ထန်တလန်မြို့ စစ်ရှောင်များအတွက် အသုံးအ ဆောင်များပစ္စည်းများ ဒုတိယအကြိမ်မြောက် ပေးပို့ထောက်ပံ့

ချင်းပြည်နယ်၊ ထန်တလန်မြို့ စစ်ဘေးရှောင်များအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးပို့နိုင်ခဲ့ကြောင်း Thantlang Relief And Reconstruction Committee (TRRC) မှ ထုတ်ပြန်ထားသည်။ယနေ့ဇန်နဝါရီလ ၁၄ရက် ဒုတိယအကြိမ် ပေးပို့သော ပစ္စည်းများထဲတွင် အိုးခွက်ပန်းကန်များနှင့် စောင်များ ကား ၃စီးပြည့်ဖြစ်ပြီး ကာလတန်ဘိုး မြန်မာငွေ ကျပ် သိန်း၃၀၀ ဝန်းကျင် ရှိကြောင်းဖော်ပြထားသည်။
ထန်တလန်မြို့မှ ဇနတလန် (Zahnak Tlang ) ၊ ခွာလ်ရိန်းတလန် (Khualhring Tlang)၊ ဘူယာလ် (Bual) ၊ ဗန်ဇန်တလန် (VanZang Tlang) ၊ နှင့် ဗိုင်လမ် (Vailam) တို့တွင်တိမ်းရှောင်နေသော ပြည်သူများအတွက် ကိုရီးယားမှ ပါစတာ ဖက်ဆုန်း(ကျုံဘွေ့) Pastor Phat Sung (Cung Bawi) နှင့်မိတ်ဆွေများ ၊ မန္တလေးမှ သိက္ခာတော်ရဆရာတော် ဆိုင်မွန်ထောင်မှုန် Rev. Simon Thawng Hmung နှင့်မိတ်ဆွေများ နှင့် ဟာခါးကြက်ခြေနီ အဖွဲ့တို့မှ စီမံခန့်ခွဲ့ပေးပို့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထန်တလန်မြို့သည် စက်တင်ဘာလ ၉ရက်နေ့မှ စတင်ပြီး ဇန်နဝါရီလ အထိ မီးလောင်ကျွမ်းမှု ၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၇ကျောင်းအပါအဝင် လူနေအိမ် ၈၄၁ အိမ်ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ထန်တလန်မြို့ သည် လူနေအိမ် ၂၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀၀ (တစ်သောင်း)ကျော် နေထိုင်ပြီး ယခုအချိန်တွင် ပြည်သူလူထုများ နေထိုင်ခြင်းမရှိဘဲ မြို့လုံးကျွတ် နီးစပ်ရာရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်တွင် စစ်ဘေးရှောင် နေရလျက်ရှိသည်။ mizzima