Monthly Archives: Jan 2022

ကောလင်းတွင် လုပ်ငန်းရှင်များကို ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၁၀၀ ပေးမှ ညှိနှိုင်းပြန်လွှတ်ပေးမှုများရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် စစ်တပ်က ငွေကြေးချမ်းသာသူများနှင့် လုပ်ငန်းရှင်များကို ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၁၀၀ တောင်းယူပြီး ညှိနှိုင်း ပြန်လွှတ်ပေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး စစ်တပ်က ၎င်းတို့ မသင်္ကာဖြစ်သူများနှင့် ငွေကြေးချမ်းသာသူ လုပ်ငန်းရှင်များကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးပြီး ရဲစခန်းများ၊ ထွေအုပ်ရုံးများတွင် ခေါ်ယူထားပြီး မေး မြန်းမှုများရှိကြောင်း၊ နေအိမ်မှ ထမင်းပို့မှု၊ အဝတ်အစားပေးပို့မှုများကို လုပ်နိုင်သော်လည်း နေအိမ်သို့ ပြန်မလွှတ်ကြောင်း၊ ပြန်လည် လွတ်လိုပါက စစ်တပ် အရာရှိများနှင့်ညှိနှိုင်းပြီး ငွေကြေး ပေးလျှင် ပြန်လွတ်ကြောင်း သိရှိသည်။

“ပုဒ်မ တပ်ပြီး ဖမ်းတာလားဆိုတော့လည်းမဟုတ်ဘူး။ ခေါ်ထားတယ်။ ထမင်း၊ ဟင်း မုန့် ပို့လို့ရတယ်။ အဝတ်အစား ဆေးဝါး ပို့လို့ရတယ်။ နှိပ်စက်တာမျိုးလည်းမရှိဘူး။ ခေါ်ထားတာပေါ့။ အဲဒါ လွတ်ချင်တဲ့သူတွေကတော့ စစ်တပ်နဲ့ ညှိရတယ်။ ကောလင်းမြို့မှာ ငွေရှိတဲ့သူဌေးတွေကိုအကုန်ဖမ်းထားတာ။

ငွေသိန်း‌ ၅၀ နဲ့တောင်ရွေးမရဘူး။ သိန်း၁၀၀ ရမှလို့ စစ်တပ်ပြောတယ်။ လွတ်တဲ့သူလည်း ငွေပေးပြီး တိုးတိုးတိတ်လွတ်တယ်။ ပေါ်ပေါ်တင်တင် မနေရဲကြဘူး။ ဘာမှန်းမသိဘဲနဲ့ကို ဖမ်းနေတာ” ဟု ကောလင်းမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

လက်ရှိတွင် ကောလင်းအရှေ့ခြမ်းဘက်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည်မှ ၂ လကျော်လာပြီဖြစ်ကြောင်း၊ အင်အားဖြည့်တင်းမှုများလုပ် ဆောင်လျက်ရှိသော်လည်း မြို့ပေါ်တွင်သာ အထိုင်ချ၍ မြို့ကို အဓိက ကာကွယ်နေကြောင်း၊ ကောလင်းတောရွာများဘက်သို့ စစ်ကြောင်းထိုးမှုများ မကြာခဏ ရှိသော်လည်း မြို့ပေါ်တွင်သာ အဓိက တပ်စွဲထားကြကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

မွန်ဝန်ကြီးချုပ် အဂတိအမှု ၇ မှု ကြားဖြတ် အ မိန့်ချ

ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၇ မှုအတွက် ဇန်နဝါရီ ၁၄ ရက်မှာ ကြားဖြတ်အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီအဂတိအမှု ၇ မှုအတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ကြားဖြတ် အမိန့်ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းမှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေ ပြန်လည် ခုခံဖို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တာဝန်ယူစဉ် ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို တရားတော်သို့ တင်ပြပေးဖို့ ဝန်ကြီးချုပ်ရှေ့နေ့အဖွဲ့က လျှောက်လဲချက်ပေးထားတာပါ။

အခုရုံးချိန်းမှာ တရားသူကြီးက စာရွက်စာတမ်းတွေကို လက်ရှိ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီတာဝန်ရှိသူတွေ ရုံးတော်သို့ လာရောက် တင်ပြပေးဖို့နဲ့ လာရောက် တင်ပြတာ မရှိရင် ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းပြီး တင်ပြပေးဖို့ ကြားဖြတ်အမိန့်ချမှတ်ခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိအမှု ၉ မှု ၊ စုစုပေါင်း အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ နိုင်ငံ့ဝန်းထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။ DVB

ရန်ကုန် တောင်ဒဂုံ အမှတ် (၅) ရဲကင်း ဗုံးပစ်ခံရပြီး ပြန်လည်ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း ၊ တောင်ဒဂုံမြို့နယ် သံလွင်လမ်းနှင့် အောင်မင်္ဂလာ လမ်းထောင့် (၆၃) ရပ်ကွက်ရှိ အမှတ် (၅) ရဲကင်း ဗုံးပစ်ခံရ၍ ပြန်လည် ပစ် ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ပစ်ခတ်မှုကို လုပ်ဆောင်သူများက ယနေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆိုင်ကယ်ဖြင့် လာရောက်၍ ရဲကင်းကို ဗုံးလာပစ်သော်လည်း ဗုံးသည် ရဲကင်း သွပ်မိုးပေါ်မှ အခြားတစ်ဖက်သို့ ရောက်ရှိ သွားခဲ့ပြီး မီးခိုးများအူထွက်လာရာမှ ရဲကင်းဘက်က ပြန်လည် ပစ်ခတ်ခြင်း ဖြစ်သည်။

“ ရဲကင်း ပေါ်ကို လှမ်းပစ်လိုက်ပေမယ့် ပြန်လှိမ့်လာပြီး တခြားဖက်ကို ရောက်သွားတာ။ ဘယ်သူ့မှတော့ ထိခိုက်မှု မရှိဘူး။ သူတို့ ဆိုင်ကယ်နဲ့ ပြန်လှည့်လာတော့ ဟိုက လိုက်ပစ်တာ ငါးချက်လောက်။ သူတို့လည်း လွတ်သွားပါတယ် ”ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိတွင် ရဲ နှင့် စစ်သားအများအပြား ရောက်ရှိနေသော်လည်း လမ်းပိတ် စစ်ဆေးခြင်းများ ပြုလုပ်ခြင်း မရှိသေးပေ။ mizzima

ရဟတ်ယာဉ်ကိစ္စဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၅ မှု ထပ်တိုး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သဘာဝဘေးကူညီရေးအတွက် ငှားရမ်း၊ ဝယ်ယူ အသုံးပြုသည့် ရဟတ်ယာဉ်ကိစ္စဖြင့် စစ်ကောင်စီက အဂတိမှု ၅ မှုတပ်၍ တရားစွဲသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ယနေ့ (ဇန်နဝါရီ ၁၄) ကြားနာသည့် တရားခွင်၌ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက ထိုသို့ အသိပေးခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အဆိုပါ အမှုများနှင့် ပတ်သက်၍ ရှေ့တစ်ပတ်ရုံးချိန်း (ဇန်နဝါရီ ၂၁)တွင် ရှေ့နေလိုက်ခွင့်ကိစ္စများဆောင်ရွက်ရန် ညွှန်ကြားသည်ဟု ၎င်းက ဆက်ပြောသော်လည်း ပုဒ်မများ၊ အမှုကိစ္စ အသေးစိတ်အခြေအနေများကို မသိရပါ။

သို့သော် ယနေ့ရုံးချိန်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် ဒေါက်တာသန့်သော်ကောင်းကို ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရသည့် အခြားသော အဂတိအမှု ၄ မှုတွင် တရားလိုသက်သေအဖြစ် တင်မည်ဟု စစ်ကောင်စီက အသိပေးကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းများပေးသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လရောင်တောစီမံကိန်းများ၏ မြေ၊ အဆောက်အအုံ ကိစ္စများတွင် အဂတိမကင်းလုပ်ဆောင်သည်ဟု ဆိုကာ စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများဖြစ်သည်။

ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ရန်ကုန်တွင် ၁ မှု၊ နေပြည်တော်တွင် ၃ မှု ခွဲ၍ စစ်ကောင်စီက အမှုဖွင့်ကာ နေပြည်တော်၌ပင် သီးသန့်စစ်ဆေးနေခြင်းဖြစ်သည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး တစ်ပတ်ဝန်းကျင်ကတည်းက မိခင်ကို ရည်စူး၍ ဒေါ်အောင်ဆန်းစုကြည် ထူထောင်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးမှ စာရွက်စာတမ်းများ၊ ကွန်ပျူတာနှင့် ဘဏ်စာအုပ်များ သိမ်းဆည်းခံရသည်ဟု Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုစဉ်က ထိန်းသိမ်းစစ်ဆေးခံနေရသည်ဟု သတင်းထွက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဒေါက်တာသန့်သော်ကောင်းမှာ အာဏာသိမ်းချိန် တစ်နှစ်ပြည့်ခါနီးတွင် စစ်ကောင်စီ၏ တရားလိုအဖြစ် လာမည့်ရုံးချိန်း (ဇန်နဝါရီ ၂၁)တွင် တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်။

လက်ရှိတွင် ဒေါက်တာသန့်သော်ကောင်း မည်သို့သောအခြေအနေရှိနေသည်ကိုမူ အတည်မပြုနိုင်သေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အထူးယုံကြည်သည်ဟု သတင်းကြီးခဲ့သူများထဲမှ စစ်ကောင်စီဘက်မှ သက်သေဖြစ်လာသူများထဲတွင် ဒေါက်တာသန့်သော်ကောင်းသည် ဒုတိယမြောက်ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဟု ၂၀၂၁၊ အောက်တိုဘာလကတည်းက စစ်ကောင်စီ၏ အဓိကသက်သေအဖြစ် ထွက်ဆိုထားသည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်း လိမ်လည်ထွက်ဆိုသည်ဟု တုံ့ပြန်ခဲ့ဖူးသည်။ ဒေါက်တာသန့်သော်ကောင်းနှင့် ပတ်သက်သည့် မှတ်ချက်ကိုမူ ၎င်းထံမှ မကြားရသေးပေ။

စစ်ကောင်စီ၏ဘက်မှ ဦးဖြိုးမင်းသိန်း သက်သေထွက်ချိန်တွင် ဖမ်းဆီးခံထားရသူဖြစ်၍ ၎င်း၏ အနေအထားကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိမရှိ မခန့်မှန်းနိုင်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုထားသည်။

“တရားရုံးတွေမှာ မမှန်သက်သေခံမှုတွေက တအားများတယ်။ ဒီခေတ်ကြီးထဲမှာဆိုရင် ပိုပြီး သိသာနိုင်တယ်။ အတင်းအဓမ္မနှိပ်စက်ပြီးတော့ သက်သေခံခိုင်းတဲ့ဟာတွေ၊ ခြိမ်းခြောက်နှိပ်စက်ပြီး သက်သေခံခိုင်းတာတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် စွဲဆိုသည့်အမှုပေါင်း ၁၆ မှုအထိ ရှိလာပြီဖြစ်သည်။ ထိုအထဲမှ အမှု ၅ မှုဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

တရားစွဲထားသည့် အမှုများထဲတွင် အဂတိဆိုင်ရာ စွပ်စွဲချက် ၁၀ မှုထိ ပါဝင်သည်။ ရွေးကောက်ပွဲမသမာမှုဖြင့် အမှုဖွင့်ထားသေးသည်ဟု စစ်ကောင်စီက ပြောထားသော်လည်း အသေးစိတ်မသိရသေးပေ။ myanmar now

အခြေခံ စစ်သင်တန်းပါပေးမည့် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တက်နေသော သင် တန်းသား ၂၀၀ ကျော်တွင် ဦးစီးအဆင့် အရာရှိများ အပါအဝင် တစ်ဝက်ကျော် ကိုဗစ်ကူးစက်ခံရ၊ မည်သူမှ ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထား

အခြေခံစစ်သင်တန်းများပါ ပို့ချရန်ရှိနေသည့် ရန်ကုန်တိုင်းလှည်ကူး၊ ဗဟိုဝန် ထမ်းတက္ကသိုလ်တွင် သင်တန်းသား ၂၀၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း ရောဂါ ကူးစက်ခံထားရသူ သင်တန်းသား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အ တည်ပြုပြောဆိုသည်။

ယခု ဖွင့်လှစ်လျက်ရှိသည့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်လ သင်တန်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ Non-CDM ဝန်ထမ်းများ တက်ရောက်နေကြပြီး ဌာနပေါင်းစုံမှ ဝန်ထမ်းများပါဝင်ကြောင်း၊ ကိုဗစ်ကူးစက်မှုများဖြစ်ပွားပြီးနောက် လက်ရှိတွင် သင်တန်းသားအားလုံးကို အပြင်ထွက်ခွင့်မပေးတော့ဘဲ စောင့်ကြည့်နေကြောင်း သင်တန်းတက်ရောက်နေသော ဝန်ထမ်းတစ်ဦးကပြောသည်။

“အခုလက်ရှိ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းတက်နေတဲ့ Non CDM ‌တွေ ၂၀၀ ကျော် မှာ တစ်ဝက်လောက်က ကိုဗစ်ကူးစက်ခံထိလို့ ဘယ်သူကိုမှအပြင်ပေးမထွက်ဘူး။ ဆေးရုံလည်းမပို့ပေးဘဲ အဲဒီမှာပဲ ထားတာ။ အဲဒီရောက်မှ ကူးကြတာချည်းပဲ။ အရင်လူနာတွေထားတဲ့အဆောင်တွေမှာပဲ။ အရင်အစိုးရလက်ထက်က ကိုဗစ်နဲ့မို့ အွန်လိုင်းကပဲတက်ကြရတာ။ အခုမှ ဘာအရူးထပြီး ခေါ်တက်ခိုင်းတာလဲတော့မသိဘူး။

အခြေခံစစ်သင်တန်းပါပေးဖို့ရှိတာ။ အဲဒါတွေ မပေးခင် အကုန်ကူးကုန်တာ။ အခုထိ နောက်ထပ်ကူးစက်ခံနေရတဲ့သူတွေအများကြီးရှိသေးတယ်လို့သိထားရပါတယ်။ ဦးစီးအဆင့်တွေတော် တော်များများပါတယ်။သင်တန်းကာလက နှစ်လပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက် နေ့ကစတက်ရတာ”ဟု သင်တန်းသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မိသားစုများက ဆေးဝါးနှင့်အစားအသောက်များ ပို့ခွင့်ရှိသော် လည်း အကျဉ်းကျသကဲ့သို့ ပိတ်လှောင်ထားကြောင်း၊ ပြင်ပသို့ သတင်းပေါက်ကြားမှုမရှိစေရန် လျှို့ဝှက်ခိုင်းထားကြောင်း၊ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းများ ဆက်လက်ဖွင့်လှစ်မည်ဟု သိရှိရကြောင်း သင်တန်းသားတစ်ဦးကပြောသည်။ khit thit

အာဏာသိမ်းသက်တမ်း ထပ်တိုးမည်ဟု စစ်ကောင်စီပြော

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ သက်တမ်း ထပ်တိုးသွားမယ်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဇန်နဝါရီ ၁၄ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ပါတီရှုံးနိမ့်သွားပြီးနောက် မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး အရေးပေါ်အခြေအနေကြေ ညာကာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့တာဟာ အခုလာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ဆိုရင် တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

အရေးပေါ်အခြေအနေရဲ့ အချိန်ကာလသတ်မှတ်ချက်ဟာ တစ်နှစ်ဖြစ်တဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက် နေ့ဆိုရင် သက်တမ်းပြည့်ပြီဖြစ်လို့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သက်တမ်းတိုးဖို့ကို ဥပဒေနဲ့အညီဆောင် ရွက်သွားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုတာဖြစ်ပါတယ်။

“ဒီဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ တစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ တစ်နှစ်ပြည့်မြောက်ပြီးရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ရှိပြီးဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့က ရှိနေတဲ့ နိုင်ငံတော်ကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အခြေနေတင်ပြပြီး ကျနော်တို့ သက်တမ်းတိုးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဥပဒေနဲ့အညီဆောင် ရွက်သွားမယ်လို့ စစ်ကောင်စီက ပြောနေပေမဲ့ စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ဥပဒေနဲ့ညီညွတ်ခြင်း မရှိဘဲ တရားမဝင်အာဏာသိမ်းခဲ့တာလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။ 

စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေမှာ  နိုင်ငံတော်သမ္မတကသာ စစ်တပ်ကို အာဏာလွှဲပေးခွင့်ရှိတာဖြစ်ပါတယ်။  စစ်တပ်အာဏာ သိမ်းချိန်ဟာ နိုင်ငံတော်မှာအရေးပေါ် အခြေအနေမဟုတ်သလို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာလည်း ကျန်းမာစွာနဲ့ နိုင်ငံတော် တာဝန်တွေကို ပုံမှန်ထမ်းဆောင်နေချိန်ဖြစ်ပြီး အစိုးရသက်တမ်းလည်း ကုန်ဆုံးခြင်း မရှိသေးပါဘူး။ 

စစ်ကောင်စီ တရားမဝင်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ကျန်း မာရေးအကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်ခိုင်းခဲ့ ကြောင်း၊ စစ်တပ်အနေနဲ့ ဥပဒေနဲ့အညီပဲ လုပ်သင့်ပြီး အာဏာမသိမ်းသင့်ပါဘူးလို့ ပြောခဲ့တဲ့ အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားခွင့်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ 

စစ်တပ်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ပုဒ်မ ၄၂၁ မှာ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းကိုပေးအပ်ထားတဲ့တာ၀န်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြင့်ပေးရန် အကျိုးအကြောင်းဖော်ပြပြီး တင်ပြလာပါက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ DVB

စစ်ကိုင်းတိုင်း PDF လက်နက်ထုတ်လုပ်ရေးစခန်းကို စစ်ကောင်စီတပ် ဝင်စီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် ယင်းမာပင်မြို့ကြားရှိ လက်လုပ်လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုကို ယမန်နေ့ (ဇန်နဝါရီ ၁၃) တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်စီးနင်းခဲ့၍ အဆုံးအရှုံးများခဲ့ကြောင်း ထိုစခန်းမှအဖွဲ့ဝင် ကိုဖီးနစ်က ပြောသည်။   

ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများ ရောက်လာချိန်တွင် ထိုစခန်းတွင် ရှိနေသူအားလုံး ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“အကုန် ဘေးကင်းပါတယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်က နောက်ဆုံးမှ ပြေးတာဆိုတော့ ပြေးရင်း လက်ကျိုးတယ်ဗျ”ဟု ကိုဖီးနစ်က ပြောသည်။ 

“လက်နက်ကြီးရော လက်နက်သေးရော အပေါ်ကနေ ကွေ့ဝိုက်ပြီး ပစ်တယ်။ (နေရာ) အတိအကျကို သိတာ။ စက်သေနတ်နဲ့ စဆွဲတဲ့အချိန် ခေါင်းစိုက်လာတဲ့အချိန်က စခန်းကို တည့်တည့်ပဲ”  

လက်နက်ထုတ်လုပ်ရန် အလှူငွေများ အသုံးပြုပြီး PDF များအတွက် မိုင်း၊ သေနတ်၊ ရှော့ဒုန်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်များ ထုတ်လုပ်ဖြန့်ဖြူးနေသောစခန်း စီးနင်းခံရမှုကြောင့် တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၀၀၀ နီးနီး ဆုံးရှုံးရသည်ဟု ၎င်းက ဆိုသည်။ 

“ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့ အဖွဲ့သားအားလုံးက ပြန်ပြီးတော့ တော်လှန်ရေးလုပ်မှာ ဖြစ်တဲ့အတွက် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြီးတော့ အားယူနေပါတယ်” ဟု ၎င်းက ဆိုသည်။

ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုထိုးသာကျေးရွာ စာသင်ကျောင်း၌ တပ်စွဲလိုက်သည်။

ထိုတပ်စွဲထားသည့် စစ်တပ်က ယမန်နေ့ ညနှင့် ယနေ့ (ဇန်နဝါရီ ၁၄) နံနက်တွင် အနီးအနားရှိ အိမ်ခြေ ၅၀၀ ကျော်ရှိသော ယင်းမာပင်ဘက်ရှိ ရင်ပေါင်တိုင်ရွာဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်လျက်ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ရင်ပေါင်တိုင်ရွာ ဒေသခံ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“၁၅ ရွာလောက် အဝေးကို ပြေးနေကြရတာ။ သူတို့က ရဟတ်ယာဉ်နဲ့ လာတာဆိုတော့ လာပြီဆိုမှ ပြေးရင်လဲ မမီဘူး။ တောတောင်မဟုတ်တဲ့အခါကျတော့ မြေပြန့်ဆိုတော့လေ” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရဟတ်ယာဉ်ဖြင့် ယမန်နေ့က ပစ်ခတ်ခံရသည့် အိမ်ခြေ ၁၆၀ ရှိ ပုထိုးသာရွာအပါအဝင် ရင်ပေါင်တိုင်၊ ရွာနောင်၊ ပုပ္ပါ၊ ဆင်တဲ၊ မြင်သာကုန်း၊ အေးကုန်း၊ မုံသွင် အစရှိသည့် ရွာပေါင်း ၁၀ ရွာကျော်မှ လူဦးရေ ခန့်မှန်း ၅၀,၀၀၀ ကျော်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် အဝတ်အထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်။ 

ယမန်နေ့က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရွာသူရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသဖြင့် သတင်းအချက်အလက်များ စုစည်းအတည်မပြုနိုင်သေးကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။ 

စစ်ကောင်စီက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း မရသိမ်ကျေးရွာ စာသင်ကျောင်းအတွင်း နေရာယူထားသော PDF များကို တိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီ ၁၃ ရက်စွဲနှင့် သတင်းထုတ်ပြန်ထားသော်လည်း လေကြောင်းမှ ပစ်ခတ်သည်ဟု ဖော်ပြခြင်း မရှိပေ။

သို့သော်လည်း စာသင်ကျောင်းတွင် စခန်းချ အခြေပြုတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သည်ဟု သတင်းတွင် ရေးထားသည်။

နိုင်ငံအနှံ့အပြား စစ်ကောင်စီက တပ်စွဲသည့် နေရာများထဲတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတို့လည်း ပါဝင်သည်။ myanmar now

တီးတိန်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန် ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟု ထင်မှတ်ပြီး စစ်တပ်က မီးရှို့ ဖျက်ဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာရှိ နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာမှ အိမ် ၃ လုံးနှင့် ဂိုဒေါင် ၁ လုံးကို ရွာသားများနေအိမ်ဟုထင်မှတ်ပြီး စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။ဇန်နဝါရီလ ၁၃ ရက်နေ့ မီးရှို့ခံရသော နေအဆောက်အဦးများသည် နိုင်ငံတော်ပိုင်ကော်ဖီခြံ ဝန်ထမ်းများ၏ နေအိမ်များနှင့် ဂိုထောင် ၁ လုံးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

“အဲဒီအိမ်တွေရဲ့ အနောက်ကပ်လျက်မှာ အစိုးရကော်ဖီခြံရှိပါတယ်။ အဲဒီနိုင်ငံပိုင်ကော်ဖီခြံက ဝန်ထမ်းနေအိမ်(၃)လုံးနဲ့ ဂိုဒေါင်တစ်လုံးကိုလည်း ရွာသားနေအိမ်မှတ်ပြီ မီးရှို့သွားပါတယ်။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ချင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခုလို မီးရှို့ဖျက်ဆီးခြင်းသည် မှားယွင်းမီးရှို့ခြင်းလော ရည်ရွယ် ချက်ရှိသည်လော ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားရာနှင့် အနီးတဝိုက်တွင် ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများ နိုင်ငံအနှံ့တွင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ khit thit

« Older Entries