မတူပီမြို့နယ်ရှိ ထယ်ဘွေးစခန်းကို ကာကွယ် ရေးတပ်ဖွဲ့ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီ – ပလက်ဝလမ်းမပေါ်ရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းတစ်ခုဖြစ်သည့် ထယ်ဘွေးစစ်စခန်းအား စနိုက်ပါဖြင့် ပစ် ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF Matupi )မှ ယမန်နေ့ ဇန်နဝါ ရီ လ ၁၂ရက် တွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ ညနေ ၄နာရီတွင် CDF Matupi တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ အထိခိုက်အကျဆုံးမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထယ်ဘွေးတပ်စခန်းတွင် စစ်ကောင်စီ အင်အား၅၀ခန့်ရှိပြီး မတူပီ – ပလက်ဝလမ်း အားဆက်သွယ် ထားသည့် အချက်အချာကျသောနေရာတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃ရက်က ယင်းထယ်ဘွေးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း CDF Matupi မှ ထုတ်ပြန်ခဲ့သေးသည်။
ချင်းပြည်နယ် မင်းတပ်မြို့ဘက်မှ မတူပီမြိုနယ်သို့ ထွက်ခွာလာသည့် သံချပ်ကာ နှစ်စီး အပါအဝင် ယာဉ် ၈၃ စီးပါ စစ်ကောင်စီ ယာဉ်တန်းအား CDF Mindat မှ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်နုသုမ် သဘာဝသစ်တောကြိုးဝိုင်း ဧရိယာ အတွင်းရှိ တောများ၊ မြက်ခင်းများနှင့် သစ်ပင်များအား လက်လွတ်စပယ် မီးရှို့သွားကြကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ mizzima