မြောင်မြို့နယ်ရှိ စစ်ကောင်စီ သတင်းပေး မိ သားစုအိမ်ကို ဒေသခံကာကွယ်ရေးတပ်များက ဖျက်ဆီး၍ ပစ္စည်းများကို ပြည်သူပိုင်ပြုလုပ်


စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာတွင်း နေထိုင်သည့် စစ်ကောင်စီသတင်းပေးမိသားစု၏ နေအိမ်အား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM )က ဦးဆောင်ကာ မဟာမိတ်အဖွဲ့များနှင့်အတူ သွားရောက်ပညာပေးခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါမိသားစု၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းအချိန်တွင် ဆွဲလဲအိုကျေးရွာရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ် ၁၃ လုံးအပြင် ပြည်သူပိုင်ပစ္စည်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းဖြစ်စဉ်ကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျေးရွာရှိ အခက်ကြုံနေကြသော အိမ်ထောင်စုများထံ သွားရောက်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ထိုသတင်းပေးမိသားစု၏ နေအိမ်ကို ပညာပေး ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“မနေ့က CDSOM ရဲ့ ဦးဆောင်မှုနဲ့ မီးဘေးသင့်နေတဲ့ အိမ်ထောင်စု ၁၃ စုကို သွားရောက်ကူညီပေးတဲ့အချိန်မှာ ပြည်သူလူထုရဲ့တောင်းဆိုမှုအရ ဒီမိသားစုက ငါတို့ကျေးရွာက ပြည်သူတွေကို ပြေးရအောင် ခုလိုမီးတင်ရှို့တဲ့ အနေအထားမျိုးထိ သူတို့တွေက စကစ(စစ်ကောင်စီ)ကို သတင်းပေးတယ်။ ဒါကြောင့် သူတို့ကိုလည်း ငါတို့လိုမျိုး ခံစားရအောင် သူတို့ကိုလည်း သွားရောက်ပညာပေးပေးပါဆိုတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တောင်းဆိုချက်အရ သွားပြီးပညာပေးဖြစ်ခဲ့တာ”ဟု Myaung Women Warriors-မြောင်အမျိုးသမီး ပြောက်ကျား စစ်သည်တော်များ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမအားပြောပြသည်။
အဆိုပါ ပညာပေးဆုံးမမှုတွင် CDSOM အဖွဲ့နှင့်အတူ Myaung Women Warriors ၊ Myaung Union Army ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ အဲ့အိမ်ကို သွားခဲ့ကြတယ်။ အိမ်ထောင်ပရိဘောက ပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့လိုက်တယ်။ ပြီးရင် သူ့အိမ်မှာရှိနေတဲ့ ထော်လာဂျီကို အမတို့ သိမ်းခဲ့လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်နှစ်စီးကိုလည်း မီးဘေးသင့်သွားတဲ့ပြည်သူတွေထဲမှာ ဆိုင်ကယ်ဆုံးရှုံးသွားတဲ့သူတွေရှိတယ်။ အဲ့ဒါကို အစားထိုးပြန်ပေးဖို့ သူတို့ရဲ့ပိုင်ဆိုင်မှုထဲ အမတို့ မနေ့တုန်းက သိမ်းဆည်းခဲ့လိုက်တယ်ပေါ့နော် ပြည်သူပိုင်အဖြစ်နဲ့။ မှတ်လောက်သားလောက်အောင်တော့ ပညာပေးခဲ့တယ်” ဟု မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ဝင်က ပြောသည်။
ထိုသို့ နေအိမ်အား သွားရောက်ပညာပေးစဉ် ၎င်းမိသားစုမှာ နေအိမ်တွင် ရှိမနေပေ။ ယင်းမိသားစုမှာ အောက်တိုဘာလကတည်းက ရွာထဲမှ ပြောင်းရွှေ့သွားကာ စစ်ကောင်စီအား ဆက်လက် သတင်းပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုမိသားစုမှာ စစ်တပ်အသိုင်းအဝိုင်း (မိသားစုဝင်အချို့မှာ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်) ကဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့နှင့် ၇ ရက်နေ့ကလည်း ၎င်းတို့၏ သတင်းပေးပို့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ကိုးအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး ယင်းဖြစ်စဉ်တွင်လည်း ၎င်းတို့က ကားတစ်စီးဖြင့် စစ်ကောင်စီတပ်သားများကို လိုက်လံလမ်းပြခဲ့ကြောင်း မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ဝင်ထံမှ သိရပြီး CDSOM အဖွဲ့ကလည်း ထိုသို့ ထုတ်ပြန်ထားသည်။
ယင်းအပြင် ဇန်နဝါရီလ ၁၁ ရက် ညနေ ၉ နာရီခန့်တွင်လည်း မြောင်မြို့နယ်၊ နဘက်ကျေးရွာ၌ နေအိမ် ခြောက်လုံးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သေးသည်။ လက်ရှိအချိန်အထိ ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဘေးသင့်ပြည်သူများထံ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က သွား ရောက်ပြီး မီးဘေးသင့် အိမ်ထောင်စုများအတွက် တစ်စုလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ကာ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် သုံးအိတ် သွားရောက် ပေးအပ် ကူညီခဲ့ခြင်းဖြစ်သည်။ mizzima