Monthly Archives: Jan 2022

မန္တလေးပစ်ခတ်မှုတွင် ၁၅ နှစ်သမီးသေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး၌ ယနေ့ (ဇန်န၀ါရီ ၁၃) နံနက် ၇ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ် ပွားခဲ့အပြီး ရုံးရှေ့ရှိ စစ်ကောင်စီတပ်သားတို့က ပတ်ဝန်းကျင်ကို ပစ်ခတ်ရာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဒဏ်ရာရသူ ၂ ဦး ရှိသည်ကိုလည်း တွေ့ရကြောင်း ထိုမြို့နယ်မှ အမျိုးသားတစ်ဦးက ဆိုသည်။

“အုန်းဆို ပေါက်ကွဲပြီး သေနတ်သံတွေ တရစပ် စပစ်တယ်။ ကောင်မလေးက ပွဲချင်းပြီးပဲ။ အမျိုးသားနှစ်ဦးကတော့ ဒဏ်ရာပဲရတယ်။ အားလုံးကို လူမှုရေးကားနဲ့ တင်သွားပါပြီ” ဟု အမည်မဖော်လိုသော အသက် ၃၀ ဝန်းကျင် ထိုအမျိုးသားက ပြောသည်။

၆၄ နှစ်အရွယ် အမျိုးသား ဘယ်ဘက်ပခုံးထိမှန်ပြီး ၄၅ နှစ်အရွယ် အမျိုးသားမှာ ဘယ်ဘက်နားရွက် ရှပ်ထိဒဏ်ရာရကြောင်း ဒေသခံက ဆက်ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်ကြောင်း မသိရသေးသလို ဗုံးပစ်တိုက်ခိုက်ခံရမှု၊ သေဆုံးဒဏ်ရာရမှုများနှင့် ပတ်သက်၍ မေးမြန်းရန် Myanmar Now က အောင်မြေသာစံမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိကြပေ။

ယင်းသို့ အမျိုးသမီးငယ်သေဆုံးရခြင်းမှာ ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး ဗုံးပစ်တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း စစ်ကောင်စီတပ်သားတို့ကို ကိုးကားပြီး လူသိမများသည့် Facebook စာမျက်နှာတချို့တွင် နာရီပိုင်းအတွင်း ရေးသားဖော်ပြခဲ့ကြသည်။

သေဆုံးမှုမှာ စစ်သားတို့၏ လက်ချက်ဖြစ်သည်ဟု ညောင်ကွဲရပ်ကွက်နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့ရမ်းပစ်လို့ သေတာပါ။ ဗုံးစထိလို့မဟုတ်ပါဘူး” ဟု ထိုရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် အမျိုးသားက ပြောသည်။

သေဆုံး၊ ဒဏ်ရာရသူတို့ကို လူမှုကူညီရေးကား(၃) စီးက သယ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်က ညောင်ကွဲအုပ်ချုပ်ရေးရုံးအနီး လမ်းကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများကို စစ်ဆေးရှာဖွေနေသည်ဟု ဒေသခံတို့က ဆိုကြသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် သေဆုံးသူ၊ ဒဏ်ရာရသူတို့၏ မိသားစုဝင်များကို ဆက်သွယ်နေဆဲ ဖြစ်သည်။

ဒီဇင်ဘာ ၆ ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်တွင် စစ်သားတို့၏ပစ်ခတ်မှုကြောင့် နေအိမ်ရှေ့တွင် ဆော့ကစားနေသည့် ၅ နှစ်အရွယ် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသေးသည်။

ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြား အောင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်သည်မပေါ်သည့် ပေါက် ကွဲမှု သုံးကြိမ်ဖြစ်ခဲ့ပြီးနောက် ထိုနေရာ၌ တပ်စွဲထားသည့် စစ်သားများက လမ်းကြိုလမ်းကြားမကျန် လိုက်လံပစ်ခတ်စဉ် မအိသန္တာအောင်ဆိုသည့် အဆိုပါ မိန်းကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ လူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုထား သည်။

ဖေဖော်ဝါရီ၁ အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်သည့် မန္တလေးမြို့တွင် စစ်ကောင်စီတပ်သားတို့က ကားနှင့်တိုက်၊ ပစ်ခတ်နှိမ်နင်းခဲ့သည်။ ရဟန်းသံဃာများပါမချန် ဒေသခံအများအပြား ဖမ်းဆီးနှိပ်စက်ခံနေရသည်။

ထိုလုပ်ရပ်များကို ခုခံသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

ထိုသို့ဖြစ်စဉ်များအတွင်း စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတို့ ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိနေသော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။

နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီတပ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။

ဒီဇင်ဘာ ၂၃ ရန်ကုန် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ် စစ်ခေါင်းဆောင်က သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။ myanmar now

ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်း ရွှေဘိုထောင်ရောက်၊ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲခံရ

ပြီးခဲ့တဲ့ တလ ကျော်က စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတဲ့  ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းကို ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ထားပြီး  ဇန်နဝါရီ  ၁၃  ရက် ဒီနေ့ ရွှေဘိုအကျဉ်းထောင်ကို  ရွေ့ပြောင်းထားလိုက်ပြီလို့ သူ့ရဲ့ မိသားစုနဲ့  ရှေ့နေထံကနေ  သိရပါတယ်။ 

“သူ့ကို ဒီနေ့ပဲ ရွှေဘိုထောင်ကို ရွေ့လိုက်တယ်လို့ ထောင်အာဏာပိုင်က လှမ်းအကြောင်းကြားတာပါ။ အဝတ်အစားတွေလည်း ပို့လို့ရပြီလို့ ပြောလာပါတယ်” လို့   သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့   အထက်တန်းရှေ့နေ ဒေါက်တာဖိုးဖြူက ဒီဗွီဘီကို ပြောပါတယ်။

ကိုအောင်စံလင်းကို စွဲထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အမှုအတွက် ရုံးချိန်းကိုတော့ အခုလာမယ့် ဇန်နဝါရီ  ၂၆ ရက်နေ့ ရွှေဘိုထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး အမှုကို လိုက်ပါဆောင်ရွက်ဖို့အတွက် ဒီနေ့ပဲ ပါဝါလက်မှတ်ထိုးဖို့ စီစဉ်နေပြီလို့  ရှေ့နေက ပြောပါတယ်။

အသက် ၄၆ နှစ်အရွယ် ကိုအောင်စံလင်းကို  ရွှေဘိုထောင်ထဲက သီးသန့်တိုက်ထဲမှာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းတယ်လို့ ထောင်အာဏာပိုင်တွေဆီက သိရပါတယ်။

ကိုအောင်စံလင်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပင်းဇင်းကျေးရွာ က သူ့အိမ်မှာ ၀ရမ်းမပါဘဲနဲ့ လာဖမ်းသွားတာဖြစ်ပါတယ်။ 

စတင်ဖမ်းဆီးစဉ်က ရွှေဘိုရဲစခန်းမှာ ထားရှိပြီး ဒီနောက် စစ်တပ်စစ်ကြောရေးစခန်းကို ရောင်သွားချိန်မှာ  မိသားစုက စုံစမ်းမရတော့ဘဲ ပျောက်ဆုံးနေရာက   အခုတလနဲ့ တရက်ပြည့်တဲ့ နေ့ကျမှ ရွှေဘိုထောင်ကို ပို့လိုက်ပြီလို့ မိသားစုဆီ ထောင်အာဏာပိုင်က အကြောင်းကြားလာတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီဗွီဘီသတင်းထောက်တွေအပါအဝင် သတင်းသမား  ၁၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြန်လည် လွတ်မြောက်လာသူ သတင်းထောက် ၇၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းထောက် အယောက် ၃၀ ကတော့ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဓာတ်ပုံသတင်းထောက် တစ်ဦးကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)  စတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ထားတာဖြစ်ပါတယ်။ DVB

မတူပီမြို့နယ်ရှိ ထယ်ဘွေးစခန်းကို ကာကွယ် ရေးတပ်ဖွဲ့ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီ – ပလက်ဝလမ်းမပေါ်ရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းတစ်ခုဖြစ်သည့် ထယ်ဘွေးစစ်စခန်းအား စနိုက်ပါဖြင့် ပစ် ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF Matupi )မှ ယမန်နေ့ ဇန်နဝါ ရီ လ ၁၂ရက် တွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ ညနေ ၄နာရီတွင် CDF Matupi တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ အထိခိုက်အကျဆုံးမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထယ်ဘွေးတပ်စခန်းတွင် စစ်ကောင်စီ အင်အား၅၀ခန့်ရှိပြီး မတူပီ – ပလက်ဝလမ်း အားဆက်သွယ် ထားသည့် အချက်အချာကျသောနေရာတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃ရက်က ယင်းထယ်ဘွေးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း CDF Matupi မှ ထုတ်ပြန်ခဲ့သေးသည်။

ချင်းပြည်နယ် မင်းတပ်မြို့ဘက်မှ မတူပီမြိုနယ်သို့ ထွက်ခွာလာသည့် သံချပ်ကာ နှစ်စီး အပါအဝင် ယာဉ် ၈၃ စီးပါ စစ်ကောင်စီ ယာဉ်တန်းအား CDF Mindat မှ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်နုသုမ် သဘာဝသစ်တောကြိုးဝိုင်း ဧရိယာ အတွင်းရှိ တောများ၊ မြက်ခင်းများနှင့် သစ်ပင်များအား လက်လွတ်စပယ် မီးရှို့သွားကြကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ mizzima

ချေးငွေပြန်မဆပ်သည့် ဧရာဝတီလယ်သမားများကို လယ်သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်း ခြောက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေ စိုက်ဘဏ်ချေးငွေပြန်မဆပ်ပါက လယ်သိမ်းယူတာတွေ ပြုလုပ်သွားမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

စိုက်ဘဏ်ချေးငွေပြန်မဆပ်ပါက လယ်သိမ်းမယ်ဆိုတဲ့အကြောင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လယ်သမားတွေကို ခေါ်ယူပြီး ပြောဆိုခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ပုသိမ်မြို့ခံ လယ်သမားတဦးက “ဘဏ်မန်နေဂျာကတဆင့် ပြောခိုင်းလိုက်တာလို့တော့ ပြောတယ်။ ချေးငွေပြန်မဆပ်လို့ မင်းတို့လယ်မြေ ပုံစံ ၇ တွေ သိမ်းလိုက်ရင် မင်းတို့လယ်တွေက နိုင်ငံတော်ပိုင်ဖြစ်သွားမယ်ဆိုပြီးပြောတာ” လို့ ပြောပါတယ်။

စိုက်ပျိုးရေးဘဏ်က တစ်နှစ်ကို စိုက်ပျိုးရေးစရိတ် ၂ ကြိမ်ထုတ်ချေးလေ့ရှိပြီး လယ်သမားတွေက ချေးငွေရရှိဖို့အတွက် ပုံစံ ၇ ကို ဘဏ်မှာ အပေါင်သဘောမျိုးထားပြီး ချေးယူရလေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသုံးသွင်းအားစုတွေ ၂ ဆကျော်ဈေးနှုန်းမြင့်တက်ခဲ့တာကြောင့် ဧရာဝတီတိုင်းအတွင်းက လယ် သမားအချို့ စပါးဈေးကောင်းပေမယ့် အရှုံးပေါ်ပြီး ချေးငွေပြန်မဆပ်နိုင်သေးတဲ့ တောင်သူတွေများတယ်လို့ ဒေသခံတောင်သူ လယ်သမားတွေက ပြောဆိုပါတယ်။ DVB

(၅၉) နှစ်မြောက် တအာင်းအမျိုးသား တော် လှန်ရေးနေ့ အခမ်းအနားကျင်းပ

(၅၉) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) တာဂျုတ်ဂျားနှင့် စစ်ဦးစီးချုပ် တာဟိုပလန်တို့ အပြင် ခေါင်းဆောင်များ၊ သံဃာတော်များနှင့် ပြည်သူအချို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။PSLF/TNLA တပ်ဖွဲ့သည် ယခုနှစ်သစ်မှ စ တင် ကာ ဦးထုပ်နှင့် လက်မောင်းဘတ်တံဆိပ်များကို ပြောင်းလဲ အသုံးပြုထားသည်ကို တွေ့ရှိရသည်။ khit thit

ဖျာပုံထောင်မှ အကျဉ်းသား ၁ ဦး ထောင်ပိုင်ကြီးအိမ်၌ သန့်ရှင်းရေးလုပ်နေစဉ် ထွက်ပြေး လွတ်မြောက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့က အကျဉ်းထောင်က အကျဉ်းသားတယောက် ထွက်ပြေး လွတ်မြောက်သွားပြီး ၄ ရက် ကြာတဲ့အထိ  ပြန်ဖမ်းမမိသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ထွက်ပြေးသွားတဲ့ အကျဉ်းသားဟာ ထောင်ပိုင်ကြီး ဦးမျိုးဇော်ထွန်းရဲ့ နေအိမ်မှာ သန့်ရှင်းရေးလုပ်ဖို့ စေခိုင်းထားချိန်မှာ ထွက်ပြေးလွတ် မြောက်သွားတာဖြစ်တယ်လို့ ပြောပါတယ်။

“သူက ခိုးမှုနဲ့ထောင်ကျတာ ဟင်္သာတထောင်ကနေ ဖျာပုံထောင်ရောက်လာတာ လွတ်ဖို့ကတော့ သိပ်မလိုတော့ဘူး ထောင်ပိုင်အိမ်မှာသန့်ရှင်းရေးလုပ်ခိုင်းထားတဲ့အချိန်မှာ ပြေးသွားတာ ပြန်တော့ မမီသေးဘူး”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ အကျဉ်းသားမှာ ခိုးမှုနဲ့ထောင်ကျထားတဲ့ နိုင်ဦးဆိုသူဖြစ်ပြီး လွတ်ဖို့အတွက် ၁၀ လဝန်းကျင်လိုသေးတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်နဲ့ ဖျာပုံစတဲ့ ခရိုင်တွေမှာ အကျဉ်းထောင်တွေရှိပြီး ၂၀၂၂ ခုနှစ်အတွင်း အကျဉ်းသားထွက် ပြေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ DVB

မြန်မာ၌ စာနာမှုအကူအညီများ ပေးအပ်နိုင်ရန်အတွက် တိုက်ပွဲရပ်နားမှု ဖြစ်မြောက်စေရေး လုပ်ဆောင်ရန် အာဆီယံကို ကုလသံတမန် တိုက်တွန်း

စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အလို့ငှာ တိုက်ခိုက်မှုများ ရပ်စဲခြင်းကို ဖြစ်မြောက်စေရန်အတွက် ကုလသမဂ္ဂနှင့် လက်တွဲလုပ်ဆောင်ရန် မြန်မာဆိုင်ရာ ကုလအထူးသံတမန်ဖြစ်သူက အာဆီယံကို တိုက်တွန်းခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်း ဟေဇာက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ၌ မြန်မာနိုင်ငံအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ငြိမ်းချမ်းရေးလမ်းပြမြေပုံ အကောင်အထည်ဖော်ြခင်းအတွက် အကြမ်းဖက်မှုကို ချက်ချင်း ရပ်စဲခြင်းနှင့် သက်ဆိုင်သူအား လုံး၏ အစွမ်းကုန် ထိန်းသိမ်းသည်းခံမှုက အဓိကကျသည်ဟု သူမက ပြောသည်။

မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မည်ကဲ့သို့ ဆက်ဆံမလဲ ဆိုသည်နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား သဘောကွဲလွဲမှု လက္ခဏာရပ်များ ရှိနေချိန် ဟေဇာ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ဆက် ဆံမှုကို ပိုမို လိုလားကြောင်း ပြသထားသော်လည်း မလေးရှား၊ အင်ဒိုနီးရှားကဲ့သို့သော အဓိကအဖွဲ့ဝင်နိုင်ငံများကမူ ဘုံသဘောတူညီချက် ငါးချက် အစီအစဥ်ကို အပြည့်အဝ အကောင်အထည်မဖော်နိုင်မချင်း မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို ဆက်လက်ပြီး သီးခြားခွဲထုတ်ထားရန်ကို အခိုင်အမာ ပြောဆိုနေကြသည်။

အာဆီယံအုပ်စုအတွင်း အမြင်သဘောကွဲမှုများ ရှိနေချိန် လာမည့်အပတ်တွင် ကျင်းပရန် စီစဥ်ထားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယခုအခါ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ရပြီ ဖြစ်သည်။

ထို အစည်းအဝေး ရွှေ့ဆိုင်းရခြင်းမှာ အစီအစဥ် အချိန်ဇယား တိုက်ဆိုင်မှုများကြောင့် ဖြစ်သည်ဟု ကမ္ဘောဒီးယားက ပြောဆိုထားသော်လည်း သံတမန် ရင်းမြစ်များက ပြောကြားရာတွင် ယင်းရွှေ့ဆိုင်းမှုက အသရေဆည်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်ဝန်ကြီးအချို့က သပိတ်မှောက်မှု ပုံစံတစ်ခုအဖြစ် ယင်းအစည်းအဝေးကို တက်မည်မဟုတ်ဟု အရိပ်အမြွက် ပြောထား၍ဖြစ်ကြောင်း ပြောဆိုကြသည်။

ဟွန်ဆန်၏ ဆက်ဆံဆွေးနွေးမှု မဟာဗျူဟာကို ဆန့်ကျင်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပြီးခဲ့သည့်အပတ်က ကမ္ဘောဒီးယားခေါင်းဆောင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ဆုံးဖြတ်ချက်ကိုလည်း သဘောမကျဖြစ်နေခဲ့သည်ဟု သိရသည်။ mizzima

မြန်မာအလုပ်သမားများအတွက် နေထိုင်ခွင့်ကတ်၊ အလုပ်သမားကတ်ထုတ်ပေးရေး စင်တာ ၅ ခု ထိုင်းဖွင့်လှစ်

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေအတွက် နေထိုင်ခွင့်အထောက်အထားကတ်နဲ့ အလုပ်သမားကတ်တွေ ထုတ်ပေးမယ့်စင်တာကို  စတင်ဖွင့်လှစ်လိုက်ပါတယ်။ 

မြန်မာအလုပ်သမားတွေအတွက် စီအိုင် (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအစိမ်းရောင်စာအုပ်) နဲ့ အလုပ်သမားကတ်တွေ ထုတ်ပေးမယ့်စင်တာကို ချွန်းပူးရီ၊ ချင်းမိုင်၊ ရနောင်း၊ စမွတ်ပရကန်နဲ့ စမွတ်စခွန်း စတဲ့ ခရိုင် ၅ ခုမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် နေ့ က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

အဆိုပါအထောက်အထားတွေကို ဒီနှစ် ဇန်နဝါရီ ၁၀  ရက်နေ့ကနေ ဩဂုတ‌ေ ၁ ရက်နေ့ နောက်ဆုံးထားပြီး နေ့စဉ် တနင်္လနေ့မှ စနေနေ့ထိ ရုံးချိန်အတွင်း (တနင်္ဂနွေနဲ့အ စိုးရရုံးပိတ်ရက်မှအပ) လာရောက်ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ 

ဆောင်ရွက်နည်းအဆင့် ၅ ဆင့်ရှိပြီး – 

အဆင့် (၁)။  ဆဲဗဲင်းအီလဲဗင်းငွေသွင်းကောင်တာမှာ ငွေ ၃၁၀ ဘတ်ပေးသွင်း၍  အချိန်းအချက်တို ကင်ပြားကြိုတင်ရယူရန်၊ 

အဆင့် ( ၂ )။  ချိန်းဆိုရက်တွင် စင်တာသို့ လူကိုယ်တိုင်လာရောက်ပြီး အဝင်ဝတွင် ATK ဖြင့် ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးခံယူရန်၊ 

အဆင့် (၃)။ မည်သူမည်ဝါဖြစ်ကြောင်းအစိမ်းရောင်စာအုပ် (CI) နှင့် အလုပ်သမားကဒ်ထုတ်ယူရန်  ထိုင်းလဝက၊ ထိုင်းပြည်ထဲရေးဌာန၊ မြန်မာအလုပ်သမားရုံး နှင့် ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး တာဝန်ရှိသူများမှ မိမိကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်း၊ လူတွေ့မေးခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း ပြုလုပ်မည်။  CI ကတ်နှင့် (Overseas Worker Identification Card: OWIC ) နိုင်ငံခြားအလုပ်သမားကတ်ထုတ်ပေးမည်။ 

အဆင့် (၄)။ အလုပ်လုပ်ခွင့်သက်တမ်းပေးခြင်း၊ ကျန်းမာရေးအာမခံကတ်၊ လူမှုဖူလုံရေးကတ်ဆောင်ရွက်ရန်လမ်းညွှန်ခြင်း၊ အလုပ်ရှင်/ အလုပ်အကိုင်လိပ်စာ (ပြောင်းရန်ရှိက ပြောင်းလဲခြင်း) 

 အဆင့် (၅)။ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဗီဇာတုံးထုပေးခြင်း စတဲ့အဆင့်တွေ ပါဝင်ပါတယ်။ 

အထောက်အထားပြုလုပ်ပေးသော စင်တာ ၅ ခုလိပ်စာများမှာ

၁) ချွန်းပူးရီး – ဆယမ်နင်းဂျားဈေး အမှတ် ၃၀၂၃ ချွန်းနားဘုတ်အဝေးပြေးလမ်း နောင်ဟုန်ရပ်ကွက် ဖန်းထောင်းန်မြို့နယ် ။

၂) ချင်းမိုင် – အမှတ် ၁၃၈ နယ်မြေ ၄ ထာ့ဆာလားရပ်ကွက် ချင်းမိုင်မြို့။ 

၃) ရနောင်း – အမှတ် ၈၉/၂၉၆ နယ်မြေ ၁ ပါတ်နမ်းရပ်ကွက် ရနောင်းမြို့ ။

၄) စမွတ်ပရကန် – အမှတ် ၃၃၉/၂ နယ်မြေ ၉ ဆုခ်ဆဝဒီးလမ်း ၇၄ ဖရပဒဲန်းမြို့ ။

၅) စမွတ်စခွန်း – မဟာချိုင်းအော်တိုဖက်ထ်ကုမ္ပဏီ အမှတ် ၃၂/၈ ဆေတကစ်လမ်း ၁ ထာ့ဆိုင်းရပ်ကွက် စမွတ်ဆာခွန်းမြို့ တို့ဖြစ်ပါတယ်။  DVB

DKBA ဗိုလ်စလုံးစခန်းကို စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ဖလူးလေးကျေးရွာရှိ ပြည်သူပိုင်နေအိမ်များ ပျက်စီး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးလေးကျေးရွာအနီးရှိ DKBA ဗိုလ်စလုံးစခန်းကို အကြမ်းဖက်စစ်တပ်က ယမန်နေ့မှစတင်ပြီး လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ဖလူးလေးကျေးရွာရှိ ပြည်သူပိုင် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရပ်ကွက်များထံ မှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် BGF တပ်များက ဖလူးလေးကျေးရွာအနီးရှိ DKBA ဗိုလ်စလုံး စခန်းကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း၊ ယင်းသို့ ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီး များဖြင့် ဗိုလ်စလုံးစခန်းကို ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

“စစ်တပ်က လက်နက်ကြီးတွေ အရမ်းပစ်တယ်။ ဒါပေမယ့် ဟိုဘက်မှာ အဖွဲ့ပေါင်းစုံက ဝင်ကူကြတယ်။ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးတွေက ပြည်သူတွေရဲ့ အိမ်တွေကို ထိတယ်။ အခုထက်ထိတော့ မနေ့ညနေကစပြီး အခုအထိ DKBA ဗိုလ်စလုံးတို့ဘက် ထိန်းထားနိုင်တယ်။ အ ကျအဆုံးလည်း မရှိဘူး။ ထိခိုက်တာ နည်းနည်းပါးပါးပဲရှိတယ်”ဟု KNLA စစ်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံအတွင်းသို့ ကျည်ကျရောက်မှုများရှိနေပြီး စစ်ဘေးရှောင်စခန်းများအတွင်းသို့လည်း ကျည်များကျရောက်ကြောင်း၊ ဖလူးလေးကျေးရွာတစ်ဖက်ကမ်း နွားခြံအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ရ ကြောင်း သိရှိရသည်။ khit thit

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေချိန် လေတပ်ဦးစီးချုပ်သစ် အစားထိုးခန့်

မြန်မာစစ်ခေါင်းဆောင်ဟာ တပ်မတော်(လေ)ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို ဇန်နဝါရီ ၁၀ ရက်မှာ ရာထူးကနေ ဖယ်ရှားလိုက်ပြီး  စစ်ဦးစီးအရာရှိချုပ်(လေ)ဒုဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်တပ်နဲ့ ပြည်တွင်း မီဒီယာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ 

အသက် ၅၇ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရာထူးကနေ ဘာကြောင့်ဖယ်ရှားခဲ့တာလဲဆိုတာမသိရသလို လေတပ်ဦးစီးချုပ် ဖယ်ရှားခံရခြင်း ရှိ၊ မရှိ မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကိုလည်း  စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ရိုက်တာ သတင်းဌာနအနေနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို တိုက်ရိုက်ဆက်သွယ်လို့ မရခဲ့ပဲ စစ်တပ်ကတဆင့် မှတ်ချက်ပေးဖို့ တောင်း ဆိုချက်ကိုလည်း ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ လေးနှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် စစ်ဘက် တာဝန်ပြီးဆုံးသွားခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတခုဖြစ်တဲ့ Eleven Media က ရေးပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ခုခံစစ်ပွဲဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို  ချေမှုန်းဖို့အတွက် စစ်ကောင်စီက လေတပ်ကို အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

လတ်တလော စစ်ကိုင်းတိုင်းနဲ့ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တွေမှာ စစ်တပ်က တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အရပ်သားတွေ သေဆုံးခဲ့ရသလို အိုးအိမ်တွေလည်းပျက်စီးခဲ့ရတယ်လို့   ဒေသခံတွေက ဒီဗွီဘီကို  ပြောပါတယ်။ 

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ  မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ သားဖြစ်ပြီး သူနဲ့ သူ့မိသားစုဟာ စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဆက်စပ် အပိုပစ္စည်းတွေဝယ်ယူရာမှာ ကိုယ်ကျိုးစီးပွားအရ ပင်ပတ်သက်နေတယ်လို့ ရိုက်တာရဲ့ စုံစမ်းထောက်လှမ်း သတင်းပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ စင်ကာပူမှာ အခြေစိုက်နေထိုင်တဲ့ သူ့ရဲ့ တူနဲ့ တူမတွေဟာ မြန်မာနိုင်ငံရဲ့ လေကြောင်း ကဏ္ဍမှာ အကြံဉာဏ်တွေပေးတာ၊ လေယာဉ်အပိုပစ္စည်းတွေဝယ်ယူတာ၊ လေယာဉ်ငှားရမ်းမှုနဲ့ ပြုပြင်ထိမ်းသိမ်းမှုတွေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို မိသားစု စီးပွားရေးအဖြစ် လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ 

စင်္ကာပူရှိ ဈေးကြီးတဲ့နေရာတွေမှာ ပါတီပွဲတွေနဲ့ ဘန်ကောက်၊ လန်ဒန်နဲ့ ဆန်တိုရီနီ ခရီးစဉ်တွေကို ပြသထားတဲ့ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံတွေနဲ့ ပို့စ်တွေဟာ သာမန် မြန်မာပြည်သူတွေ လက်လှမ်းမမီနိုင်လောက်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ မိသားစုဝင်တွေရဲ့ဘဝနေထိုင်မှုပုံစံကို ထင်ဟပ်နေပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ကာကွယ်ရေးဦးစီးချုပ်(လေ)တာဝန်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး   အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တယောက်လည်း ဖြစ်တာကြောင့် အမေရိကန် အစိုးရရဲ့  ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ခံထားရပါတယ်။ DVB

« Older Entries