း(အဖွဲ့အစည်း) အစုရှင် ၁၇၆၃ ဦးရဲ့ ရှယ်ယာ ၈၁၆၃၈၇၈၈ စု တန်ဖိုးအားဖြင့် ကျပ်သန်း ၈၁၆၃၈ သောင်း( ၈၁၆၃၈ ၇၈၈၀၀၀ ကျပ်) ပါဝင်ပါတယ်။

ဦးပိုင်မှာ စစ်တပ်အသိုင်းအ၀ိုင်းက စုစုပေါင်း အစုရှင် ၃၉၉၀၇၂ ဦး ရှိပြီး တန်ဖိုးငွေ ၃၁၇၀၉၄၈၅၄၀၀၀ ကျပ် ပါဝင်နေကြတာဖြစ်ပါတယ် ။ (လာမယ့်အပတ်တွေမှာ ဦးပိုင်ကုမ္ပဏီအကြောင်း အတွင်းရေးတွေနဲ့ ဘယ်လိုစီမံခန့်ခွဲလုပ်ကိုင်နေလဲဆိုတာကို တင်ပြမှာဖြစ်ပါတယ်) khit thit

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့များ ထိုင်လေ့ရှိသည့် စား သောက်ဆိုင် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထ်ိုင်လေ့ရှိသည့် စားသောက်ဆိုင် ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက လက်လုပ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။အဆိုပါ တ်ိုက်ခိုက်မှုကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)နှင့် အဖွဲ့ခွဲဖြစ်သည့် DK PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ည ၇ နာရီ ဝန်းကျင်အချိန်မှာ အုန်းတောရွာက ကုဋေထိုက်ဆိုတဲ့ စားသောက်ဆိုင်ကို လက်လုပ်ဗုံး နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီဆိုင်မှာက ဒလန်တွေ စစ်ခွေးတွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ အမြဲတမ်း တွေ့ဆုံနေတဲ့ နေရာ ဖြစ်တယ်ဆိုတာကို ခိုင်မာတဲ့ သ တင်းရလို့ ကျွန်တော်တို့အဖွဲ့နဲ့ အဖွဲ့ခွဲ ဖြစ်တဲ့ DK PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။ အပျက်အစီးအခြေအနေတော့ မသိရသေးပါဘူး” ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်လုပ်ဗုံးနှစ်လုံးဖြင့် ပစ်သွင်း တိုက်ခိုက်မှုကြောင့် စားသောက်ဆိုင်ခန်းအတွင်း ပျက်စီးမှုများ ရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။“ဒီနေ့ မနက်တော့ ရွာက ငြိမ်နေပြီး လူသွားလူလာနည်းနည်းပါးသွားတယ်။ ညက လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် သူတို့က တစ်ရွာလုံးကိုမီးတွေ ဖြတ်ပလိုက်တယ်။ ဆိုင်ထဲကနေတော့ အော်သံတွေ ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) အဖွဲ့သည် အခြားဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီ ယာဉ်တန်းများနှင့် စစ်ကောင်စီထောက်တ်ိုင်များအား တိုက်ခိုက်နေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။mizzima

« Older Entries Recent Entries »