Monthly Archives: Jan 2022

တီးတိန်မြို့နယ်အတွင်း ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး သေဆုံး၊ တိုက်လေယာဉ်များဖြင့် လာပစ်သော်လည်း ရာသီဥတုကြောင့် ပြန်လှည့်သွားရဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Hiangzing ကျေးရွာနှင့် Taingen ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF Siyin၊ ချင်းပူးပေါင်းတပ်ဖွဲ့များကြား ယနေ့နံနက် ၇ နာရီခွဲမှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦးကျဆုံးကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“Siyin နယ်၊ Hiangzing ရွာနဲ့ Taingen ရွာကြား မှာ CDM (Siyin) နဲ့ မဟာမိတ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ နာရီပေါင်းများစွာ တိုက်ပွဲဖြစ်နေပါတယ်။ အခုချိန်ထိလည်း တိုက်ပွဲ ဖြစ်နေတုန်းပါပဲ။ နောက်လည်း ဖြစ်လာနိုင်စရာ ပိုများပါတယ်။ ဒီနေ့တော့ စစ်ကောင်စီဘက်က ၂ ဦး သေတယ်” ဟု CDM Siyin တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ရာဒေသတဝိုက်သို့ ကလေးမြို့နယ်၊ ခိုင်ကမ်းမြို့၊ ကလေးကောလိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ Hiangzing သုဿန်အတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်များ လာရောက်ပျံသန်းသွားသော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဘဲ လှည့်ပြန်သွားကြောင်း သ တင်းရရှိသည်။ယနေ့တိုက်ပွဲနှင့်ပတ်သက်ပြီး CDM Siyin က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ khit thit

ရွှေဘိုမြို့နယ် ဝါးရုံကန်ရွာတွင် ဗုံး ၃ လုံး ပစ်ခံရသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ များ သေဆုံး

စစ်ကိုင်းတွင်း၊ ရွှေဘိုမြို့နယ် ဝါးရုံကန်ကျေးရွာရှိ အမျိုးသမီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ် ဗုံးသုံးလုံး ပစ်ခတ် တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ လေးဦး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် ရွှေဘိုမြို့နှင့် ၆ မိုင်ခန့် ကွာဝေးသည့် ဝါးရုံကန်ကျေးရွာရှိ နေအိမ်တွင် အုပ်ချုပ်ရေးမှူး ဒေါ်လဲ့လဲ့နှင့် ပျူစောထီးဟုဆိုသူ အချို့ ရှိနေစဉ် ဗုံးပစ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ပလိုင်းတပ် (စစ်ကောင်စီတပ်) အတွက် ငွေပေးနေသူ၊ ဝါးရုံကန်ရွာမှာသူနဲ့ မတည့်သူတွေ ဖမ်းခိုင်းပြီး အဖမ်းခံရသူတွေရဲ့ လယ်နဲ့ အခြားပစ္စည်းတွေကို သိမ်းယူပြီး ပလိုင်းတပ်အတွက် လယ်တစ်ဧက စပါး ၂၀ ကောက်ယူ ပေးနေပါတယ်။ ခုချိန်ထိ အလောင်းကောက်မယ့်သူ မရှိသေးသလို ဘယ်အဖွဲ့အစည်း လုပ်တယ်ဆိုတာလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။ ပလိုင်း၊ ဝါးရုံကန်၊ သန်းတော၊ ထူးကြီး အဲ့ရွာတွေက တစ်ရွာနဲ့ တစ်ရွာ မဝေးဘူး၊ ဆက်နေတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်း ဖြစ်စဉ်အပြီး ဝါးရုံကန်နှင့် တစ်မိုင်ခန့် ကွာဝေးသည့် ပလိုင်းရွာဘက်မှ လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသ ကာကွယ်ရေးတပ်များ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး အထိအခိုက် အကျအဆုံးကိုမူ မသိရသေးပေ။ဒေါ်လဲ့လဲ့သည် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေး ဥက္ကဋ္ဌ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဝါးရုံကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာကာ ကျေးရွာအတွင်းရှိ ပြည်သူများ၏ စပါးများကို သိမ်းယူပြီး ပလိုင်းရွာရှိ စစ်ကောင်စီတပ်ကို ထောက်ပံ့ပေးနေကြောင်း ဒေသခံက ဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ဒေါ်လဲ့လဲ့ သိမ်းယူထားသည့် စပါးများကို ရောင်းချပေးနေသော သန်းတောကျေးရွာမှ မသီနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ ပစ်သတ်ခံခဲ့ရ သေးသည်။ယင်ပစ်သတ်ခံရသည့် အလောင်းများကို လာကောက်သည့် စစ်ကောင်စီတပ်ကလည်း အသက် ၆၀ အရွယ် ထူးကြီးရွာသား ဦးမှန်ရောင်ကို ပစ်သတ်သွားကြောင်း ဒေသခံများက ဆိုသည်။

“စစ်တပ်က အလောင်းလာကောက်တဲ့ အချိန် ဆက်တိုက်တွေ ပစ်တာ ရမ်းပစ်တာလား၊ ချိန်ပစ်တာလားတော့ မသိဘူး။ ပြည်သူ တစ်ဦးက တော့ ကျည်ထိပြီး သေသွားပြီ။ ထူးကြီးရွာသား အသက် (၆၀) အရွယ် ဦးမှန်ရောင် လို့ သိရတယ်” ဟု အခြားဒေသခံ တစ်ဦးက ပြောဆိုသည်။ လက်ရှိ စစ်ကောင်စီတပ်များ ပလိုင်းကျေးရွာတွင် တပ်စွဲထားပြီး အနီးအနား ကျေးရွာများရှိ ဒေသခံများ၏ စပါးများကို မတရာသိမ်းယူကာ ကျေးရွာများအတွင်း ဝင်ရောက် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ mizzima

ကံမမြို့နယ်တွင် အန်အယ်လ်ဒီ ဝန်းရံသူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ကြို့ပင်တိုက်နယ်မှာ အန်အယ်လ်ဒီပါတီကို ဝန်းရံခဲ့တဲ့ အရပ်သား ပြည်သူ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၆ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

ဇန်နဝါရီ  ၁၄ ရက်နေ့က ၃ ယောက်၊ ၁၅ ရက်နေ့မှာ ၃ ယောက်၊ စုစုပေါင်း  ၆ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ နေအိမ်‌တွေကနေ လာရောက်ဖမ်းဆီးသွားတာလို့  မိသားစုဝင်တွေထံက သိရပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုသိမ်- မုံရွာကားလမ်းပေါ်ရှိ ကြို့ပင်ကျေးရွာသားတွေဖြစ်တဲ့ ကြို့ပင်ကားဂိတ်အနီး ရွှေပန်းထိမ်လုပ်ငန်းလုပ်တဲ့  မမေလေး၊ ကားဂိတ်မှာ ကွမ်းယာရောင်းတဲ့ ကိုဝဏ္ဏ၊ လိုင်းကားဆွဲသူ ကိုမျိုးဇော်အောင်တို့ကို PDF ထောက် ပံ့ ကူညီမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပါတယ်။

ဒီကနေ့မှာလည်း ရွှေဧရာ ဆောက်လုပ်ရေးပစ္စည်းဆိုင်က မဌေးဌေးဝင်း၊ ကောင်းသစ်စံ စားသောက်ဆိုင်က ကိုဇော်ကြီးနဲ့  ကြို့ပင်ဈေးတန်းက ကိုဇော်လေးတို့ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကြို့ပင်ကျေးရွာသားတယောက်က “စစ်တပ်က NLD နဲ့ပတ်သက်တဲ့လူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး လိုက်ဖမ်းနေကြတာ။ ပြီးခဲ့တဲ့ ဇန်န ဝါရီ ၃ ရက်က  ကြို့ပင်အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်သေးဘူး” လို့ ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေ ရွာထဲဝင်ဖမ်းစဉ် တောတွေထဲကို တိမ်းရှောင်နေသူတွေလည်းရှိပြီး သူတို့ တိမ်းရှောင်နေတဲ့စခန်းကိုလည်း စစ်ကောင်စီတပ်က မနေ့ကပဲ ဝင်ရောက် ပစ်ခတ်ခဲ့လို့ ၂ ယောက် သေဆုံးကာ ရွာသားအများစုက ထွက်ပြေးလွတ်မြောက်သွားပြီး နေရာပြောင်းကာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။DVB

ထိုင်းပြန်များကို ၁ ပတ်လျှင် ဦးရေ ၆၀၀ နှုန်းဖြင့် မဲဆောက်-မြ၀တီ အမှတ် (၂) ချစ်ကြည် ရေး တံတားမှ ပြန်ခွင့်ပြု

ထိုင်းနိုင်ငံမှ ပြန်မည့်သူများကို မဲဆောက်-မြ၀တီ နယ်စပ်ဂိတ် အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် တစ်ပတ်လျှင် ဦးရေ ၆၀၀ ခန့်ကို ယခု ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ပြန်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မြန်မာ အလုပ်သမား အရေး ကူညီ ဆောင်ရွက်ပေးနေသူများထံက သိရသည်။

လက်ရှိတွင် ပြည်တော်ပြန်များကို တစ်ပတ်လျှင် ဦးရေ ၆၀၀ နှုန်းဖြင့် စနေ၊ တနင်္လာ၊ ဗုဒ္ဒဟူး နေ့ရက်များတွင် တစ်ရက်လျှင် အယောက် ၂၀၀ ပြန်ခွင့်ပေးမည် ဖြစ်ကြောင်း နေရပ်ပြန်များအရေး ဆောင်ရွက် ပေးနေသည့် ကိုဖြိုးက ဆိုသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြည် တော်ပြန်များ ရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် ပွဲစားများဖြင့် ချိတ်ဆက်ကာ တရားမဝင် လာရောက် နေသူများရှိပြီး အဖမ်းခံရသူများစွာ ရှိနေသည်။

အဆိုပါ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်သူများသည် တစ်ဦးလျှင် ထိုင်းဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးဆောင်ကာ ရာနဲ့ချီ၍ တ ရားမဝင် နယ်စပ် ဖြတ်ကျော်မှုများ ရှိနေပြီး ထိုင်း လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီး အရေးယူမှုများ နေ့စဉ်နီးပါး ဆောင်ရွက်လျက် ရှိသည်။mizzima

ရန်ကုန်တွင် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသဖြင့် အိမ်ရှင်မများ အခက်ကြုံ

ရန်ကုန်မြို့မှာ ခုရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေ မကြာခဏ ပြတ်တောက်တာ များလာတဲ့ အတွက် အိမ်ရှင်မတွေနဲ့  လျှပ်စစ်မီးကို အမှီပြုပြီး အလုပ် လုပ်ကိုင်နေရကြရတဲ့ လုပ်ငန်းတွေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရပါတယ်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေ လျှပ်စစ်မီးအသုံးများတဲ့ အချိန်တွေမှာ လျှပ်စစ်မီး အကြိမ်ကြိမ် ဖြတ်တောက်နေတာကြောင့် ရန်ကုန်မြို့ခံတွေ အခက်အခဲတွေ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ရန်ကုန်မြို့ပေါ်ရပ်ကွက်တွေမှာ  လျှပ်စစ်ဌာနက လက်နက်ကိုင် စစ်ကောင်စီတပ်တွေအားကိုးနဲ့ မီတာခတွေ အ တင်းအဓမ္မလိုက်ကောက်တာတွေ၊ မီးဖြတ်တာတွေ လုပ်ဆောင်ခဲ့ပြီး အခုနောက်ပိုင်း မီတာခဆောင်တဲ့အိမ်ရော မဆောင်တဲ့အိမ်ပါ မီးအဖြတ်ခံနေရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့နေ ပြည်သူလူထု အများစုဟာ လျှပ်စစ်မီးကိုအဓိက အားထားသုံးစွဲပြီး လုပ်ငန်းလုပ်ကိုင်နေကြရတာဖြစ်ပြီး အိမ်ရှင်မတွေအနေနဲ့လည်း လျှပ်စစ်မီး ပုံမှန်မလာတဲ့အတွက် ချက်တဲ့ပြုတ်တဲ့အခါမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ အိမ်ထောင်ရှင်မ တယောက်က ပြောပါတယ်။

လျှပ်စစ်မီး မလာတာကြောင့် အင်တာနက်လိုင်းတွေပါ ပြတ်တောက်တာရှိနေပြီး အွန်လိုင်းနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေပါ အဆင်မပြေဖြစ်နေကြတာပါ။  

မီးမကြာခဏ ပြတ်တောက်တာကြောင့် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေမှာ ကျောင်းမထားချင်လို့ အိမ်ကနေ အွန်လိုင်းစနစ်နဲ့ပဲ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက်ပါ အခက်အခဲ ဖြစ်လာတယ်လို့ ဆရာမတယောက်က  ပြောပါတယ်။

ရန်ကုန်မှာအခုဆိုလျှပ်စစ်မီး ဖြတ်တောက်တာဟာ ပြည်သူအများဆုံး သုံးစွဲတဲ့ မနက် ၇ နာရီလောက်ကတည်းကနေ  ညနေ ၅ နာရီလောက်ထိကို ဖြစ်နေတာပါ။ 

လျှပ်စစ်မီး ပြတ်တောက်မှုဟာ နိုင်ငံအနှံ့ နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပြီး အရင်  ၂၀၁၀ မတိုင်ခင် နဝတ၊ နအဖ  စစ်အစိုးရတွေခတ်တုန်းကလို  အမှောင်ခေတ်ကို ပြန်ရောက် နေပြီဖြစ်လို့  ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့  သုံးသပ်တာတွေ ရှိနေပါတယ်။ 

လုပ်ငန်းရှင်တစ်ဦးကတော့ လတ်တလော ရန်ကုန်မှာ မီးပျက်ရင်လည်း အချိန်အကြာကြီး ဖြတ်တောက်တာကြောင့် လျှပ်စစ်မီးနဲ့ အလုပ်လုပ် ကိုင်နေရတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း လုပ်ကိုင်သူတွေမှာ အခက်တွေ့လာတဲ့လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကတော့ သဘာဝဓာတ်ငွေ့ဈေး မြင့်တက်လာတာ၊ ပြည်တွင်းက ရတနာသဘာဝဓာတ်ငွေ့စီ မံကိန်းကို ပြုပြင်နေရတာနဲ့ တာဝါတိုင်တွေ မိုင်းခွဲခံရတာတွေကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းရတာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ DVB

တနင်္သာရီတိုင်းခရီးစဉ်တွင် လူ ၁ဦးကို ၁ နှစ် ဆီ ၆ ပိဿာခန့်သာ စားရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြံပြု

တနင်္သာရီတိုင်း ခရီးစဉ်သို့ ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လူတစ်ဦးလျှင် တစ်နှစ်ကို ဆီ ခြောက်ပိဿာ ခန့်သာစားရန် စစ်ခေါင်းဆောင် အကြံပြုပြောဆိုခဲ့ကြောင်း ဆီအုန်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ရောက်ရှိနေသည့် စစ်ခေါင်းဆောင်သည် ယမန်နေ့ ဇန်နဝါရီလ ၁၄၇က် က ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်တွင် ထိုသို့အကြုံပြုပြောဆိုသွားခြင်းဖြစ်သည်။ “မိမိတို့ နိုင်ငံမှာ ဆီစားသုံးမှုက တစ်ဦးချင်း အလိုက် မြင့်မား နေပါတယ်။ စားအုန်းဆီတွေ ပြည်ပက နှစ်စဉ် ဆီတန်ချိန် တွေ များစွာ တင်သွင်းခဲ့ရကာ ၂၀၂၀- ၂၀၂၁ ခုနှစ်မှာဆိုလျှင် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး အထိ တင်သွင်း ခဲ့ရပါတယ်။ နိုင်ငံတော် အနေနဲ့ ငွေကြေး များစွာ သုံးစွဲခဲ့ရတာကြောင်း၊ ပညာရှင်များ၏ တွက်ချက်မှု အရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက် ဆီလိုအပ်ချက်မှာ ၁ ဒသမ ၅၈ ကျပ် သားဖြစ်၍ ၁ နှစ်လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပါတယ်။ တစ်ဖက်ကနေ ဆီစားသုံးမှု လျှော့ ချ သကဲ့သို့ တစ်ဖက်တွင်လည်း ဆီအထွက်နှုန်းတိုးစေရန် အတွက် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ကိုယ်စီ ကျန်းမာသော ဘဝကို ပိုင်ဆိုင်ကာ နိုင်ငံ အတွက်လည်း နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်”ဟု ၎င်းကပြောဆိုသွားသည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေးနှင့် ယုဇန ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီတို့ကို သွားရောက် လေ့လာခဲ့ပြီးနောက် ၎င်းက မိမိတို့ နိုင်ငံတွင် စားအုန်းဆီများ ပြည်ပမှ နှစ်စဉ် ဆီတန်ချိန် များစွာ တင်သွင်းနေရ၍ နိုင်ငံခြားငွေ လျှော့ချ သုံးစွဲ နိုင်ရေး တနင်္သာရီတိုင်း အတွင်း ဆီအုန်း လုပ်ငန်းများမှ ဆီ အထွက်နှုန်း တိုးရန် သက်ဆိုင်ရာ ကုမ္ပဏီများမှ ကြိုးစားလုပ်ဆောင်ရန် တိုက်တွန်း ပြောဆိုခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းကို ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူ ဆောင်ရွက် ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ဆီအုန်းစိုက်ပျိုး ဖြစ်ထွန်းသည့် တနင်္သာရီတိုင်းဒေသကြီးကိုလည်း ဆီအိုးကြီး အဖြစ် သတ်မှတ်ဆောင်ရွက်မှုများ ရှိခဲ့ပြီး လက်တွေ့ မြေပြင်တွင် ဆီအုန်းလုပ်ငန်းမှာ ကုန်ကြမ်း အဖြစ်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် ကုမ္ပဏီတို့ အကြား မြေယာ ပြဿနာများဖြင့်သာ ရှုပ်ထွေးနေခြင်းလည်းဖြစ်သည်။

ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ၎င်းက သွားရောက်တွေ့ဆုံခဲ့သေးသည်။ ထိုနေ့တွင် ၎င်းသည် ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများကိုပါ လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ mizzima

ခမရ ဘီးလင်းတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့် တရားမဝင် ဆက် ကြေးကောက် စီးပွားရေးသောင်း ကျန်း၊ တပ်ငွေကြေးအလွဲသုံးစားလုပ်ပြီး ဖိနှိပ်ဟုဆို

မွန်ပြည်နယ်၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ဘီးလင်းတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့်တို့သည် လက်ရှိ စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ငွေကြေး ကောက်ခံ စီးပွားရေးသောင်းကျန်းလျက်ရှိပြီး တပ်တွင်းတွင်လည်း ဖိနှိပ်မှုများစွာ လုပ် ဆောင် နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ဘီးလင်းတပ်မှာ တပ်ရင်းမှူး ဒုမှူးကြီး မောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့် သည် တရားမဝင် ရွှေတူးသူများထံမှ ဆက်ကြေးကောက်ခံပြီး တပ်တွင်းဖိနှိပ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ တပ်ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်မှုများရှိနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

“ဆုမွန်သန့် ရဲ့ ယောကျာ်း ဗိုလ်မှူး မောင်မောင်ဇေ ယာယီတပ်ရင်းမှူးအဖြစ် တပ်ကို ရောက်ကတည်းက ဆုမွန်သန့်ဟာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် ရဲ့ ​မြေးဝမ်းကွဲ ဆိုပြီးတော့ ကြွေးကြော်လာတယ်။ တပ်ရင်းကိုရောက်တည်းက လတိုင်း တပ်ရင်းရံပုံငွေလချုပ်ကို ခင်ပွန်းဖြစ်သူ ရှေ့တန်းကနေ ငါ့မိန်းမကို လတိုင်းရှင်းပြ အမိန့်လှမ်းပေးတာကြောင့် တပ်ရေးဗိုလ်ကြီးက ဘာတွေဘယ်လိုသုံးပြီး ဘာတွေ ဘယ်လိုရပါတယ်ဆိုတာ ရှင်းရတယ်။ မွေးမြူစိုက်ပျိုးမတည်အမြတ်တွေကိုလည်း စိုက်မွေးအရာရှိက တစ်ဆင့် ဆုမွန်သန့် က အိတ်ထဲ ကောက်ထည့်လိုက်ပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

တပ်ရင်းမှူး မိန်းမ မဖြစ်ခင်က ဆုမွန်သန့်သည့် မူးယစ်ဆေးဝါး ရောင်းသူအဖြစ် မြောက်ဒဂုံတွင် နာမည်ကျော်ဇော်ခဲ့ကြောင်း၊ ယခု တပ်ရင်းကို ရောက်ရှိချိန်တွင် ဆက်ကြေးကောက်ခံမှုများကို ၎င်းကိုယ်တိုင် ဦးဆောင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိသည်။ “သူက မြောက်ဒဂုံမှာနေတုန်းက မူးယစ်ဆေးဝါးရောင်းဝယ်သူဆိုပြီး နာမည်ကျော်ဇောခဲ့တာ။ တပ်ရင်း က ဘီးလင်း ဖာပွန် မဟာဗျူဟာလမ်းဟောင်းကြီးဘေးမှာ တည်ရှိပြီး ကရင်ပြည်နယ်ရဲ့ အဓိက ရွှေထွက်တဲ့ မဲဝိုင် နန့်သူခီး နန့်သူထ ရွာတွေတက်တဲ့ ကားလမ်းမကြီးဘေးမှာပါ။ အဲဒီတော့ ဂိတ်ဖွင့်ပြီး ပိုက်ဆံကောက်ပါတယ် နိုင်ငံတော်ကို လုပ်ငန်းလိုင်စင်လျောက်ထား တူးဖော်ခြင်းမဟုတ်ဘူး။ နယ်မြေခံတပ်တွေနဲ့ တရားမဝင်တရုတ်တွေ၊ လုပ်ငန်းရှင်းတွေ ပေါင်းတူးတာ ဆယ်စုနှစ် တစ်ခုစာ ရှိပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

ခမရ ၃ တပ်ရင်းမှူးနှင့် မိန်းမက ဆက်ကြေးကောက်ခံရာတွင် ဆီဘောက်ဆာ တစ်စီးလျှင် ငွေကျပ် ၁ သိန်း ၅သောင်း၊ ဆီပေပါတင်ကားဆိုလျှင် တစ်စီး ၈ သောင်း ကျပ်၊ ယန္တရား တင်သည့်ကားများ ဆိုလျှင် တစ်စီးလျှင် ၁ သိန်းနှင့် ၂ သိန်း‌ကြား ကောက်ခံ‌ကြောင်း၊ တပ်က ကောက်ခံလျက်ရှိသော ဂိတ်တွင် တစ်ညလျှင် နေ့စဉ် သိန်း ၂၀ နှင့် သိန်း ၄၀ အကြား ဝင်ငွေရှိကြောင်း သိရှိရသည်။ “ဆုမွန်သန့် က ရွှေတွင်းတရားမဝင်ဂိတ်ကို သူကိုယ်တိုင်တပ်ရင်းအမှတ် ၂ ဂိတ်မှာ စောင့်တောင်းသလို သူ့လက်သပ်မွေးတပည့်တွေကိုစောင့်တောင်းခိုင်းတာရှိပါတယ်။ တပ်ကိုရောက်တည်းက သူ့လူတွေ မွေးပြီး တပ်ရဲ့ဝင်ငွေစီးဆင်းမှုတွေကို ဂဏန်းတွင်း လိုက်နှိုက်ပြီး တပ်တွင်းသွေးကွဲမှုတွေဖြစ်အောင် သွေးခွဲအုပ် ချုပ်တတ်တာပါ။

တရားမဝင်ငွေကြေးတွေကို ရှာဖွေတာ ကြမ်းလွန်းတယ်။ ”အမှုဖြစ်ပြီး တပ်ကထွက်ရရင်တောင် အပြင်မှာနေစရာ စားစရာရှိတယ် ‘ ကြိုက်တဲ့လူကို တိုင် ” ဆိုပြီး တပ်ထဲက လူတွေကို စိန်ခေါ်တာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။တပ်တွင်းတွင် တပ်ရင်းမှူး သဘောမကျသူ များနှင့် အဆင်မပြေသူများကို တပ်တွင် မနေနိုင်ရန်နှင့် တပ်ပြောင်းရွှေ့အောင် လုပ်ဆောင်ကြောင်း၊ အိမ် ထောင်သည် အမျိုးသမီးများသည် ၎င်း၏ ဒဏ် မခံနိုင်၍ တပ်ထဲမှ ထွက်ပြေးရသည်ဟု သိရှိရသည်။

“သူ့လူတွေမွေးထားတော့ သူ့လူတွေနဲ့မတည့်သူ သူနဲ့မတည့်သူတွေဟာ တပ်ထဲကမနေနိုင် စစ်ပြေး ဖြစ်ကုန်တဲ့သူတွေတောင်ရှိပါတယ်။ တစ်ချို့ရဲဘော် မိန်းမတွေ ဆိုရင် သူ့ရဲ့အနိုင်ကျင့်မှုတွေဒဏ်မခံနိုင်လို့ ယောကျာ်းတွေ ရှေ့တန်းပြန်လာတာတောင် မစောင့်နိုင်ဘဲ ထွက်ပြေးရတဲ့သူတွေရှိပါတယ်။တရား မဝင်ဂိတ်ကောက် ဆက်ကြေးတောင်းခိုင်းတဲ့ သူ့ကြောင့် အသက်ပေးလိုက်ရတဲ့ တပ်ကြပ် တစ်ဦးတောင်ရှိပါတယ်။တာ ဝန်ရှိတဲ့သူကို အရေးယူဆိုပြီး အထက်အမိန့်က စာရွက်ပေါ်မှာ ပြီးသွားတယ်။

အထက်က ဂိတ်မကောက်ရဘူး အမိန့်ထုတ်လိုက်တော့ ဂိတ်ကိုဖွင့်မကောက်တော့ဘဲ ဘီးလင်း ကနေ မဲဝိုင်သွားတဲ့ လမ်းဘေးက နတ်ကြီးရွာမှာ အခုအထိ စောင့်တောင်း မြို့ပေါ်မှာ စောင့်တောင်းတာမျိုးကို ဆုမွန်သန့် ကိုယ်တိုင်လုပ်ပါတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြော သည်။

လက်ရှိတွင် တပ်ရင်းမှူး မောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့်တို့သည် ကျိကျိ တက်ချမ်းသာလာကြောင်း၊ တပ်လုံခြုံရေးဟုဆိုကာ ဆုမွန်သန့်ကိုယ်တိုင်က ဝင်ရောက်စစ်ဆေးကြောင်း ၊ လူမွေးခြင်း၊ အုပ်စုဖွဲ့ခြင်းများဖြင့် တပ်တွင်း ဖိနှိပ်နေပြီး တိုင်ကြားသူများကို ဖရဲသီးဟု အမှုတပ် သတ်ပစ်မည်ဟု အမြဲတစေ ခြိမ်းခြောက်လေ့ရှိကြောင်း သိရှိရသည်။ khit thit

ICJ တရားရုံးအမှု စစ်ကောင်စီကိုယ်စားလှယ်က ခုခံချေပမည်

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သဟိတ်မှာရှိတဲ့ နိုင်ငံတကာတရားရုံး (ICJ)မှာ တရားစွဲဆိုထားတဲ့ အမှုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ နောက်တစ်ကြိမ် စစ်ဆေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

၂၀၁၉ ခုနှစ်က ပထမဆုံးကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ခုခံချေပခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အစား အာဏာသိမ်း စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်က ခုခံချေပဖို့ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံ ရှေ့နေချုပ်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့  ICJ ရဲ့ ပြောရေးဆိုခွင့်ရသူကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အတည်ပြုချက်မပေးဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။  

ဒုတိယအကြိမ် စစ်ဆေးမှုမှာ ကိုဗစ်-၁၉ အခြေအနေကြောင့် လူကိုယ်တိုင် တရားခွင်အထိ တက်ရောက်တာရော၊ အွန်လိုင်းကနေ တက်ရောက်တာရော နှစ်မျိုးစလုံးနဲ့ ပေါင်းစပ် ရုံးထုတ်ဖို့ စီစဉ်ထားတယ်လို့ ဂမ်ဘီယာနိုင်ငံက ရှေ့နေချုပ် ဒေါဒါဂျယ်လိုရဲ့ ပြောကြားချက်ကိုကိုးကားပြီး သ တင်းက ဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ  ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ကိစ္စဟာ လူမျိုးရှင်းလင်းရေးအထိ ရည်ရွယ်ချက် ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ကောက်ချက်ဆွဲထားတာပါ။

၂၀၁၉ ဒီဇင်ဘာလတုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ကြားနာစစ်ဆေးမှုအပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို ၆ လတကြိမ် အစီရင်ခံဖို့ အာဏာသိမ်း စစ်ကောင်စီက တရားရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ DVB

မြောင်မြို့နယ်ရှိ စစ်ကောင်စီ သတင်းပေး မိ သားစုအိမ်ကို ဒေသခံကာကွယ်ရေးတပ်များက ဖျက်ဆီး၍ ပစ္စည်းများကို ပြည်သူပိုင်ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာတွင်း နေထိုင်သည့် စစ်ကောင်စီသတင်းပေးမိသားစု၏ နေအိမ်အား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM )က ဦးဆောင်ကာ မဟာမိတ်အဖွဲ့များနှင့်အတူ သွားရောက်ပညာပေးခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါမိသားစု၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းအချိန်တွင် ဆွဲလဲအိုကျေးရွာရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၁၃ လုံးအပြင် ပြည်သူပိုင်ပစ္စည်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းဖြစ်စဉ်ကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျေးရွာရှိ အခက်ကြုံနေကြသော အိမ်ထောင်စုများထံ သွားရောက်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ထိုသတင်းပေးမိသားစု၏ နေအိမ်ကို ပညာပေး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မနေ့က CDSOM ရဲ့ ဦးဆောင်မှုနဲ့ မီးဘေးသင့်နေတဲ့ အိမ်ထောင်စု ၁၃ စုကို သွားရောက်ကူညီပေးတဲ့အချိန်မှာ ပြည်သူလူထုရဲ့တောင်းဆိုမှုအရ ဒီမိသားစုက ငါတို့ကျေးရွာက ပြည်သူတွေကို ပြေးရအောင် ခုလိုမီးတင်ရှို့တဲ့ အနေအထားမျိုးထိ သူတို့တွေက စကစ(စစ်ကောင်စီ)ကို သတင်းပေးတယ်။ ဒါကြောင့် သူတို့ကိုလည်း ငါတို့လိုမျိုး ခံစားရအောင် သူတို့ကိုလည်း သွားရောက်ပညာပေးပေးပါဆိုတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တောင်းဆိုချက်အရ သွားပြီးပညာပေးဖြစ်ခဲ့တာ”ဟု Myaung Women Warriors-မြောင်အမျိုးသမီး ပြောက်ကျား စစ်သည်တော်များ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမအားပြောပြသည်။

အဆိုပါ ပညာပေးဆုံးမမှုတွင် CDSOM အဖွဲ့နှင့်အတူ Myaung Women Warriors ၊ Myaung Union Army ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ အဲ့အိမ်ကို သွားခဲ့ကြတယ်။ အိမ်ထောင်ပရိဘောက ပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့လိုက်တယ်။ ပြီးရင် သူ့အိမ်မှာရှိနေတဲ့ ထော်လာဂျီကို အမတို့ သိမ်းခဲ့လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်နှစ်စီးကိုလည်း မီးဘေးသင့်သွားတဲ့ပြည်သူတွေထဲမှာ ဆိုင်ကယ်ဆုံးရှုံးသွားတဲ့သူတွေရှိတယ်။ အဲ့ဒါကို အစားထိုးပြန်ပေးဖို့ သူတို့ရဲ့ပိုင်ဆိုင်မှုထဲ အမတို့ မနေ့တုန်းက သိမ်းဆည်းခဲ့လိုက်တယ်ပေါ့နော် ပြည်သူပိုင်အဖြစ်နဲ့။ မှတ်လောက်သားလောက်အောင်တော့ ပညာပေးခဲ့တယ်” ဟု မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ဝင်က ပြောသည်။

ထိုသို့ နေအိမ်အား သွားရောက်ပညာပေးစဉ် ၎င်းမိသားစုမှာ နေအိမ်တွင် ရှိမနေပေ။ ယင်းမိသားစုမှာ အောက်တိုဘာလကတည်းက ရွာထဲမှ ပြောင်းရွှေ့သွားကာ စစ်ကောင်စီအား ဆက်လက် သတင်းပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုမိသားစုမှာ စစ်တပ်အသိုင်းအဝိုင်း (မိသားစုဝင်အချို့မှာ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်) ကဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့နှင့် ၇ ရက်နေ့ကလည်း ၎င်းတို့၏ သတင်းပေးပို့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ကိုးအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး ယင်းဖြစ်စဉ်တွင်လည်း ၎င်းတို့က ကားတစ်စီးဖြင့် စစ်ကောင်စီတပ်သားများကို လိုက်လံလမ်းပြခဲ့ကြောင်း မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ဝင်ထံမှ သိရပြီး CDSOM အဖွဲ့ကလည်း ထိုသို့ ထုတ်ပြန်ထားသည်။

ယင်းအပြင် ဇန်နဝါရီလ ၁၁ ရက် ညနေ ၉ နာရီခန့်တွင်လည်း မြောင်မြို့နယ်၊ နဘက်ကျေးရွာ၌ နေအိမ် ခြောက်လုံးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သေးသည်။ လက်ရှိအချိန်အထိ ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဘေးသင့်ပြည်သူများထံ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က သွား ရောက်ပြီး မီးဘေးသင့် အိမ်ထောင်စုများအတွက် တစ်စုလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ကာ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် သုံးအိတ် သွားရောက် ပေးအပ် ကူညီခဲ့ခြင်းဖြစ်သည်။ mizzima

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်း တိုင်းတို့တွင် စစ်ကောင်စီတပ်များက လက် နက်ကြီးများဖြင့်ပစ်ခတ်၍ ထိုးစစ်ဆင်နေ၊ မကွေးတွင် မြစ်ခြေရဲစခန်းကို PDF ဝင်တိုက်မှု ရဲ ၁ ဦးသေ

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များက ယနေ့ ဇန်န ဝါရီလ ၁၅ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထိုးစစ်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် ယမန်နေ့ညပိုင်းမှစတင်ပြီး လက် နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် မဆင်မခြင် ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းကျေးရွာရှိ စျေးဆိုင်တချို့ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တယ်ဆိုတာထက် စစ်ခွေးတွေက မနေ့ညကတည်းက ကမိုင်းကုန်းဘက်ကို လက်နက် ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ အ ခုတော့ ရွာသစ်ရွာနဲ့ မြို့ဟောင်းရွာတွေအနားအထိ လက်နက်ကြီးတွေပစ်ပြီး စစ်တပ်က စစ်ထိုးနေတာ။ ရွာသားတွေတော့ ပြေးတဲ့သူလည်းပြေးကြပြီ။ တချို့လည်း အခြေအနေကြည့်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ချောင်းဝရွာအနီး မြို့လှ PDF တပ်နှင့် သင်္ဘောလုံခြုံရေးနေရာယူ စစ်ကောင်စီတပ်များ တိုက် ပွဲဖြစ်ပွားကြောင်း၊ ယနေ့နံနက် ၇ နာရီခန့်၌ သင်္ဘောလုံခြုံရေးယူရန် ချောင်းဝရွာမှ ထွက်ခွာလာသော စစ်ကောင်စီ တပ်ရင်း ၁၂၁ နှင့် ဗိုလ်ဇာမဏီဦးဆောင်သော မြို့လှ PDF တပ်ခွဲ ၂ နှင့် KIA ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချောင်းဝကျေးရွာထဲမှ ရွာဦးရေချမ်းစဉ်ဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက် ခိုက် ခဲ့ရာ စစ်တပ်က ပြန်လည် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ပြန်ဝင်သွားကြောင်း ၊ လက်ရှိအချိန်တွင်စကစများသည် ကသာမြို့အထက်ပိုင်း ချောင်းဝ၊ မိုးတား၊ သံပုရာကုန်း၊ မဲဟင်း ကျေးရွာများသို့ရောက်ရှိနေပြီး ရွှေကူမှဆင်းလာသည့် စစ်သင်္ဘော ၂စီးအားကာကွယ်ရ န်မြစ်ကြောင်းကျေးရွာများသို့နေရာယူလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်က သတင်းဖော်ပြသည်။

ထို့ပြင် ကသာမြို့နယ်၊ မိုးတားရွာ တောင်ပေါ်ကျောင်း ၃ နေရာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များက ကျောင်းဝန်းအတွင်းမှနေ၍ နှောတန်းရွာဘက်သို့ လက်နက်ကြီး ၁ လုံးရမ်းတမ်းပစ်ခတ်ခဲ့ကြောင်း၊ပေါလောကျွန်းတွင်တပ်ဖြန့်ထားသော စစ်တပ်ကလည်း လည်း လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ ပေါက်နက်ရွာအနီးတွင် မန္တလေး-ဗန်းမော် ကားလမ်းအတိုင်း မောင်းနှင်လာသော စစ်ယာဥ်တန်း ၄ စီးကို ထီချိုင့် PDF၊ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပ-က-ဖ) တို့ ပူးပေါင်းပြီး စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ကားတစ်စီးပျက်စီးသွားကြောင်း၊ ယင်းနောက် ဆက်လက် မောင်းနှင်လာသော ကားများကို တုံလုံရွာ အနီးတွင် နံနက် (၈)နာရီ ခန့်က ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDF ထံမှ သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြစ်ခြေမြို့မရဲစခန်းရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈ နာရီတွင် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရသွားကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း MC-KC PDF က ထုတ်ပြန်ထားသော သတိပေးချက်များကို အထူးအလေးထားပေးကြရန် မြစ်ခြေ-ကွန်းချောင်း PDF က ထုတ်ပြန်ထားသည်။ khit thit

« Older Entries