ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာဦးဘုန်းကြီး ကျောင်းကို စစ်တပ်က ရဟတ်ယာဉ် ၂ နှစ်စင်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက် ယဉ်ကျေးရွာ ရွာဦးဘုန်ကြီးကျောင်းကို စစ်ကောင်စီတပ်ကရဟတ်ယာဉ်နှစ်စင်းဖြင့် ဝင်ရောက် တိုက်ခိုက်ကာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်နှင့် ရိက္ခာများအား ဖျက်ဆီးသွားကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့လယ် ၁၂ နာရီအချိန်တွင် ရဟတ်ယာဉ် နှစ်စင်းဖြင့် နာရီဝက်ခန့်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “မနေ့က MI 35 နှစ်စင်းနဲ့ ပစ်တယ်၊ ကျောင်းတည့်တည့်ကိုလည်း ပစ်တယ်၊ ဘေးနားဝန်းကျင်တွေကိုလည်း ပစ်တယ်၊ စက်သေနတ်နဲ့တော့ အတွဲလိုက်ပစ်တယ်၊ နောက်လက်နက်ကြီး ဗုံးသီးနဲ့ အချက် ၃၀ လောက်ပစ်တယ်” ဟု ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများက ဒေသခံများ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများအား မီးပုံရှို့သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒီပဲယင်းမြို့နယ်နှင့် ၁၀ မိုင်ခန့်အကွာ ယဉ်ကျေးရွာ၊ ညောင်လှရွာ၊ ဝဲကြီးရွာ အပါအဝင် ကျေးရွာပေါင်း ခုနစ်ရွာမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မည်ကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ သတင်းကြိုရသည့်အတွက် တိမ်းရှောင်နိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ မရှိခဲ့ပေ။ စစ်ကောင်စီတပ် ၏ ခြေလျင်စစ်ကြောင်းများ အထိနာလျက်ရှိရာ စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ကို တွေ့ရသည်။

“စစ်ကောင်စီတပ်တွေက ခြေလျင်လာရင် မိုင်းစာမိတာနဲ့ ဒေသခံအဖွဲ့တွေရဲ့ ပြောက်ကျားစစ်မှာ ကျဆုံးတာနဲ့ အထိနာလာတော့ ခုလိုမျိုး သ တင်းအတိအကျရတဲ့ စခန်းတွေကို လေကြောင်းသုံးပြီး တိုက်ခိုက်လာတာကို တွေ့ရပါတယ်” ဟု ဒီပဲယင်းနယ်မှ တော်လှန်ရေး တပ်သားတစ်ဦးက ပြောသည်။ တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် စခန်းတည်ရှိရာ ဒေသအား လုံခြုံရေး အထူး ဂရုစိုက်ရန်နှင့် လေကြောင်း တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် ၎င်းကပြောသည်။

“လုံခြုံရေးကိုတော့ အထူး သတိထားရမယ်၊ သတင်းမပေါက်ကြားရအောင်လို့၊ ဘာလို့လဲဆိုတော့ ဒီကောင်တွေက သတင်းအတိအကျရမှ လာပစ်တာဗျ၊ နောက်တစ်ချက်က လေကြောင်းနဲ့ အပစ်ခံရရင် အထိအခိုက်မများဖို့ ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်ထားဖို့ရယ်၊ နောက် တပ်ဖွဲ့တွေ အများကြီး စုဖွဲ့နေတာမျိုးတွေကို ရှောင်ဖို့ရယ်၊ ဒါတွေလည်း ပြင်ဆင်ထားသင့်တယ်” ဟု ၎င်းက ဆက်ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s