စစ်ကိုင်းတိုင်း PDF လက်နက်ထုတ်လုပ်ရေးစခန်းကို စစ်ကောင်စီတပ် ဝင်စီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် ယင်းမာပင်မြို့ကြားရှိ လက်လုပ်လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုကို ယမန်နေ့ (ဇန်နဝါရီ ၁၃) တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်စီးနင်းခဲ့၍ အဆုံးအရှုံးများခဲ့ကြောင်း ထိုစခန်းမှအဖွဲ့ဝင် ကိုဖီးနစ်က ပြောသည်။   

ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများ ရောက်လာချိန်တွင် ထိုစခန်းတွင် ရှိနေသူအားလုံး ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“အကုန် ဘေးကင်းပါတယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်က နောက်ဆုံးမှ ပြေးတာဆိုတော့ ပြေးရင်း လက်ကျိုးတယ်ဗျ”ဟု ကိုဖီးနစ်က ပြောသည်။ 

“လက်နက်ကြီးရော လက်နက်သေးရော အပေါ်ကနေ ကွေ့ဝိုက်ပြီး ပစ်တယ်။ (နေရာ) အတိအကျကို သိတာ။ စက်သေနတ်နဲ့ စဆွဲတဲ့အချိန် ခေါင်းစိုက်လာတဲ့အချိန်က စခန်းကို တည့်တည့်ပဲ”  

လက်နက်ထုတ်လုပ်ရန် အလှူငွေများ အသုံးပြုပြီး PDF များအတွက် မိုင်း၊ သေနတ်၊ ရှော့ဒုန်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်များ ထုတ်လုပ်ဖြန့်ဖြူးနေသောစခန်း စီးနင်းခံရမှုကြောင့် တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၀၀၀ နီးနီး ဆုံးရှုံးရသည်ဟု ၎င်းက ဆိုသည်။ 

“ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့ အဖွဲ့သားအားလုံးက ပြန်ပြီးတော့ တော်လှန်ရေးလုပ်မှာ ဖြစ်တဲ့အတွက် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြီးတော့ အားယူနေပါတယ်” ဟု ၎င်းက ဆိုသည်။

ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုထိုးသာကျေးရွာ စာသင်ကျောင်း၌ တပ်စွဲလိုက်သည်။

ထိုတပ်စွဲထားသည့် စစ်တပ်က ယမန်နေ့ ညနှင့် ယနေ့ (ဇန်နဝါရီ ၁၄) နံနက်တွင် အနီးအနားရှိ အိမ်ခြေ ၅၀၀ ကျော်ရှိသော ယင်းမာပင်ဘက်ရှိ ရင်ပေါင်တိုင်ရွာဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်လျက်ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ရင်ပေါင်တိုင်ရွာ ဒေသခံ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“၁၅ ရွာလောက် အဝေးကို ပြေးနေကြရတာ။ သူတို့က ရဟတ်ယာဉ်နဲ့ လာတာဆိုတော့ လာပြီဆိုမှ ပြေးရင်လဲ မမီဘူး။ တောတောင်မဟုတ်တဲ့အခါကျတော့ မြေပြန့်ဆိုတော့လေ” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရဟတ်ယာဉ်ဖြင့် ယမန်နေ့က ပစ်ခတ်ခံရသည့် အိမ်ခြေ ၁၆၀ ရှိ ပုထိုးသာရွာအပါအဝင် ရင်ပေါင်တိုင်၊ ရွာနောင်၊ ပုပ္ပါ၊ ဆင်တဲ၊ မြင်သာကုန်း၊ အေးကုန်း၊ မုံသွင် အစရှိသည့် ရွာပေါင်း ၁၀ ရွာကျော်မှ လူဦးရေ ခန့်မှန်း ၅၀,၀၀၀ ကျော်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် အဝတ်အထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်။ 

ယမန်နေ့က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရွာသူရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသဖြင့် သတင်းအချက်အလက်များ စုစည်းအတည်မပြုနိုင်သေးကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။ 

စစ်ကောင်စီက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း မရသိမ်ကျေးရွာ စာသင်ကျောင်းအတွင်း နေရာယူထားသော PDF များကို တိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီ ၁၃ ရက်စွဲနှင့် သတင်းထုတ်ပြန်ထားသော်လည်း လေကြောင်းမှ ပစ်ခတ်သည်ဟု ဖော်ပြခြင်း မရှိပေ။

သို့သော်လည်း စာသင်ကျောင်းတွင် စခန်းချ အခြေပြုတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သည်ဟု သတင်းတွင် ရေးထားသည်။

နိုင်ငံအနှံ့အပြား စစ်ကောင်စီက တပ်စွဲသည့် နေရာများထဲတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတို့လည်း ပါဝင်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s