ထီးချိုင့်မြို့နယ်တွင် စစ်တပ်က တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်း၌ စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲနေသည့်ပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးနှင့် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ထီးချိုင့်မြို့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ မရမ္မသိမ်ကျေးရွာအနီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းဖြင့်ပါ ထိုးစစ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။ 

ယနေ့ နံနက် ၆ နာရီခွဲခန့်ကတည်းက စစ်ကောင်စီက လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မရမ္မသိမ်ကျေးရွာအနီး နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက Myamar Now ကို ပြောသည်။

“မနက် ၆ ခွဲလောက်ကစပြီး လက်နက်ကြီးတွေ တဒိန်းဒိန်းပစ်နေတာ။ အပြန်အလှန်တိုက်ပွဲဖြစ်နေတာ ထင်တယ်။ မရမ္မသိမ်မှာ ဖြစ်နေတာ၊ တောမရဲ့ အနောက်ဘက်က ထုံးကျောက်တောင်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ အဲဒီမှာ PDF စခန်း ရှိတယ်ထင်တယ်” ဟု ထိုဒေသခံက ဆိုသည်။

အဆိုပါ နေရာတွင် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ခွဲတစ်ခုက ဇန်နဝါရီ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ကာ ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကျွန်းပင်သာကျေးရွာအနီးသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သားများ လာရောက်ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။  

“တိုက်ပွဲက မနက်ကတည်းက စဖြစ်တယ်။ လက်နက်ကြီးပစ်ကူနဲ့ မရမ္မသိမ်ဘက်ကို ထိုးနေတယ်။ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ မြေပြင်အခြေအနေကတော့ အတိအကျမသိရသေးဘူး” ဟု ထီးချိုင့်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်လေယာဉ်နှစ်စီးမှ ဗုံးခုနစ်လုံးခန့် ကြဲချခဲ့ကြောင်း၊ ၁၀ မိနစ်ခန့်ကြာ တိုက်ခိုက်ပြီးနောက် နံနက် ၁၁ နာရီကျော်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း မရမ္မသိမ်ဒေသခံက ဆိုသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်နေသည့် ကျေးရွာအနီးဝန်းကျင်ရှိ မရမ္မသိမ်၊ စဉ့်ကူးဆိပ်၊ တောမ၊ ဝါးဘိုး ချောင်း၊ ပတ်တဲ၊ ကျည်းကန်းချောင်း၊ ထုံးဘို စသည့်‌ကျေးရွာများမှ ဒေသခံရွာသားများမှာ ယမန်နေ့ ညနေပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရွာသားတွေကတော့ ရွာထဲမှာ မနေရဲတော့ဘူး။ တွေ့ရာပြေးကြရတာပဲ၊ ရွာထဲမှာ နေရာ သူတို့ (စစ်တပ်) က တွေ့တဲ့နေရာ ရိုက်နှက်ဆိုတော့ အကုန်လုံးက ကြောက်နေကြရတာ။ ရွာသူရွာသားတွေကတော့ အထိအခိုက် မကြားရသေးဘူး” ဟု အထက်ပါ ဒေသခံအမျိုး သားက ပြောသည်။​

ပြီးခဲ့သည့် ဇန်နဝါရီ ၅ နှင့် ၆ ရက်များတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်ကြောင်း သတိပေးခြိမ်းခြောက်ခဲ့သည့်အတွက် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများမှာ ဗုံးခိုကျင်းတူးကာ ပြင်ဆင်နေသည်။ 

ယခုလဆန်းပိုင်းတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ပုံညာနှင့် ပြဒါးရှင်ဟု အမည်ရ ရေယာဉ် ၂ စီးကို ဒေသခံ PDF အဖွဲ့က သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့သည်။ 

စစ်ကောင်စီက စစ်အင်အားနှင့် ခဲယမ်း၊ ရိက္ခာများကို ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းများမှ ပို့ဆောင်နေရာ အဆိုပါ ထောက်ပို့လမ်း ကြောင်းများကို ထီးချိုင့်အပါအဝင် ဒေသအချို့ရှိ ဒေသခံ PDF များက မကြာခဏ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s