Monthly Archives: Jan 2022

မင်းတုန်းတွင် စစ်တပ်က ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်း ခြောက်နေ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ မင်္ဂလာဦး ၊ ပေါက်ကိုင်း ၊ ယောကျေးရွာ၊ သမ္ဘူလ၊ အလယ်ချောင်း စသည့်ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ် ဖွဲ့ များသည် ဇန်နဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ယင်းကျေးရွာ ၅ရွာကို သွားရောက်ကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် လူတောင်းသည်ကို ပြောဆိုခြင်းမရှိကြောင်း သိရသည်။ “ကျွန် တော်တို့ မင်းတုန်းမြို့နယ်ထဲက ကျေးရွာ တွေကို စစ်သားတွေက ရွာတစ်ရွာကို လူအယောက်၃၀ဆယ်နှုန်းနဲ့ ပေးဖို့ ပေါ်ပေါ်တင်တင်တောင်းနေပါတယ်။

မပေးနိုင်တဲ့ရွာတွေကို ငွေသိန်း၃၀တောင်းပါတယ်။ တောင်းခံရတဲ့ ရွာနာမည်တွေက မဂ်လာဦး ၊ ပေါက်ကိုင်း ၊ ယောကျေးရွာ၊ သမ္ဘူလ၊ အ လယ်ချောင်းရွာတွေပါ။ ကျန်တဲ့ရွာတွေကတော့ အခြေနေမသိရသေးပါဘူး၇ရက်၈ရက်နေ့လောက်က ရွာတွေကို စစ်သားတွေရောက်လာပြီး ကျေးရွာမှာရှိတဲ့ အကြီးပိုင်းတွေကို လာပြောသွားတာလို့ သိရတယ်။ ဘာအတွက်တောင်းတယ်ဆိုတာကို မပြောဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

တောင်ကြီး၊ ဆီဆိုင်နှင့် ညောင်ရွှေဘက်ကို ကယားစစ်ရှောင် ထောင်ချီ ထပ်မံရောက်ရှိ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဆီဆိုင်နဲ့ ‌နောင်ထောင်၊ ညောင်ရွှေနဲ့ စလောင်းထောင်ရွာတွေဘက်ကို စစ်ရှောင်ပြည်သူထောင်နဲ့ချီပြီး ထပ်မံစစ်ရှောင်လာကြပါတယ်။

တောင်ကြီးမြို့ကိုလည်း စစ်ရှောင်ပြည်သူဦးရေ ထောင်နဲ့ချီပြီး ရောက်ရှိလာတာကြောင့် အိမ်ငှားရမ်းခတွေ ဈေးတက်သွားပြီး စစ်ရှောင်ပြည်သူတွေအတွက်လည်း နေရာထိုင်ခင်း အခက်အခဲတွေ ရှိနေပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေရဲ့ တိတ်တဆိတ်ညွှန်ကြားမှုတွေကြောင့် နေအိမ်ငှားရမ်းပေးဖို့ ကြောက်လန့်နေသူတွေ ရှိသလို လက်ခံကူညီပေးနေတဲ့ ခရစ်ယာန်အသင်းတော်များနဲ့ မြို့ခံလူတွေလည်း ရှိပါတယ်။ 

ါ့အပြင် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေကလည်း လိုက်လံကူညီ ဆောင်ရွက်ပေးနေကြပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးကတော့ “ကျနော့်ခြံကို အခမဲ့တစ်နှစ်ငှားပေးမယ်လို့ ပြောထားတာကြောင့် လာဆက်သွယ်တဲ့သူတွေရှိတယ်။ ခြံထဲမှာ အိမ်ဆောက်ထားတာတော့ မရှိဘူး၊ အဆင်ပြေသလိုဆောက်ပြီးနေလို့ရတယ်၊ ရေမီးတော့အစုံရှိတယ်။ သူတို့လိုအပ်မှာကတော့ အိမ်ဆောက်ဖို့နဲ့ စောင်၊ ခြင်ထောင်တွေပေါ့။ စားနပ်ရိက္ခာတွေကိုတော့ နောက်ပိုင်းအလျဉ်းသင့်သလို ထောက်ပံ့သွားဖို့ရှိပါတယ်။ အိမ်မငှားပေးတာတွေရှိပေမဲ့ တကယ်ကူညီနေတဲ့ ကျနော်တို့လိုလူတွေလည်း ရှိနေပါတယ်။ တကယ်လိုအပ်နေတဲ့ အချိန်မှာ ရှမ်းပြည်ကလူတွေက ကူညီဖို့ အမြဲအဆင်သင့်ရှိပြီး နွေးထွေးစွာ ကြိုဆိုနေပါတယ်ဆိုတာလည်း သိစေချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ကရင်နီ (ကယား) ပြည်နယ် စစ်ဘေးရှောင်တွေဟာ တောင်ကြီးမြို့ကို ဇန်နဝါရီ ၉ ရက်နေ့ညက စတင်ရောက်ရှိလာကြကာ တစ်ရက်ကို လူဦးရေသုံးရာကျော်လောက်ရှိတယ်လို့ တောင်ကြီး မြို့အဝင်မှာ စစ်ရှောင်တွေကို ထမင်းဘူးဝေပေးတဲ့ သူတွေဆီက သိရပါတယ်။ 

အိမ်ငှားရမ်းရာမှာ လိုက်လံကူညီပေးနေတဲ့ လူငယ်တစ်ဦးကလည်း “ကျနော်တို့ လူငယ်တွေနဲ့ ကူညီပေးနေတဲ့အဖွဲ့ သုံးလေးဖွဲ့လောက်နဲ့ ချိတ်ဆက်ထားပါတယ်။ အခုလောလောဆယ်တော့ ပိုက်ဆံမ‌ပေးရပဲ လက်ခံနေတဲ့ နေရာတွေကိုတော့ အဓိက လိုက်ရှာနေပါတယ်။ လောလောဆယ် လက်ထဲ ငွေအများကြီး မရှိတော့ အများကြီးငှားဖို့လည်း မတတ်နိုင်ဘူးဗျာ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့မှာတင်ပဲ တောင်ကြီးမြို့ကို စစ်ရှောင်ဦးရေ ၁၀၀၀ လောက်အထိ ထပ်မံရောက်ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ခန့်မှန်းပြောဆိုပါတယ်။ 

စစ်ရှောင်လာတဲ့သူတွေကို မြို့ဝင်မြို့ထွက်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်း ရှိတယ်လို့ လွိုင်ကော်မြို့ကနေ တောင်ကြီးမြို့ကို လာရောက်ရှောင်တိမ်းနေတဲ့ ပြည်သူတစ်ဦးကက ပြောပါတယ်။

“ကျနော်တို့လာတာ တောင်ကြီးအဝင်မှာတော့ အရမ်းစစ်တယ်၊ ဘယ်သွားမှာလဲ၊ ဘယ်မှာနေမှာလဲ၊ မှတ်ပုံတင်ပြ၊ ရောက်တာနဲ့ဧည့်စာရင်း တိုင်ရမယ်လို့တော့ ပြောတယ်။ ကျနော်တို့က တည်းမဲ့အိမ်ရှိတော့ လိပ်စာပြောလိုက်တာ အဆင်ပြေသွားတယ်။ တစ်ချို့ကားတွေကိုတော့ အရမ်းရစ်တယ်ဗျ။” လို့ DVB ကို ပြော‌ပါတယ်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေး စစ်ရှောင်နေကြရပါတယ်။  DVB

မတူပီ စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော် ရိက္ခာနှင့်ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတူပီမြို့နယ်ထဲမှာ ဇန်နဝါရီ ၆ ရက်နေ့လောက်ကစပြီးတော့ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးစပ်တဲ့ ဖနိုင်ရွာ၊ငလှိုင်၊ကစဲ၊တီဘော၊ကီလှုန်းနဲ့ ဘွေထီယားကျေးရွာတွေက ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ဟာ အသက်လုပြီး အိန္ဒိယနိုင်ငံနဲ့ နီးစပ်ရာဆွေးမျိုးတွေဆီနဲ့ တောတောင်ထဲတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့်  စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်ထဲကို ကုန်တင်ကားတွေ ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိတဲ့ စားနက်ရိက္ခာတွေ ပြတ်တောက်နေသလို ဆေးဝါးတွေလည်း ပြတ်တောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေ တော်လှန်ရေးအင်အား စုတွေနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သ လောက် လှူဒါန်းပေးကြဖို့ အကူညီတောင်းခံထားပါတယ်။ DVB

တံတားဦးမှာ စစ်သားတစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေးတပ်ရင်းက စစ်သားတစ်ဦး ဇန်နဝါရီလ ၁၃ ရက် မနေ့က အရပ်ဝတ်နဲ့ ပြန်လာချိန်မှာ ပစ်သတ်ခံရတယ်လို့ တံတားဦးမြို့ခံတွေက ပြောပါတယ်။

အရပ်ဝတ်နဲ့ သတင်းယူပြီး ပြန်အလာမှာ သေနတ်နဲ့ ပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တံတားဦးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ ဆိုင်ကယ်နဲ့ နှစ်ယောက်စီးလာတဲ့အချိန် ပစ်ခံလိုက်ရတာ၊ အခုသေတဲ့သူက ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်လာရင်း မှန်တာ ရှေ့ကမောင်းတဲ့တစ်ယောက်ကတော့ လွတ်သွားတယ်၊ အခုဆုံးတဲ့သူက ဒုတပ်ကြပ်လို့ ကြားတယ်၊ ပစ်တဲ့သူတွေကတော့ လူငယ်တွေပဲ လွတ်သွားကြတယ်”

မြင်စိုင်းရွာနဲ့ အောင်သာယာရွာအကြား လမ်းပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဒီပစ်ခတ်မှုကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က လုပ်ခဲ့တာလို့ အဲဒီအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

KDDF အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မန္တလေး – အမြန်လမ်း မိုင်တိုင် ၃၂၄ အနီးမှာ စစ်ကောင်စီယာဉ်တွေကို မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။RFA

မြန်မာ့အရေး ကမ္ဘောဒီးယား၏ အားထုတ်မှုကို စင်္ကာပူထောက်ခံဟု ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအကျပ်အတည်းနှင့် စပ်လျဉ်းပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ဆောင်ရန် ကမ္ဘောဒီးယား၏ အား ထုတ်မှုများကို စင်္ကာပူနိုင်ငံက ထောက်ခံအားပေးကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းသည် ဇန်နဝါရီ ၁၃ ရက်က စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်နှင့် တယ်လီဖုန်း ဆက်သွယ်ပြီး မြန်မာ့အရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“ဆီယမ် ရိ(ပ်) အစည်းအဝေး ရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်တဲ့အကြောင်း ကျွန်တော်တို့ နှစ်ဦးစလုံး ထုတ်ဖော်ခဲ့ကြတယ်” ဟု ဆော့ခွန်းက ဇန်နဝါရီ ၁၈-၁၉ တွင် ကျင်းပရန် မူလစီစဉ်ထားခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းခဲ့ရမှုကို ရည်ညွှန်းပြောဆိုသည်။

“အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အချိန်မီ အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ ပါဝင်သူတွေအားလုံးနဲ့ ဆက်ဆံဖို့ ကမ္ဘောဒီးယားရဲ့ အားထုတ်မှုတွေကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဘက်က ထောက်ခံအားပေးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်၊ မြန်မာနိုင်ငံမှာ မကြာမီ တည်ငြိမ်မှု ပြန်ရအောင် ကူညီပေးဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်သမျှ နည်းလမ်းတွေနဲ့ ဆက်လက် ထောက်ကူပေးသွားပါမယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇-၈ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထို ခရီးစဉ်အပေါ် မြန်မာဆိုင်ရာ ကုလအထူးသံတမန် နိုလင်း ဟေဇာ အပါအဝင် နိုင်ငံခြားသံတမန်များနှင့် လေ့လာစောင့်ကြည့်သူ အများအပြားက ကောင်းမွန်သည့်လုပ်ဆောင်ချက်တစ်ခုအဖြစ် ရှုမြင်ထောက်ခံခဲ့သည်ဟု ဆော့ခွန်းက ပြောသည်။

သို့သော် ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဝေဖန်သွားခဲ့ပြီး ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ဟွန်ဆန်အနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရင်တိုင်ပင်ခဲ့သင့်ကြောင်း အဗ္ဗဒူလာက ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရောနှင့် နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းတို့ကမူ ထိုခရီးစဉ်က မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရန် သွားခြင်း မဟုတ်ဘဲ သံတမန်ဆက်ဆံရေးအတွက် ရည်ရွယ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ပြောထားခဲ့သည်။ mizzima

တန့်ဆည်တွင် ပျူစောထီးအဖွဲ့က ကြက်ဥဒိုင်နေအိမ်ကလူများကို ရိုက်နှက်ပြီး သိန်း ၁၀၀ ကျော် ယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ဝရင်ငယ်ကျေးရွာအုပ်စု ရွာသစ်ရွာက ကြက်ဥ ရောင်းဝယ်ရေးနေအိမ်တစ်ခုကို ပျူစောထီအဖွဲ့ဝင် ၂၀ လောက် ရောက်ရှိလာပြီး နေအိမ်အတွင်းက လူတွေကို ရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၀၀ ကျာ်ကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက်၈နာရီကျော်လောက်က  ကြက်ဥဒိုင် ဦးဝင်းအိမ်ကို ပျူစောထီးအဖွဲ့ဝင် ၂၀ လောက်ရောက်ရှိလာပြီး နေအိမ်ထဲက လူတွေကို ရိုက်နှက်ကာ  ငွေသိန်း ၁၀၀ ကျော်နဲ့ ဖုန်းဘေ သိန်း ၃၀ ဖြည့်ခိုင်းပြီး အိမ်ထဲရှိ ဖုန်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

မနက် ၉ နာရီကို သိန်း ၂၀၀ ထပ်လွှဲပေးဖို့အတွက်လည်း မှာသွားတယ်လို့ အိမ်အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ 

ဦးဝင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုလို ဝင်ရောက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပျူတွေက ဓားပြတွေဖြစ်လာတယ်။ ငွေတောင်း ဓားပြတိုက်ရုံတင်မကဘူး အိမ်ရှိလူ အကုန်ရိုက်နှက် နှိပ်စက်သွားတယ်။ ဖုန်းတွေကိုလည်း အကုန်မယူသွားတယ်။ အခုလို ဓားပြတိုက်လူသတ်နှိပ်စက်နေတာတွေက ဆက်တိုက်ဖြစ်လာသလိုပဲ ဓားပြတိုက်ခံရတဲ့ အများစုကလည်း PD F ကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးနေတာတွေချည်းပဲ။ သူတို့က တစ်အိမ်လုံးပဲ အရှုပ်အရှင်းကင်းတယ်။ ထောက်ပံ့နေတယ် သ တင်းကြားလို့ အခုလို ဓားပြတိုက်ခံရတာဖြစ်နိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့မှာ စစ်ကောင်စီ တပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေက PDF အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ နေအိမ်တွေကို ဇန်နဝါရီ ၁ ရက်နေ့က လိုက်လံချိပ်ပိတ်ခဲ့ပြီး ချိပ်ပိတ်နေတဲ့ လုပ်ငန်းလုပ်ဆောင်နေစဉ်မှာ ဒေသခံ PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။ DVB

မြဝတီမြို့၊ ဖလူးလေးရွာရှိ DKBA ဗိုလ်စလုံး တပ်စခန်း လက်လွှတ်လိုက်ရ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာရှိ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်စခန်း (ဗိုလ်စလုံး စခန်း) ကို စစ်ကောင်စီတပ်က မြေပြင်တပ်ရော ဝေဟင်ကပါ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်မှုကြောင့် ယနေ့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းတွင် တပ်စခန်းကို လက်လွှတ်လိုက်ရကြောင်း မြေပြင် သတင်းရင်းမြစ်များက အတည် ပြုသည်။

“DKBA တပ်စခန်း ကျသွားတာပေါ့။ သူတို့ (စစ်ကောင်စီတပ်) အဲဒီမှာ နေရာ ဝင်ယူလိုက်ပြီ” ဟု မြေပြင် သတင်းရင်းမြစ် တစ်ဦးက ပြော သည်။ စစ်ကောင်စီက အဆိုပါ စခန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ထပ်မံ လာရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် DKBA တပ်ဖွဲ့ဝင်များ ဗိုလ်စလုံး စခန်းကို လက်လွှတ် တပ်ဆုတ်လိုက် ရခြင်းဖြစ်သည်ဟု မဇ္ဈိမ၏ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗိုလ်စလုံးခန်းက ၂ နာရီ ၁၅ မိနစ် လောက်က ကျသွားတာပါ။ မနက်ပိုင်းက စပြီးတော့ ပစ်ကြ ခတ်ကြတယ်။ နောက် လေယာဉ်တွေ လာတယ်။ လေယာဉ် နှစ်စီးနဲ့ အပေါ်ကနေ ပစ်တာ။ တဖြည်းဖြည်း စခန်းနားကို ရောက်လာတယ်။ စခန်းထဲကို ပစ်ထည့် လိုက်တယ်။ ပစ်ထည့် လိုက်ပြီးတော့ မြေပြင်စစ်ကောင်စီ တပ်ဖွဲ့တွေက အတင်း ထိုးဝင်တာလာ” ဟု နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိနေကြောင်း သတင်း ရရှိထားသော်လည်း မဇ္ဈိမက အတိအကျ အတည်မပြုနိုင်သေးပေ။ အဆိုပါ DKBA ဗိုလ်စလုံး စခန်းအနီးနှင့် ဖလူးလေး ကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်ပြီး ဖလူးလေးကျေးရွာ နေအိမ်တချို့ လက်နက်ကြီး ထိမှန် ပျက်စီးမှုများလည်း ရှိခဲ့သည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ဖလူးလေး ကျေးရွာက နေရပ် မပြန်နိုင်သေးသော စစ်ဘေးဒုက္ခသည် အများအပြား သောင်းရင်းမြစ်ကို ကူးဖြတ်ပြီး တစ်ဖက် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် နေကြရဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုအပြင် လေ ကြောင်းမှလည်း ပစ်ခတ်သည်။ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၁၆,၀၀၀ ဝန်းကျင် ရှိနေသည်။ mizzima

ကဗျာဆရာ၏ ၇ နှစ်သမီးလေး ဖခင်ထံမှ ဖုန်းမျှော်နေသည်

နေမကောင်းဖြစ်နေသော ၇ နှစ်အရွယ် သမီးငယ်က မမြင်ရမတွေ့ရသည်မှာ တစ်လကျော်နေပြီဖြစ်သော ဖခင်နှင့် တွေ့လိုကြောင်း မဖြူလေးကို ပူဆာနေသည်။

မဖြူလေးမှာ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အစအနပျောက်နေသူ မန္တလေးမြို့မှ ကဗျာဆရာ ကျော်ကြီး(ခ)ကိုကျော်ဇင်ဦး၏ ဇနီးသည်ဖြစ်သည်။

ရောက်ရာအရပ်မှ သမီးငယ်နှင့် ဇနီးထံ မပြတ်ဆက်သွယ်လေ့ရှိသူ ကိုကျော်ကြီးမှာ ပြီးခဲ့သည့် ဒီဇင် ဘာ ၄ ရက်က မိုးကုတ်−ပြင်ဦးလွင်လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီ ဖမ်းသွားသည့် အိမ်ထောင်ဦးစီး ခင်ပွန်းသည် ကျော်ကြီး(ခ)ကိုကျော်ဇင်ဦး မည်သည့်နေရာတွင်၊ မည်သို့အခြေအနေရှိမှန်း မဖြူလေးတစ်ယောက် မသိပေ။ 

“ဖေဖေလာမှာပေါ့ သမီးရယ်၊ အလုပ်တွေလုပ်နေလို့ပါ။ အဲဒီလိုမျိုးပြောထားတာပေါ့ အဝေးမှာ အလုပ်လုပ်နေတယ်ပေါ့။ ဖေဖေပြန်မလာနိုင်သေးဘူးပေါ့။ အဲဒီလိုမျိုး ပြောထားတယ်” ဟု ဖခင်ကို မျှော်နေသူ သမီးငယ်နှင့် ပတ်သက်၍ မဖြူလေးက ပြောသည်။ 

စာပေ၊ ဂီတ၊ အနုသုခုမ ထွန်းကားသော မန္တလေးမြို့တွင် နေထိုင်သည့် မဖြူလေးတို့ သားအမိနှစ်ဦးမှာ ကဗျာဆရာတစ်ဦးဖြစ်သူ ခင်ပွန်းသည်၏ ဂုဏ်ပုဒ်ဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်မူ အခြေအနေက ကပြောင်းကပြန်ဖြစ်ကုန်သည်။

အာဏာသိမ်းပြီး သုံးလဝန်းကျင်အကြာတွင် မိသားစု ပုံမှန်ဝင်ငွေအတွက် လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုတွင် ဝန်ထမ်းလုပ်ရင်း ဖြည့်ဆည်းပေးနေသည့် ကိုကျော်ကြီး အလုပ်ထွက်လိုက်သည်။

မိသားစုကို ထားရစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ကိုကျော်ကြီးတစ်ယောက် ပါဝင်ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးလည်းဖြစ်သူ ကဗျာဆရာမှာ စစ်ကောင်စီက ပစ်မှတ်ခံထားရသူတစ်ဦးဖြစ်လာသည်။ 

သို့ဖြင့် မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ခံထားရခြင်း ရှိမရှိ အသေအချာမသိရသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ကြာပြီဖြစ်သည်။ 

လွန်ခဲ့သော တစ်လကျော်ဖြစ်သော ဒီဇင်ဘာ ၄ ရက်တွင် ကိုကျော်ကြီး အဖမ်းခံရသည်ဆိုသော သတင်း မဖြူလေးထံ ရောက်လာသည်။ 

အခြေအနေအသေးစိတ်ကိုမူ မည်သူမျှ မသိရ‌ပေ။ ပြင်ဦးလွင်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ရှိနေသည်ဟု မသေမချာကြားရသည်မှအပ ခင်ပွန်းသည် ကိုကျော်ကြီးနှင့်ပတ်သက်၍ သတင်းအစအန ပျောက်နေသည်။

“တစ်ချို့က ပြောတော့ကျတော့ ဖမ်းဆီးခံရတယ်ပေါ့။ တစ်ချို့ကျတော့လည်း စစ်ကြောရေးထဲမှာ ကျသွားပြီပေါ့။ အဲဒီလိုမျိုးပြောကြတယ်။ သတင်းကတော့ ဂဃဏန သေချာမသိသေးဘူး” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မဖြူလေးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ မည်သူမဆို ဖမ်းဆီးနေသည်မှာ အထူးအဆန်းမဟုတ်တော့သော်လည်း ခင်ပွန်းသည် ရှင်မှန်းသေမှန်း မသိရသည့် အခြေအနေကိုမူ မဖြူလေး မခံစားနိုင်။ သမီးကလည်း တစ်မေးတည်းမေးနေသည်။

ကိုကျော်ကြီး ဖမ်းခံရသည်ဟု သတင်းထွက်ပြီး ၁၀ ရက်ခန့်အကြာ ၂၀၂၁၊ ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေးမြို့၌ပင် နေထိုင်သူ NLD ပါတီ လူငယ်တစ်ဦးဖြစ်သည့် ကိုသဲထွေးမောင်နှင့် ဇနီးမှာ အဖမ်းခံရပြီး နှစ်ရက်အကြာတွင် မိသားစုထံ သေပြီဟု အကြောင်းကြားခံရကာ အလောင်းပင်ပြန်မရသည့်ဖြစ်စဉ်လည်း ရှိနေသည်။ 

“သူ့ကိုပဲ အားကိုးပြီးနေခဲ့ရတဲ့ လူနှစ်ယောက်ဆိုတော့ ဘယ်လိုရပ်တည်ရမလဲဆိုတဲ့အတွေးတွေလည်း နေ့တိုင်းညတိုင်းပေါ့။ အဲဒါတွေတွေးပြီး ညတိုင်း အိပ်မပျော်ဘူး” ဟု မဖြူလေးက ဆိုသည်။

NLD က အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားပေးဝန်းရံသူများကိုပါမချန် ဖမ်းဆီးထောင်ချနေသည့်အပြင် နှိပ်စက်သတ်ဖြတ်နေသည့်အတွက် မဖြူလေး ရတက်မအေးနိုင်ပေ။

စစ်အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် ထိုသို့သော အဖြစ်ဆိုးများ ရင်ဆိုင်ကြုံတွေ့နေရသည်မှာ ကိုကျော်ကြီးနှင့် မဖြူလေးတို့လို မိသားစုတစ်စုတည်းတော့ မဟုတ်ပေ။ 

အရေအတွက် အတိအကျမသိနိုင်သော ထိုထိုသော မိသားစုများတွင် ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်နှင့် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူ ဇနီးမောင်နှံဖြစ်သည့် ကိုဂျင်မီနှင့် မနီလာသိန်းတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ညက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၈၀ ရှိလာချိန်အထိ ကိုဂျင်မီနှင့် ပတ်သက်၍ ဘာမျှ စုံစမ်း၍မရဟု မနီလာသိန်းက ဇန်နဝါရီ ၁၀ ရက်တွင် Myanmar Now ကို ပြောသည်။

“ကိုဂျင်မီရဲ့ ကျန်းမာရေးအနေအထား စစ်ကြောရေးကာလမှာ ဖြစ်ပျက်သွားတဲ့သူ့ရဲ့အနေအထားတွေကို ကျွန်မ အများကြီးစိုးရိမ်တယ်” ဟု စစ်ကောင်စီရန်မှ ကိုယ်တိုင်ရှောင်တိမ်းနေရသူ ၎င်းက ပြောသည်။ 

သူတို့ဇနီးမောင်နှံ၏ တက္ကသိုလ်ကျောင်းသားဘဝ ငယ်ရွယ်စဉ် အချိန်များမှာ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပေးသည့် ထောင်ဒဏ်များဖြင့်သာ ကုန်ဆုံးခဲ့ရဖူးသည်။

ကမ္ဘာကြီးက မျက်လုံးထောင့်ထောက်ကြည့်နေသည့် ယနေ့ နည်းပညာခေတ်၌ပင် ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ကဲ့သို့သော အဖွဲ့အစည်းမျိုးနှင့် ဆက်သွယ်လုပ်ဆောင်နေလျှက်ဖြင့်ပင် အသက် ၅၃ နှစ်အရွယ် ကိုဂျင်မီ၏ အခြေအနေကို သိခွင့်မရဟု မနီလာသိန်းက ပြောသည်။

ဖမ်းဆီးစဉ် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရခဲ့သည်၊ စစ်ကြောရေးတွင် အလွန်အမင်းနှိပ်စက်ခံရသည်၊ သေပြီ စသဖြင့် အတည်မပြုနိုင်သော သတင်းမျိုးစုံ မကြာခဏထွက်လေ့ရှိသော်လည်း သေချာရေရာသည့်အကြောင်း တစ်စုံတစ်ရာမျှ မသိရပေ။

“စစ်အာဏာရှင်လက်ထက်ရဲ့ စစ်ကြောရေးစခန်းဆိုတာ ခေတ်တစ်ခေတ်နဲ့တစ်ခေတ် မတူတဲ့ပုံစံမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းကြတာပဲ။ ဘယ်ခေတ်မှာမဆို ခံရတာချည်းပဲ။ ဘယ်ခေတ်မှ ပိုဆိုးတယ်ဆိုတာမျိုး မရှိဘူး” ဟု အာဏာရှင်များ၏ စစ်ကြောရေးကို ကိုယ်တိုင်ဖြတ်သန်းဖူးသူ မနီလာသိန်းက ပြောသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ကိုဂျင်မီကို အာဏာသိမ်းပြီး ၁၀ ရက်အကြာကတည်းက ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ −ခ ဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သည်။

စာရေးဆရာတစ်ဦးလည်းဖြစ်သူ ကိုဂျင်မီမှာ အဖမ်းခံရပြီး နှစ်လကျော်ကြာသည်အထိ မည်သည့်တရားရုံးတွင်မှ တရားစွဲဆိုတင်ပို့ခြင်း မရှိသေးသလို မည်သို့ အခြေအနေကြုံနေရမှန်း စုံစမ်း၍ မရသေးပေ။

အလားတူပင် နာမည်ကျော် ရက်ပ်အဆိုတော်လည်းဖြစ်ပြီး NLD လွှတ်တော်အမတ်ဟောင်းလည်း ဖြစ်သည့် ဦးဖြိုးဇေယျာသော်မှာလည်း အဖမ်းခံရပြီး နှစ်လဝန်းကျင်ရှိချိန်အထိ သတင်းအစအန ပျောက်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာတွင် မျက်နှာတစ်ပြင်လုံး ဖူးယောင်နေသည့် ဦးဖြိုး​ဇေယျာသော်၏ ဓာတ်ပုံကို မြင်တွေ့ခွင့်ရသည်မှအပ မည်သို့မျှ ဆက်မကြားရတော့ပေ။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူ ကျောင်းသားသမဂ္ဂနှင့် သပိတ်အဖွဲ့ဝင်များ၏ မိသားစုဝင်များသည်လည်း တစ်မျိုးတစ်ဘာသာ အဖြစ်ဆိုးမျိုး ကြုံတွေ့နေရသည်။ 

ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်ဘုန်းကျော်မှာ ဒီဇင်ဘာ ၂၆ ရက်က အဖမ်းခံရပြီးနောက် ၂၄ နာရီမပြည့်မီ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များ အကြောင်းကြားခံခဲ့ရသည်။ 

ရေဝေးသုသာန်သို့ ချက်ချင်းလိုက်ခဲ့ရန် ပြောလာ၍ မိသားစုက သွားခဲ့သော်လည်း ရုပ်အလောင်းကို ပေးမကြည့်၊ ဓာတ်ပုံရိုက်ခွင့်မပေးခဲ့ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က ပြောသည်။

“အလောင်းကို မိသားစုက မြင်လိုက်ရတာမျိုး မရှိဘူး။ သူတို့ တစ်ခါတည်း သင်္ဂြိုဟ်လိုက်တယ်”

ကိုအောင်ဘုန်းကျော်နှင့်အတူ ဖမ်းဆီးခံရသည့် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ် တတိယနှစ်ကျောင်းသား အသက် ၂၀ အရွယ် ကိုသူရအောင်နှင့် ပတ်သက်၍မူ အခြေအနေစုံစမ်းမရဟု ကိုအောင်ကောင်းဆက်က ပြောသည်။ 

ထို့အတူ ဒီဇင်ဘာ ၁၉ ရက်က သင်္ကန်းကျွန်းမြို့နယ်၌ ပြုလုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲသို့အသွား လမ်းတွင် ဖမ်းဆီးခံလိုက်ရသည့် ကိုဇော်လင်းထွဋ်(ခ)ကိုဖိုးသား၊ မဆုရည်လင်း (ခ) လင်းလင်း တို့၏ အခြေအနေကို တစ်လဝန်းကျင်ရှိချိန်အထိ မသိရသေးဟု မိသားစုဝင်အချို့က ပြောသည်။

“သင်္ကန်းကျွန်းရဲစခန်းသွားတော့ ရှေ့တင်ပဲအရပ်ခံတယ်။ လုံးဝ အထဲကို အကြည့်ကို မခံဘူး။ မရှိဘူး၊ မရှိဘူး၊ ဒီမှာမရှိဘူး၊ စစ်ကြောရေးမှာ အဲဒီလိုပဲ မောင်းမောင်းထုတ်တာ” ဟု ကိုဖိုးသား၏ မိခင် ဒေါ်စိုးမိုးအောင်က Myanmar Now ကို ပြောသည်။​

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဖိုးသားမှာ စစ်တပ်ကို သရော်မှုဖြင့် အာဏာမသိမ်းမီကပင် ဖမ်းဆီးခံရဖူးသူတစ်ဦးဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း အလွတ်တန်းသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။

အတူဖမ်းဆီးခံရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မလင်းလင်း အပါအဝင် ၎င်းတို့နှစ်ဦးကို ယခုလ ၁၄ ရက်တွင် သင်္ကန်းကျွန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဟု သတင်းထွက်နေသော်လည်း ယမန်နေ့ (ဇန်နဝါရီ ၁၂)အထိ တရားဝင်အကြောင်းမကြားသေးဟု ဒေါ်စိုးမိုးအောင်ထံမှ သိရသည်။

“ဖြစ်သွားတဲ့ကလေးတွေ အကုန်လုံးလဲ ကိုယ့်သားသမီးတွေလိုပါပဲ။ သူများသားသမီးပေမဲ့ ခံစားရတယ်။ ကိုယ်လဲ ကိုယ့်သားအတွက်ကိုလဲ အရမ်းစိတ်ပူတယ်။ အရမ်းလဲ စိတ်မကောင်းဖြစ်တယ်။ တော်တော်စိတ်ပူတာ။ အဲဒီအကြောင်းတွေးလိုက်တာနဲ့ကို ရောဂါလည်းတက်တယ်”

ဆီးချိုဝေဒနာသည်ဖြစ်ပြီး သည်းခြေတွင် ကျောက်တည်နေ၍ ခွဲစိတ်ရမည့် အခြေအနေရှိသော်လည်း သားဇောဖြင့် ဒေါ်စိုးမိုးအောင်မှာ ရောဂါဘက်ကို မလှည့်နိုင်သေးပေ။

ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြနေစဉ် စစ်ကားဖြင့် တိုက်ခံရမှုကြောင့် ဒဏ်ရာများစွာဖြင့် ဖမ်းဆီးခံရသူများ၏ ကံကြမ္မာ မည်သို့ရှိမည်ကို တစ်လကျော်သည်အထိ မသိရဟု ရန်ကုန်လူထုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သည့်​ ကိုပျံလွှားက ပြောသည်။

“တစ်ချို့တွေကတော့ အခု ထောင်ဝင်စာပို့ဖို့ လုပ်နေပေမဲ့ ပို့လို့မရသေးဘူး။ အရမ်းကြီးအတိအကျ သိတာမျိုး မဟုတ်ပေမဲ့ စစ်ကြောရေးမှာတော့ မရှိနိုင်လောက်တော့ဘူး” ဟု ၎င်းက ခန့်မှန်းသည်။

ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရသူ သုံးဦးအပါအဝင် ၁၁ ဦးကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။​

မျက်မြင်တွေ့သူအချို့ကမူ သေဆုံးသူ ငါးဦးထက်မနည်းရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုဖြစ်စဉ်အတွင်း သေဆုံးသူ၊ ဖမ်းဆီးခံရသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အောက်တိုဘာလကုန်ပိုင်းက မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) မှ ကျောင်းဆရာ၊ ဆရာမ သုံးဦးနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဥက္ကဋ္ဌ ကိုရန်စိုးပိုင်တို့သည်လည်း အဖမ်းဆီးခံရပြီး နှစ်လကျော်သည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း BEGSC ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုနောင်ချိုက ပြောသည်။ 

ဖမ်းဆီးခံထားရသူများမှာ BEGSC ခေါင်းဆောင်များဖြစ်ကြသော အသက် ၂၅ နှစ်အရွယ် ကိုနောင်ထက်အောင်၊ ၃၀ ဝန်းကျင် ဒေါ်သက်ဆုလှိုင်နှင့် ဦးနိုင်းသီဟကျော်တို့သည် မန္တလေးမြို့ရှိ စစ်ကြောရေးတစ်ခုတွင် ရှိနေသည်ဟုသာ ကြားရသော်လည်း အခြားမသိရဟု ၎င်းက ပြော သည်။ 

“ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နန်းတွင်းအချုပ်ထဲမှာ ရှိနေတဲ့ခေါင်းဆောင်ထဲမှာ တစ်ယောက်ကို စအိုကို တံကျင်လျှိုပြီးထိုးတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတဲ့ သတင်းကြားရတယ်” ဟု ကိုနောင်ချိုက ပြောသည်။ 

အသက်အန္တရာယ်စိုးရိမ်နေကြောင်းနှင့် ထိုသို့ လူ့အခွင့်အရေးချိုးဖောက်ခံနေမှုများအတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးကူညီပေးကြရန်လည်း ၎င်းက တောင်းဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်ကောင်စီ အဖမ်းခံရပြီးနောက် နေအိမ်ပြန်မရောက်၊ အကျိုးအကြောင်း စုံစမ်းမရဘဲ ပျောက်ဆုံးနေသူ ၇၅ ဦးရှိသည်ဟု သိရသည်။

ထိုကိန်းဂဏန်းမှာ အာဏာသိမ်းပြီး လေးလဝန်းကျင်အတွင်းသာ ဖြစ်သည်။ အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် အဖမ်းခံရသူ တစ်သောင်းကျော်ရှိကာ ၁၅၀၀ ဦးခန့် သတ်ဖြတ်ခံရသည်ဟု AAPP ၏ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်က ဆိုသည်။ 

လက်လှမ်းမီသလောက် စုစည်းထားခြင်းသာဖြစ်၍ အရေအတွက်မှာ ပို၍များနိုင်သည်ဟု AAPP တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တရားလက်လွတ် ဖမ်းဆီးခံရသူ ၈၀ ရာခိုင်နှုန်းနီးပါးဟာ ဖမ်းဆီးခံရပြီးနောက်မှာ ဘယ်ကိုခေါ်သွားမှန်း မသိရဘဲ ရက်အနည်းငယ်အတွင်းကနေ လပိုင်းလောက်အထိ သတင်းအစအနရလေ့မရှိပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက AAPP ကို တရားမဝင်ဟု ကြေညာကာ စာရင်းများချဲ့ကားလွန်းသည်ဟု ဝေဖန်ထားပြီး ဖြစ်သည်။ သို့သော် ထိုသို့သော ကိန်းဂဏန်းများနှင့် ပတ်သက်၍မူ ထုတ်ပြန်လေ့မရှိ။

ထိုအခြေအနေတွင် အဆုတ်မကောင်းသည့် သမီးငယ်ကို တတ်အားသရွေ့ ပြုစုစောင့်ရှောက်ရင်း ဆောင်းရာသီကို ဖြတ်နေရသည့် မဖြူလေးမှာ ခင်ပွန်းသည်နှင့် ပတ်သက်၍ မည်သို့မျှော်လင့်ရမည် မဝေခွဲနိုင်ပေ။

“ကလေးစကားက မှန်တတ်တယ်လေ။ ကလေးကို အစ်မက မေးလိုက်တာ သမီးဖေဖေရှိသေးလား။ ဆုံးသွားပြီလား။ မေးရင် မေမေရယ် ဖေဖေမသေပါဘူး မငိုပါနဲ့။ သူက အဲလိုပြောတယ်” 

အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်သည့် မနီလာသိန်းသည်ပင်လျှင် ခင်ပွန်းသည် ကိုဂျင်မီအတွက် မည်သို့ မျှော်မှန်းရမည်မှန်း မသိ၍ မဖြူလေး၏အဖြစ်မှာ ဆိုဖွယ်ရာမရှိပေ။ 

“အမှန်အတိုင်းပြောရရင် ကျွန်မစိတ်ကို ကျွန်မပြင်ဆင်ထားတယ်” ဟု မနီလာသိန်းက ပြောသည်။

မိသားစုကို ဆက်သွယ်အကြောင်းမကြားမချင်း ကိုဂျင်မီ အသက်ရှင်နေသည်ဟု မျှော်လင့်နေဦးမည်ဟု ၎င်းက ဆက်ပြောသည်။

“အများကြီး မျှော်လင့်ချက်မထားထားဘူး။ ဘာလို့လဲဆိုတော့ သူတို့(စစ်ကောင်စီ)က အင်မတန်မှ ရက်စက်ကြမ်းကြုတ်သူတွေ”

ထိုထိုသော အဖြစ်ဆိုးများမှ လွတ်မြောက်နိုင်ရေး တစ်ခုတည်းသော ထွက်ပေါက်မှာ စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်ရန်မှအပ အခြားမရှိဟု မနီလာသိန်းက ယုံသည်။ 

“ကျမတို့ အမြဲတမ်းပြောတဲ့ စကားရှိပါတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး”

ပြည်သူအများ အရှိန်အဟုန်ဖြင့် ပူးပေါင်းပါဝင်နေသည့် တော်လှန်ရေးအလုပ်ကို  ပို၍ အာရုံစိုက်ကြရန်လည်း မနီလာသိန်းက တိုက်တွန်းသည်။

“အင်နဲ့အားနဲ့ လုပ်ဆောင်မှသာ အကျဉ်းကျနေတဲ့ ကျွန်မတို့ ရဲဘော်တွေ၊ မတရားညှဉ်းပန်း နှိပ်စက်ခံနေရတဲ့ ရဲဘော်တွေအားလုံး အမြန်ဆုံးလွတ်မြောက်မှာဖြစ်ပါတယ်”

လက်ရှိတွင်မူ မန္တလေးမြို့မှ မဖြူလေးမှာ လက်ကိုင်ဖုန်းသံမြည်လာမည်ကို ထိတ်လန့်နေသည်။ ဖခင်ဖြစ်သူကို လွမ်းဆွတ်တသနေသူ သမီးငယ်၏ မေးခွန်းများကလည်း ရင်ဆိုင်ရခက်စေသည်။ 

“သမီးက ဖေဖေပြန်လာပြီလား။ ပြန်မလာဘူးလား။ ဖေဖေဆီက ဖုန်းလာလား။ ဖေဖေ့ကို လွမ်းတယ်။ ဖုန်းဆက်ချင်တယ်။ အဲဒီလိုတွေပြောနေတာ” ဟု ဆိုသော မဖြူလေး၏အသံမှာ တုန်ရီနေသည်။  myanmar now

ဒီပဲယင်း ယဉ်ကျေးရွာကို စစ်တပ်က ရဟတ် ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ရွာကို စီးနင်းကာ မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ယဉ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်က စတင်ကာ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်တပ်က လူချကာ ကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“အခုမြင်ရတာတော့ မီးခိုးလုံးများ ထွက်ပေါ်လာတယ်။ ဘာမှတိုက်ပွဲမဖြစ်ပါပဲ ဖိုက်တာ ၂စီးက ပစ်ပြီး တစ်စီးက လူချသွားတာ အခု ယဉ် ကျေးရွာ တောကျောင်းကို မီးရှို့နေပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာတွင်းသို့ ရောက်ရှိနေကာ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

“ဒေသခံပြည်သူတွေ အကုန်လုံးထွက်ပြေးနေရတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးတာတော့ မသိရသေးဘူး။ ဘယ်သူတွေဖမ်းခံရတယ် ဆိုတာ ဘာမှ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

« Older Entries Recent Entries »