မြန်မာ့အရေး ကမ္ဘောဒီးယား၏ အားထုတ်မှုကို စင်္ကာပူထောက်ခံဟု ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအကျပ်အတည်းနှင့် စပ်လျဉ်းပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ဆောင်ရန် ကမ္ဘောဒီးယား၏ အား ထုတ်မှုများကို စင်္ကာပူနိုင်ငံက ထောက်ခံအားပေးကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက ပြောသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းသည် ဇန်နဝါရီ ၁၃ ရက်က စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်နှင့် တယ်လီဖုန်း ဆက်သွယ်ပြီး မြန်မာ့အရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“ဆီယမ် ရိ(ပ်) အစည်းအဝေး ရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်တဲ့အကြောင်း ကျွန်တော်တို့ နှစ်ဦးစလုံး ထုတ်ဖော်ခဲ့ကြတယ်” ဟု ဆော့ခွန်းက ဇန်နဝါရီ ၁၈-၁၉ တွင် ကျင်းပရန် မူလစီစဉ်ထားခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းခဲ့ရမှုကို ရည်ညွှန်းပြောဆိုသည်။
“အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အချိန်မီ အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ ပါဝင်သူတွေအားလုံးနဲ့ ဆက်ဆံဖို့ ကမ္ဘောဒီးယားရဲ့ အားထုတ်မှုတွေကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဘက်က ထောက်ခံအားပေးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်၊ မြန်မာနိုင်ငံမှာ မကြာမီ တည်ငြိမ်မှု ပြန်ရအောင် ကူညီပေးဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်သမျှ နည်းလမ်းတွေနဲ့ ဆက်လက် ထောက်ကူပေးသွားပါမယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇-၈ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထို ခရီးစဉ်အပေါ် မြန်မာဆိုင်ရာ ကုလအထူးသံတမန် နိုလင်း ဟေဇာ အပါအဝင် နိုင်ငံခြားသံတမန်များနှင့် လေ့လာစောင့်ကြည့်သူ အများအပြားက ကောင်းမွန်သည့်လုပ်ဆောင်ချက်တစ်ခုအဖြစ် ရှုမြင်ထောက်ခံခဲ့သည်ဟု ဆော့ခွန်းက ပြောသည်။
သို့သော် ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဝေဖန်သွားခဲ့ပြီး ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ဟွန်ဆန်အနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရင်တိုင်ပင်ခဲ့သင့်ကြောင်း အဗ္ဗဒူလာက ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရောနှင့် နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းတို့ကမူ ထိုခရီးစဉ်က မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရန် သွားခြင်း မဟုတ်ဘဲ သံတမန်ဆက်ဆံရေးအတွက် ရည်ရွယ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ပြောထားခဲ့သည်။ mizzima