Monthly Archives: Jan 2022

ပလက်ဝမှ အဖမ်းခံရသည့် ကျန်းမာရေးဝန် ထမ်း မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

စစ်တပ်စခန်း အလံဖြူထောင်ထားကြောင်း ရခိုင်အခြေစိုက် Western News တွင် သတင်းဖော်ပြမှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကျန်းမာရေးဌာနဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကာ ထိုသတင်းဌာနမှ ဝန်ထမ်းများလည်း တိမ်းရှောင်နေရသည်။ 

ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၂၈၉) တပ်၏ တောင်ကုန်းတစ်ခုပေါ်တွင် အလံဖြူထောင်ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း သတင်းဌာနကို ပြောဆိုခဲ့မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းနှစ်ဦး ဒီဇင်ဘာ ၂၈ တွင် အဖမ်းခံရသည်။

နောက်တစ်ရက်တွင် ပညာရေးဝန်ကြီးဌာန အထွေထွေကျောင်းလုပ်သား ကိုတင်ဦး ခံဝန်ဖြင့် ပြန်လွတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း ကိုတင်ထွန်းအောင်ကမူ ပလက်ဝမြို့မရဲစခန်းတွင် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ဖမ်းဆီးထိန်းသိမ်းခံနေရသည်မှာ ၁၅ ရက်ခန့် ရှိနေပြီဖြစ်သည့် အသက် ၃၅ ဝန်းကျင် ကိုတင်ထွန်းအောင်၏ စားရေးသောက်ရေးနှင့် ကျန်းမာရေးအတွက် စိတ်ပူကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“လူတစ်ယောက်ကို စစ်ဆေးရင်လဲ စစ်ဆေးပေါ့။ ဘယ်နေရာကို ခေါ်သွားမယ်ဆိုတာကို ပြောရင် ရပြီ။ စစ်တွေမှာ ထားလား၊ ပလက်ဝမှာ ထားလားဆိုတာလဲ မသိ ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါမိသားစုဝင်က ပြောသည်။

“သူ စားဖို့သောက်ဖို့ ကျန်းမာရေးကိစ္စအခြေအနေတွေကို သူ့မှာပါသွားတဲ့ဖုန်းနဲ့ မဟုတ်ရင်တောင် အခြားအရာရှိတစ်ယောက်ဖုန်းနဲ့ ပြောပေါ့။ လူကို အကောင်ဖျောက်ပစ်မှာလား၊ ဘယ်လိုမျိုးလဲ၊ အမျိုးမျိုး စဉ်းစားနေရတယ်” 

ဇန်နဝါရီ ၁၂ တွင် ချုပ်ရမန် ၂ ပတ်ယူပြီး တရားရုံးက ဇန်နဝါရီ ၂၇ သို့ ထပ်မံချိန်းဆိုလိုက်သည်ဟုသာ တရားရုံးနှင့် ရဲစခန်းက ပြောဆိုကြောင်း ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရုံးထုတ်တာလဲ မသိရဘူး၊ ပလက်ဝမှာ ရမန်ယူတယ်လို့ပဲ ကြားသိရတယ်။ မိသားစုဝင်တွေက တစ်ခုမှ မသိရဘူး” ဟု ထိုအမျိုးသားက ဆိုသည်။ 

“ဥပဒေရုံးကိုလဲ သွားမေးတယ်၊ တရားရုံးကိုလဲ သွားမေးတယ်။ တရားသူကြီးတွေက အမြဲတမ်းမလာနဲ့၊ နောက်တစ်ခါ မလာနဲ့လို့ ပြောတယ်၊ လူမြင်လို့မကောင်းဘူးတဲ့။ ကျွန်တော်တို့က တရားရုံးကို အလကားလာနေတာမှ မဟုတ်တာ” 

ပုဒ်မ ၁၂၄ – က ဖြင့် သတင်းဌာန အမှုဖွင့်ခံရ

Western News သတင်းဌာနကို စစ်တပ်ဂုဏ်သိက္ခာညှိုးနွမ်းစေသော သတင်းရေးသားဖော်ပြသည်ဟု ဆိုကာ တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က ဖြင့်  စစ်တွေခရိုင်တရားရုံးတွင် အမှုဖွင့်ရန် ဦးတိုက်လျှောက်ခံရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ရခိုင်အခြေစိုက် DMG သတင်းဌာနကို အတည်ပြုသည်။

အဆိုပါပုဒ်မမှာ စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁၄ တွင် ပြင်ဆင်ခဲ့သော ပုဒ်မဖြစ်ပြီး အစိုးရ/ နိုင်ငံတော်ကို အကြည်ညိုပျက်စေရန် နေရာတွင် စစ်တပ်ပါ အကျုံးဝင်ကြောင်း ပြင်ဆင်ခဲ့သော ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ငွေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ 

သို့ရာတွင် ပုဒ်မ ၁၂၄ – ကနှင့် အမှုဖွင့်ခြင်းမှာ သတင်းဌာန သို့မဟုတ် အယ်ဒီတာ၊ အယ်ဒီတာချုပ်ကို အမှုဖွင့်ရန် ဦးတိုက်လျှောက်ထားခြင်း ဟုတ်မဟုတ် တရားဝင်အကြောင်းကြားစာ မရောက်သေးကြောင်း Western News ၏ အယ်ဒီတာချုပ် ဦးဝဏ္ဏခွာညိုက ပြောသည်။

“အမှုဖွင့်ထားတယ်လို့ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇန်နဝါရီ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်တယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက်ပိုင်းပါ မလုပ်ခင်ပါ၊ ကျွန်တော်တို့ကို တရားဝင်စာနဲ့ပါ၊ ဖုန်းနဲ့ပါ ရောက်လာတာမရှိ” ဟု ၎င်းက ဆက်ပြောသည်။

“သို့သော်လည်း တရားရုံးမှာ ၁၂၄-က နဲ့ ဦးတိုက်လျှောက်ထားတယ်လို့ အကြမ်းအားဖြင့် သိရတယ်”

ထိုပြည်နယ်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပလက်ဝကိစ္စဟုသာ ဖော်ပြထားပြီး အတိအကျမပြောသော်လည်း ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည့် “ပလက်ဝမြို့၊ ခလရ (၂၈၉) တောင်ကုန်းတစ်ခုပေါ်တွင် အလံဖြူထောင်ထားကြောင်း” သတင်းနှင့် ပတ်သက်၍ အမှုဖွင့်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။ 

“ပလက်ဝမှာ စစ်တပ်က အလံဖြူထောင်တဲ့ကိစ္စ ကျွန်တော်တို့ သတင်းတင်တယ်။ ဒေသခံနှစ်ယောက်ကို အင်တာဗျူးထားတယ်။ အဲဒီထဲက ကိုတင်ထွန်းအောင်ကို ၅၀၅(က)နဲ့ တရားစွဲလိုက်တယ်။ တစ်ယောက်ကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒါကြောင့်လားလို့ ကျွန် တော်တို့ သံသယဖြစ်မိတယ်”ဟု ဦးဝဏ္ဏခွာညိုက ပြောသည်။

ဇန်နဝါရီ ၄ ရက်မှစ၍ ၎င်းတို့၏သတင်းဌာနရုံးခန်းပိတ်ကာ ဝန်ထမ်းများ စိုးရိမ်တကြီး တိမ်းရှောင်နေကြရသဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက် အခဲဖြစ်နေသည်။ 

“ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ စွဲဆိုချက်တွေနဲ့ စစ်ကောင်စီက လုပ်လိုက်တာက ရခိုင်မှာရှိနေတဲ့ မီဒီယာတွေကို တအားရိုက်ခတ်သွားတယ်။ အခု ကျွန်တော်တို့ဌာနက သတင်းသမားတွေလည်း မူလသတင်းခန်းထဲမှာ မလုပ်ရဘဲ နယ်ဘက်တွေမှာ လုပ်နေကြရတယ်” ဟု ဆိုသည်။

အလားတူ ယမန်နှစ် ဇန်နဝါရီ ၁၀ ကလည်း စစ်တွေမြို့အခြေစိုက် DMG သတင်းဌာနတွင် ဖော်ပြခဲ့သည့် “ကျောက်တော်မြို့နယ် မာလာကျေး ရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားတွေ ယူဆောင်သွား” ဆိုသည့် သတင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၂ တွင် DMG တာဝန်ခံ အယ် ဒီတာ ကိုနေဝင်းစံ၊ သတင်းထောက် မနှင်းနွယ် တို့ကို ပုဒ်မ ၆၆(ဃ)၊ ၅၀၅ (က)တို့ဖြင့် စစ်တပ်က အမှုဖွင့်ခဲ့သည်။ myanmar now

ငွေတောင်ဆည်အနီး တိုက်ပွဲ၌ DMO-PDF သူရဲကောင်း ရဲဘော် ၁ ဦး ကျဆုံး

ကရင်နီ ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး ယမန်နေ့ ဒီဇင်ဘာလ ၁၃ရက်က ဖြစ်ပွားသော တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ပြည်သူ့ ကာ ကွယ်ရေးတပ် (ဒီးမော့ဆို) DMO-PDF ၏ သူရဲကောင်း ရဲဘော် အယ်လ်ဖောင်းရှိုအား အလေးနီပြု မှတ်တမ်းတင်ကြောင်းနှင့် ၀မ်းနည်းကြောင်း DMO-PDF က ယနေ့ ဒီဇင်ဘာလ ၁၄ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ ရဲဘော်သည် ငွေတောင်ဆည်အနီး ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲ၌ ဒဏ်ရာ ရရှိသွားသော ရဲဘော်များကို သွားရောက် ကယ်ဆယ်ရင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ စနိုက်ပါ ထိ၍ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် အသက် ၂၁ နှစ် ရှိပြီး ယမန်နေ့ မွန်းလွဲ ၃း၀၀ နာရီတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

” မိုင်းတက်နင်းမိတဲ့ ရဲဘော်တွေကို ကယ်ဆယ်ရင်း စနိုက်ပါကြောင့် သေတာပါ။ သူတို့ (စစ်ကောင်စီ) ဘက်ကလည်း အကျအဆုံး‌တွေ ရှိသလို ဒဏ်ရာရတဲ့ သူလည်း တော်တော် များတယ်။ အတိအကျတော့ မသိဘူး။ ကျွန်တော်တို့က မနေ့က ရှေ့တန်းမှာ မဟုတ်တော့ ရှေ့တန်း ရောက်နေတဲ့ သူတွေ ပြန်ပြောပြလို့ သိတာ။

မနေ့ကတော့ လေကြောင်းနဲ့ မလာဘူး။ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်” ဟု DMO-PDF တပ်ဖွဲ့၀င် တစ်ဦးက မဇ္ဈိမကို ပြော သည်။ အဆိုပါ တိုက်ပွဲသည် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်း ဝပ်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) တပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် တိုက်ခိုက် ခဲ့ရင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်မူ တိုက်ပွဲ ငြိမ်သက်နေကြောင်း ဒေသခံများထံက သိရသည်။ mizzima

မန္တလေးတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန် ရေး “ကျွန်တော်တို့မှာ အားကိုးစရာဆိုလို့ ပြည်သူဘဲရှိတယ်” စာတန်း ကိုင်ဆောင်ကာ မန္တလေး သပိတ်အင်အားစု ချီတက် ဆန္ဒပြ

khit thit

ထိုင်းနယ်စပ် ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီဒုက္ခသည်များ အရေးအပေါ်အကူအညီ လိုအပ်

ကရင်နီဒေသအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ  ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဇန်နဝါရီ ၇ ရက်က ထိုင်းဘက်ခြမ်းရှိ အမှတ် ၁ ကရင်နီဒုက္ခသည်စခန်းအနီးက  တောတွင်းတနေရာမှာ လူဦးရေ ၇၀၀ ကျော်ထွက်ပြေးခိုလုံနေကြသလို၊ ကေအန်ပီပီဌာနချုပ် ညာမိုစခန်းအနီး ထိုင်းနယ်စပ်မှာလည်း လူ ၄၀၀ လောက်  ထွက်ပြေးတိမ်းရှောင်လာ ခဲ့ကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ တပတ်လောက်အထိ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲပဲလို့ ကူညီနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) အတွင်းရေးမှူး ၂ မူရီးက ပြောပါတယ်။

“ပထမတညက ဆိုရင်လည်း အဲဒီ သူတို့ ကိုဗစ်ကွာရန်တင်းချထားတဲ့နေရာမှာပဲ တောထဲမှာပဲ ထားပေးတယ်။ ပြီးတော့ သူတို့ (ထိုင်းအာဏာပိုင်) တွေက အဝင်အထွက်မလုပ်ခိုင်းဘူးပေါ့နော်။ အဲမှာဆိုရင် ပထမရောက်တဲ့ ပထမတရက်မှာဆိုရင် အရမ်းအရေးပေါ်လိုအပ်နေတဲ့ဟာကို ကြေညာပြီး တယောက်နည်းနည်း အဲလိုမျိုး အစားသောက်တို့၊ စောင်တို့ မီသလောက်ပဲ သွားကူပေးတာပဲရှိတာပေါ့နော်။ ထိုင်းကလည်း အဲမှာ သူတို့ပိတ်ထားလိုက်တယ်။ လုံးဝသူတို့ ဒီစခန်းဘက်ထဲအထိ သူတို့ဝင်ခွင့်မပေးဘူး။ အဲတော့ သူတို့နေတဲ့နေရာမှာဆိုရင်လည်း ဘာမှမရှိဘူး။ တချို့ပစ္စည်းသိမ်းမီတဲ့သူတချို့က ပါသွားပေမဲ့ ပစ္စည်းမသိမ်းမီတဲ့သူတွေက ဘာမှမပါဘူး။ အဲတော့ တရက်ကျော် နှစ်ရက်နီးပါး မစားရတဲ့အနေအထားရှိတယ်။ ”

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကိုလည်း ထိုင်းအာဏာပိုင်တွေက ချက်ပြုတ်စားသောက်ခွင့်မပေးဘဲ နန်းစွယ်နဲ့ စခန်းက တာဝန်ရှိသူတွေက ချက်ပြုတ်ပြီး သွားရောက်ပို့ဆောင်ရတဲ့ အနေအထားဖြစ်တဲ့အတွက် တချို့ ထမင်းဝေချိန်မမီသူတွေ မစားရဘူး ဖြစ်နေပါတယ်။

ဒါ့အပြင် သူတို့အတွက် အမိုးအကာနဲ့ စောင်၊ ခြင်ထောင်တွေလည်း  အလုံလောက်မရှိဘဲ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။

“ကျမတို့က ကူညီတဲ့အဖွဲ့ရှိတယ်။ လာကူပေးချင်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ သူတို့က အဲဒီအထိကို ပေးမကူဘူး။ အန်ဂျီအိုပဲဖြစ်ဖြစ်ပေါ့။ သူများလာကူချင်ပေမယ့် သူတို့က အဲဒီအချိန်ကို ပေးမဝင်ဘူး။ ဘာပဲလာလာ သူတို့ဆီမှာပဲလာအပ်ထားရတယ်။ ပြီးတော့ သူတို့ အဲဒီကနေတဆင့် လိုက်ဝေပေးတဲ့ပုံစုံမျိုး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာက တချို့လူက ရှိတဲ့သူက ရှိတယ်။ မမျှတမှာစိုးလို့ ဆိုပြီးမှ အဲဒါကိုပြောပဲ ကျမတို့က အဲဒီမှာပဲ လာပို့လို့တယ်။”

တိုက်ပွဲဖြစ်ပွားရာဒေသ ဟွေ့ပူလောင်းရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာလည်း ထိုင်းနယ်စပ် နမ့်ပင်လင်မှာ ထွက်ပြေးလာရပြီး  လူဦးရေ ၂၀၀ လောက်ရှိ နေပါတယ်။

အဲဒီဒေသက ထွက်ပြေးတိမ်းရှောင်လာသူတွေလည်း အရေးအပေါ် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီနိုင်ငံတကာနဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီအတွင်းရေးမှူး ၁ ဆရာလွီးစီက ပြောပါတယ်။

“နမ့်ပင်လင်ဘက်မှာ ရောက်တဲ့အဖွဲ့တွေခါကျတော့ ကူညီထောက်ပံ့မှုအပိုင်းတွေကကျတော့ (coordination team for emergency relief ) ကနေပဲ ကူညီပေးတာတွေ ရှိတယ်။ ရိက္ခာ ဆန်တွေ ကူညီပေးတာတွေရှိတယ်။ အဝတ်အထည်တွေပေးတယ်။ ပြီးတော့ အမိုးအကာတွေ နည်းနည်းပါးပါးပေးနိုင်တာရှိတယ်။ ဒါပေမဲ့ သူက ၇ ရက်နေ့မှာ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ အနီးကပ်ဆုံးရွာပေါ့။ သူတို့က ထိုင်းနယ်စပ်ဘက်ရောက်လာတော့ ထိုင်းနယ်စပ်ကိုလည်း ပေးမကျော်ဘူး။ ဆိုတော့ အခုကသူတို့ ကားလမ်းမကြီးပေါ်မှာပဲ အိပ်နေရတယ်။ အဲခါမှာ သူတို့အခင်းမိုးကာတွေလိုတယ်။ စောင်တွေ၊ အနွေးထည်တွေ၊ ကလေးငယ်တွေရှိတဲ့အခါကျတော့ ခြေစွပ်တို့၊ အဲဒါတွေလိုတယ်။ သူတို့ တကိုယ်ရေသန့်ရှင်းရေးအတွက်ဆိုရင် အိမ်သာဆောက်ဖို့၊ ရေပုံးတို့၊ အိုးခွက်ပန်းကန်တွေလိုတယ်။ တချို့ သွေးတိုး၊ ဆီးချို အဲလိုမျိုးရှိတဲ့လူတွေရှိတယ်။ ဆိုတော့ အဲဒီမှာ ကျန်းမာရေး စောင့်ရှောက်မှုကလည်း လိုတယ်။”

ဒီလို ဒုက္ခရောက်နေသူတွေကူညီနိုင်ဖို့အတွက် ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီလက်အောက်ကနေ ဖွဲ့စည်းထားတဲ့ coordination team for emergency relief ကနေ တဆင့်သာ သွားရောက်ကူညီနိုင်တဲ့အတွက် အဲဒီကနေ သွားရောက်ကူညီပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။

တပ်မတော်အာဏာသိမ်းပြီးနောက် မေလကစပြီး ကယားပြည်နယ်တွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့အတွက် ကယားပြည်နယ်ထဲက ပြည်သူတချို့ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ထိန်းချုပ်နယ်မြေအနီးမှာ လာရောက်ခိုလှုံနေကြပါတယ်။

အခု ၂၀၂၂ ဇန်ဝါရီလက ကေအန်ပီပီ ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ် ဆောင်တဲ့အတွက်  စစ်ဘေးရှောင်တွေဟာ ထိုင်းဘက်ခြမ်း နယ်စပ်အထိကို ထွက်ပြေးလာရတာဖြစ်ပါတယ်။

အလားတူ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာလည်း ဇန်နဝါရီ ၇ ရက်နေ့ ကတည်းကနေ ဒီနေ့အထိ မြို့တွင်း တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေပြီး လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့်  မြို့ပေါ်လူထု အားလုံးလိုလို နီးစပ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။  DVB

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီသတင်း ပေးဒလန်ဟုနာမည်ထွက်နေသူ အမျိုးသား ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် မတောင်ရွာတွင် စစ်ကောင်စီ ဒလန်သတင်းပေးဟုနာမည်ထွက်နေသူ အမျိုးသားတစ်ဦး သေ နတ်ဖြင့် ပစ်ခံရရာ‌ သေဆုံးသွားကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်များဖြစ်တဲ့ Tagaung PDF နှင့် Kyarhnyat PDF တို့၏ ထုတ်ပြန် ကြေညာချက်များအရ သိရသည် ။

ယနေ့ နေ့လည် ၁၂ ဝန်းကျင်ခန့်က မတောင်ရွာလမ်းဘေးတွင် စျေးဆိုင်ဖွင့်လှစ်ထားသော လက်ပံကုန်းရွာသား ကိုကြည်တိုးဆိုသူ၏ ဝဲဘက်နားထင်အား သေနတ်ဖြင့်တေ့ပစ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောဆိုထားသည်။”ဟုတ်တယ်ဗျ၊ အဲလူက စစ်ကောင်စီနဲ့ အဆက်စပ်ရှိတယ် ပြီးတော့ သူ့ဆိုင်အနီးမှာ စခ(စစ်ကောင်စီတပ်ဖွဲ့) ၊ရခ (ရဲတပ်ဖွဲ့)တွေ ရမ်းသမ်းပြီး ပစ်ခဲ့လို့ ပြည်သူတစ် ဦးသေဆုံးတဲ့ ကိစ္စမှာ သူပါဝင်တယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည် ။

ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ကိုကြည်တိုး၏ ဇနီးဖြစ်သူမှာလည်း လက်ရှိတွင် ဆယ်ဇင်းကုန်းကျေးရွာတွင်တာဝန်ကျနေသည့် Non-CDM ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း ဒေသခံများက ထပ်မံပြောဆိုထားသည် ။သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်နေ့ကလည်း ကြံ့ခိုင်ရေးပါတီဝင် ဒလန်သတင်းပေးဟုနာမည်ထွက်နေသည့် လင်မယားနှစ်ယောက်အား အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပွားခဲ့‌သေးသည်။ mizzima

ရွှေဘိုတွင် စစ်ကောင်စီ သတင်းပေး ၂ ဦး အ သတ်ခံရပြီးနောက် အလောင်း လာကောက်သည့် စစ်တပ်က အသက် ၆၀ အရွယ် ပြည်သူ ဦးမှန်ရောင်ကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် သန်တောကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ မသီနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ကို အမည်မသိ သေနတ်သမားများက ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉နာရီခန့်တွင် ပစ်သတ်ခဲ့ပြီးနောက် အလောင်းလာကောက်သည့် စစ်တပ်က ထူးကြီးရွာသား ပြည်သူတစ်ဦးဖြစ်သူ အသက်၆၀အရွယ် ဦးမှန်ရောင်ကို ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

” စစ်တပ်က အလောင်းလာကောက်တဲ့ အချိန် ဆက်တိုက်တွေ ပစ်တာ ရမ်းသမ်းပစ်တာလား။ ချိန်ပစ်တာလားတော့ မသိဘူး။ ပြည်သူ တစ်ဦးကတော့ ကျည်ထိပြီးသေသွားပြီ။ ထူးကြီးရွာသား အသက်၆၀အရွယ် ဦးမှန်ရောင်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ဒလန် ၂ ဦးသေဆုံးသောကြောင့် အလောင်းလာကောက်သည့် စစ်တပ်သည် ပလိုင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များဖြစ်ပြီး အဆိုပါ ဒလန်သားအဖသည် စစ်တပ်က ပြည်သူများထံမှ မတရားသော နည်းဖြင့် ယူဆောင်ထားသော စပါးများကို လိုက်လံ ရောင်းချပေးနေသူများ ဖြစ်ကြောင်းသိရသည်။

” ရွှေဘိုမြို့နယ် သန်တောကျေးရွာက စကစ သတင်းပေးသတ်ခံရတယ်။ ဒီနေ့ နံနက် ၉နာရီခန့်ကဖြစ်တာလို့ သိရတယ်။ သတ်ခံရတဲ့ အမျိုး သမီးနဲ့ သူအဖေက ပန်းလှိုင်ရွာက စစ်ခွေးတွေနဲ့ ဝါရုံကန်ကျေးရွာက စကစခန့် အုပ်ကြီးနဲ့ ပေါင်းပြီး ပလိုင်းရွာ ပြည်သူများတွေဆီက စစ်တပ်က မတရားကောက်ခံထားတဲ့ စပါးကိုရောင်းပေးတယ်သိရပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

မြန်မာပြည်တွင်း မူးယစ်ဆေးဈေးနှုန်း ကျဆင်းလာသဖြင့် သုံးစွဲသူများလာ

မြန်မာပြည်တွင်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ မူးယစ်ဆေးဝါးဈေးနှုန်းတွေကျဆင်းလာပြီး သုံးစွဲသူတွေ များပြားလာတယ်လို့ မြို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်က နယ်ဘက်ကျေးရွာတွေမှာသာ မူးယစ်ဆေးဝါးသုံးစွဲ သုံးစွဲခဲ့ကြပေမဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘိန်းဖြူဈေးနှုန်းတွေနဲ့ WY ဈေးနှုန်းတွေ ကျဆင်းလာတာကြောင့် မြို့တွင်းတွေမှာပါ သုံးစွဲလာကြတယ်လို့ သိရပါတယ်။

အရင်က ဘိန်းဖြူဈေးနှုန်းဟာ ပင်နယ်ဆလင် တဘူးကို ငွေကျပ် ၃၀၀၀၀ ဈေးရှိပေမယ့် အခုအချိန်မှာတော့ ငွေကျပ် ၅၀၀၀ လောက်ပဲ ရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက“အရင်ကတော့နယ်ဘက်တွေမှာပဲ မူးယစ်ဆေးကိုသုံးကြတယ်။ အခုအချိန်မှာ ဘိန်းဖြူက ဝယ်ရတာလည်းလွယ်ကူလာတယ်။ ဈေးကလည်း အရင်ကထက်အများကြီးကွာသွားတော့ စမ်းသုံးကြည့်ရာက စွဲသွားတဲ့ လူတွေလည်း အနီးနားမှာကြားနေရတယ်။ လူငယ်ပိုင်းတွေက များတယ်။ လူကြီးပိုင်းကတော့နည်းတယ် မြို့မဈေး လမ်းဆုံနေရာတွေမှာပါ ညဘက်မူးယစ်ဆေးသုံးတဲ့သူတွေ ရှိလာတယ်”လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေအထဲမှာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်တွေက များပြီး လူကြီးပိုင်းနည်းပါးတယ်လို့ သိရပါတယ်။  

ထီးချိုင့် PDFကလည်း ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကမ်းနီအုပ်စုညောင်ပင်စုရပ်မှာနေသူ တစ်ယောက်ဆီက wy တံဆိပ်ပါ စိတ်ကြွဆေးတွေနဲ့ အတူ ဖမ်းဆီးခဲ့တယ်လို့ HPDFက သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို ကမ်းနီ ပကဖ အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ကသာမြို့နယ် အင်းရွာအုပ်စု သပြေသာကျေးရွာမှာလည်း မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးကို ဇန်နဝါရီ ၁၂ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိရပါတယ်။  ရပ်ရွာလူကြီးရဲ့ အာမခံချက်နဲ့ ရောင်းဝယ်သူကို ကြိမ်ဒဏ် ၈ ချက်ပေးပြီး နောင်အခါမရောင်း ချဖို့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

ထီးချိုင့်မြို့နယ် ချိတ်သင် ကျေးရွာအုပ်စု ရွာသစ်ကုန်းနဲ့ ကိုးတဲကျေးရွာတို့မှာလည်း ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်လောက်က  မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ ဈေးနှုန်းကျဆင်းလာပြီး နောက်ပိုင်းမှာ မြို့ပေါ်မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ ဖောက်ထွင်းမှုတွေ များပြားလာပြီး နယ် ဘက်တွေမှာတော့ ဘုရားကျောင်းတွေထဲက ပစ္စည်းတွေပါ ခိုးယူခံရမှုတွေရှိလာပြီး ကျွန်းစိုက်ခင်းတွေက ကျွန်းပင်တွေ ခိုးရောင်းစားခံရတာတွေ ပိုမိုများပြားလာတယ်လို့သိရပါတယ်။ DVB

ရွှေနှင့် အမေရိကန်ဒေါ်လာစျေး ပြန်ကျရိပ်ပြ

ပြည်တွင်းဈေးကွက်မှာ ဇန်န၀ါရီလ ဒုတိယပတ်ကစတင်ပြီး စျေးလှုပ်ခတ်ခဲ့တဲ့ မြန်မာရွှေစျေးနဲ့ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းတွေဟာ အခုအခါ ပြန်လည်ကျရိပ်ပြလာပါတယ်။

ကမ္ဘာ့ရွှေစျေး ၊ ဒေါ်လာငွေလဲနှုန်းတို့နဲ့အတူ မြန်မာရွှေစျေးက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၉ သောင်း၀န်းကျင် အထိမြင့်တက်ခဲ့ပြီး၊ ကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းက ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာကို ၂၀၂၅ကျပ် အထိမြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ရေနံစိမ်းစျေး မြင့်တက်လာပြီး ပြည်တွင်းမှာလိုအပ်တဲ့ စက်သုံးဆီကို ၀ယ်ယူတင်သွင်းရာမှာ ဒေါ်လာလိုအပ်ချက်လည်း ပိုများလာတာကြောင့် ပြည်တွင်းမှာ ဒေါ်လာငွေလဲနှုန်းနဲ့အတူ စက်သုံးဆီစျေး၊ ရွှေစျေးပါလိုက်ပါ မြင့်တက်လာတာဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင် သူတွေက ဆိုကြပါတယ်။

ကမ္ဘာ့ရွှေစျေးဟာလည်း ဇန်န၀ါရီ ၁၁ ရက်မှာ တစ်အောင်စကို ကျပ် ၁၈၀၀ အထက်ကို စတင်ရောက်ရှိလာပြီး၊ ဒီနေ့ဇန်န၀ါရီ ၁၄ ၇က်နေ့မှာတော့ တစ်အောင်စကို ၁၈၂၈ ဒေါ်လာအထိ ထပ်မံမြင့်တက်နေပါတယ်။ပြည်တွင်းရွှေစျေးက ဇန်န၀ါရီ ဒုတိယပတ်မှာ အတက်အကျများခဲ့ပြီး ဒီနေ့ ဇန်န၀ါရီ ၁၄ ရက် မွန်းလွဲပိုင်းမှာ ရွှေစျေးက ၁၈ သိန်း၅ သောင်း ၄ ထောင်ကျပ်ပါ။ ကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကတော့ ၁၉၄၀ နဲ့ ၁၉၇၀ ကြားမှာရှိပြီး ကျပ် ၂၀၀၀ အောက် ပြန်လည်ကျဆင်းလာပါတယ်။

ဇန်န၀ါရီ ၁၃ ရက် မနေ့က စစ်ကောင်ဗဟိုဘဏ်ဟာ ပျဥ်းမျှငွေလဲနှုန်း ၁၇၇၈ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကို နိုင်ငံခြားငွေ စျေးပြိုင်လေလံ ရောင်းချခဲ့ပြီး အခုဇန်န၀ါရီလအတွင်း ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း၄၀ အထိထုတ် ရောင်းချထားပါတယ်။ DVB

ထန်တလန်မြို့ စစ်ရှောင်များအတွက် အသုံးအ ဆောင်များပစ္စည်းများ ဒုတိယအကြိမ်မြောက်‌ ပေးပို့ထောက်ပံ့

ချင်းပြည်နယ်၊ ထန်တလန်မြို့ စစ်ဘေးရှောင်များအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးပို့နိုင်ခဲ့ကြောင်း Thantlang Relief And Reconstruction Committee (TRRC) မှ ထုတ်ပြန်ထားသည်။ယနေ့ဇန်နဝါရီလ ၁၄ရက် ဒုတိယအကြိမ် ပေးပို့သော ပစ္စည်းများထဲတွင် အိုးခွက်ပန်းကန်များနှင့် စောင်များ ကား ၃စီးပြည့်ဖြစ်ပြီး ကာလတန်ဘိုး မြန်မာငွေ ကျပ် သိန်း၃၀၀ ဝန်းကျင် ရှိကြောင်းဖော်ပြထားသည်။

ထန်တလန်မြို့မှ ဇနတလန် (Zahnak Tlang ) ၊ ခွာလ်ရိန်းတလန် (Khualhring Tlang)၊ ဘူယာလ် (Bual) ၊ ဗန်ဇန်တလန် (VanZang Tlang) ၊ နှင့် ဗိုင်လမ် (Vailam) တို့တွင်တိမ်းရှောင်နေသော ပြည်သူများအတွက် ကိုရီးယားမှ ပါစတာ ဖက်ဆုန်း(ကျုံဘွေ့) Pastor Phat Sung (Cung Bawi) နှင့်မိတ်ဆွေများ ၊ မန္တလေးမှ သိက္ခာတော်ရဆရာတော် ဆိုင်မွန်ထောင်မှုန် Rev. Simon Thawng Hmung နှင့်မိတ်ဆွေများ နှင့် ဟာခါးကြက်ခြေနီ အဖွဲ့တို့မှ စီမံခန့်ခွဲ့ပေးပို့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထန်တလန်မြို့သည် စက်တင်ဘာလ ၉ရက်နေ့မှ စတင်ပြီး ဇန်နဝါရီလ အထိ မီးလောင်ကျွမ်းမှု ၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၇ကျောင်းအပါအဝင် လူနေအိမ် ၈၄၁ အိမ်ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ထန်တလန်မြို့ သည် လူနေအိမ် ၂၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀၀ (တစ်သောင်း)ကျော် နေထိုင်ပြီး ယခုအချိန်တွင် ပြည်သူလူထုများ နေထိုင်ခြင်းမရှိဘဲ မြို့လုံးကျွတ် နီးစပ်ရာရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်တွင် စစ်ဘေးရှောင် နေရလျက်ရှိသည်။ mizzima

« Older Entries Recent Entries »