ရွှေဘိုမြို့နယ် ဝါးရုံကန်ရွာတွင် ဗုံး ၃ လုံး ပစ်ခံရသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ များ သေဆုံး

စစ်ကိုင်းတွင်း၊ ရွှေဘိုမြို့နယ် ဝါးရုံကန်ကျေးရွာရှိ အမျိုးသမီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ် ဗုံးသုံးလုံး ပစ်ခတ် တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ လေးဦး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် ရွှေဘိုမြို့နှင့် ၆ မိုင်ခန့် ကွာဝေးသည့် ဝါးရုံကန်ကျေးရွာရှိ နေအိမ်တွင် အုပ်ချုပ်ရေးမှူး ဒေါ်လဲ့လဲ့နှင့် ပျူစောထီးဟုဆိုသူ အချို့ ရှိနေစဉ် ဗုံးပစ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
“ပလိုင်းတပ် (စစ်ကောင်စီတပ်) အတွက် ငွေပေးနေသူ၊ ဝါးရုံကန်ရွာမှာသူနဲ့ မတည့်သူတွေ ဖမ်းခိုင်းပြီး အဖမ်းခံရသူတွေရဲ့ လယ်နဲ့ အခြားပစ္စည်းတွေကို သိမ်းယူပြီး ပလိုင်းတပ်အတွက် လယ်တစ်ဧက စပါး ၂၀ ကောက်ယူ ပေးနေပါတယ်။ ခုချိန်ထိ အလောင်းကောက်မယ့်သူ မရှိသေးသလို ဘယ်အဖွဲ့အစည်း လုပ်တယ်ဆိုတာလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။ ပလိုင်း၊ ဝါးရုံကန်၊ သန်းတော၊ ထူးကြီး အဲ့ရွာတွေက တစ်ရွာနဲ့ တစ်ရွာ မဝေးဘူး၊ ဆက်နေတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယင်း ဖြစ်စဉ်အပြီး ဝါးရုံကန်နှင့် တစ်မိုင်ခန့် ကွာဝေးသည့် ပလိုင်းရွာဘက်မှ လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသ ကာကွယ်ရေးတပ်များ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး အထိအခိုက် အကျအဆုံးကိုမူ မသိရသေးပေ။ဒေါ်လဲ့လဲ့သည် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေး ဥက္ကဋ္ဌ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဝါးရုံကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာကာ ကျေးရွာအတွင်းရှိ ပြည်သူများ၏ စပါးများကို သိမ်းယူပြီး ပလိုင်းရွာရှိ စစ်ကောင်စီတပ်ကို ထောက်ပံ့ပေးနေကြောင်း ဒေသခံက ဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ဒေါ်လဲ့လဲ့ သိမ်းယူထားသည့် စပါးများကို ရောင်းချပေးနေသော သန်းတောကျေးရွာမှ မသီနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ ပစ်သတ်ခံခဲ့ရ သေးသည်။ယင်ပစ်သတ်ခံရသည့် အလောင်းများကို လာကောက်သည့် စစ်ကောင်စီတပ်ကလည်း အသက် ၆၀ အရွယ် ထူးကြီးရွာသား ဦးမှန်ရောင်ကို ပစ်သတ်သွားကြောင်း ဒေသခံများက ဆိုသည်။
“စစ်တပ်က အလောင်းလာကောက်တဲ့ အချိန် ဆက်တိုက်တွေ ပစ်တာ ရမ်းပစ်တာလား၊ ချိန်ပစ်တာလားတော့ မသိဘူး။ ပြည်သူ တစ်ဦးက တော့ ကျည်ထိပြီး သေသွားပြီ။ ထူးကြီးရွာသား အသက် (၆၀) အရွယ် ဦးမှန်ရောင် လို့ သိရတယ်” ဟု အခြားဒေသခံ တစ်ဦးက ပြောဆိုသည်။ လက်ရှိ စစ်ကောင်စီတပ်များ ပလိုင်းကျေးရွာတွင် တပ်စွဲထားပြီး အနီးအနား ကျေးရွာများရှိ ဒေသခံများ၏ စပါးများကို မတရာသိမ်းယူကာ ကျေးရွာများအတွင်း ဝင်ရောက် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ mizzima