ကျည်ဆန်၊ ဗုံးများ ကျရောက်မှုကြောင့် ထိုင်းစစ်တပ်က မြန်မာဘက်ကို ပြန်လည် သတိပေးပစ်ခတ်

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KNU) အကြား တိုက်ပွဲများ ဖြစ်နေခဲ့ရာ မြန်မာဘက်ကနေ သေနတ်ကျည်ဆန်များနှင့် ဗုံးများက ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်ရှိ ရွာတစ်ရွာကို ကျခဲ့၍ ထိုင်းစစ်တပ်ဘက်က မြန်မာဘက်ခြမ်းကို ပြန်လည် သတိပေးပစ်ခတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
မြန်မာ-ထိုင်းနယ်စပ် အနီး မြဝတီခရိုင်တွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့အကြား ဇန်နဝါရီ ၁၂ ရက် ညပိုင်းမှစပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကူနှင့် ရိက္ခာဖြည့်တင်းမှုအတွက် လမ်းကြောင်းတစ်ခုဖွင့်လှစ်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ထားခဲ့သည်။
တိုက်ပွဲများကြောင့် နယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက် ခရိုင်ရှိ ဒေသခံရွာသားများမှ ဘေးကင်းရေးအတွက် ကတုတ်ကျင်းတစ်ခုထဲ ပုန်း အောင်း ရမှုများ ရှိနေခဲ့သည်။
ယမန်နေ့ မနက်ပိုင်းက ကျည်ဆန်များ၊ ဗုံးများသည် ထိုင်းနိုင်ငံထဲ ကျရောက်ခဲ့သည့်အတွက် ဒေသခံရွာသားများသည် ကတုတ်ကျင်းထဲ ကမန်း ကတန်း ဝင်ရောက်ခဲ့ကြရသည်။
ယင်းနောက် ထိုင်းစစ်တပ်၏ အမှတ် ၁၄ ခြေလျင်တပ်မှ စစ်သားများက မြန်မာဘက်ခြမ်းကို သတိပေးသည့်အနေဖြင့် မီးခိုးဗုံးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်အထိ မဟာဝမ် ခရိုင်ခွဲ ခေါ့ခ်ဝါမဟာဝမ်မွိုင် ရှိ ယာယီခိုလှုံရာစခန်းတစ်ခုတွင် မြန်မာဒုက္ခသည် ၁,၈၁၈ ဦး ဆက်လက်နေထိုင်နေကြသည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံရှိ အခြေအနေများအပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် လက်ရှိအခြေအနေများကြောင့် တက်ခ် နှင့် မယ်ဟောင်ဆောင် တို့တွင် နယ်စပ်ဖြတ်လာသည့် ဒုက္ခသည်များနှင့် တရားမဝင် ဝင်ရောက်သူ ဦးရေ တိုးပွားမှုကို ဖြစ်စေခဲ့ကြောင်း ထိုင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဆူချတ် ဆက်သာမယ်လီနီက ပြောခဲ့သည်။ mizzima