Monthly Archives: Jan 2022

တီးတိန်မြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ဖြစ် ပွား ကာကွယ်ရေးတပ်ဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းရရှိထားဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ဖြစ် ပွားလျက်ရှိရာ သေနတ် လေးလက် သိမ်းဆည်းရမိထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ “သူတို့ကို ကျွန်‌တော်တို့က မိုင်းကွင်းထဲရောက်အောင်မောင်းသွင်းလိုက်တာ မိုင်းကွင်းထဲရောက်သွားတော့ အသေအပျောက်တော့ မသိနိုင်သေးပေမယ့် ထိခိုက်သေဆုံးတာများနိုင်တယ်” ဟု ချင်းအမျိုးသားတပ်မတော် (CNA) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက်တွင် တီးတိန်မြို့နယ် သိုင်းငင်းရွာအလွန် ဟန်ဇင်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲဝင်များ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်သွားသည့်အတွက် အသေအပျောက်များနိုင်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ကျော်သည် တီးတိန်မြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးလာပြီး ဇန်န ဝါရီ ၁၃ရက်တွင် ထေဇန်းကျေးရွာအနီး၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးသွားခဲ့‌ကြောင်း ထုတ်ပြန်ထားသေးသည်။ ၎င်းစစ်ကြောင်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ်) CDF ၊ KKG ၊ PDF Zoland နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေ ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာခရီးစဉ်နှင့်ပတ်သက်၍ စင်ကာပူဝန်ကြီးချုပ်ကို ရှင်းပြ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ အွန်လိုင်းဗီဒီယိုကနေ တဆင့် ဇန်နဝါရီ ၁၂ ရက်က ဆက်သွယ်ဆွေးနွေးရာမှာ လတ်တလောသွားခဲ့တဲ့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါအခြေအနေအပြင် လတ်တလော သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ရလဒ်တွေကို ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတဘ်။

ကမ္ဘောဒီးယား ဘုရင်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကိုဖြေရှင်းရာမှာ ကူညီဖို့၊ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်သွားအောင်၊ တဖက်နဲ့ တဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့  လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူဝန်ကြီးချုပ်ကလည်း အခုလို မြန်မာခရီးစဉ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြောပြတဲ့ အတွက် ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းဖို့ ကမ္ဘောဒီးယားရဲ့ ပါဝင်ကြိုးပမ်းမှု၊ အထူးသဖြင့် အာဆီယံ ဥက္ကဋ္ဌနဲ့ အာဆီယံအကြီးအကဲရဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ လုပ်ငန်းတွေကို  အားပေးထောက်ခံတဲ့အကြောင်းနဲ့ အနာဂတ်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အမြင်ချင်းဖလှယ်ကြဖို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ 

အာဆီယံ နိုင်ငံခြားဝန်ကြီးတွေ အစည်းအဝေးကျင်းပရေး ဆက်လက်လုပ်ဆောင်ဖို့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီပေးဖို့ ကိစ္စတွေ စင်ကာပူနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ သဘောတူညီခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့  ဇန်န ဝါရီ ၇ ရက်နဲ့ ၈  ရက်နေ့တွေမှာ   နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံရာမှာ မြန်မာစစ်ခေါင်းဆောင်က အခုနှစ်ဟာ ငြိမ်းချမ်းရေးနေ့ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်ရပ်ထားတဲ့အကြောင်း ကတိပြုပြောဆိုခဲ့ပေမဲ့ တချိန်တည်းလိုလိုမှာပဲ ကယားပြည်နယ် လွိုင်ကော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ 

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက် ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ကျင်းပမယ့် တွေ့ဆုံပွဲကိုတော့ အာဆီယံ ဝန်ကြီးအတော်များများ လူကိုယ်တိုင် တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် ရွှေ့ဆိုင်းလိုက်ရတာလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကွေးခွန်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားတာကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးကို ရှောင်ရှားတာဖြစ်နိုင်ကြောင်း သံတမန်ရေးရာ လေ့လာသူတွေကတော့  သုံးသပ်ကြပါတယ်။ DVB

ကျောင်းကုန်းမြို့တွင် CDM ပါဝင်ပြီးနောက် အလုပ်ပြန်ဝင်နေသူ ကျောင်းဆရာ ၁ ဦး စာ သင်နေစဉ် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ရှိ အထက်တန်းကျောင်းဖြစ်သည့် အ.ထ.က(၂) စာသင်ကျောင်းတွင် ဇန်နဝါရီလ ၁၂ရက်က CDM ပါဝင်ပြီးနောက် အလုပ်ပြန်ဝင်နေသူ ကျောင်းဆရာတစ်ဦး စာသင်နေစဉ် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ ဖမ်းဆီးခံရသူ ကျောင်းဆ ရာ ဦးပိုပိုအောင်သည် စစ်အုပ်စုက မတရားအာဏာ သိမ်းယူပြီးနောက် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ငွေကြေးအဆင်မပြေမှုများကြောင့် အ လုပ်ပြန်ဝင်နေရသူ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ဦးပိုပိုအောင်က တခြားဝန်ထမ်းတွေလိုပါပဲ ငွေကြေး အဆင်မပြေတာနဲ့၊ ဖိအားပေးခံရတာတွေ များလာတာကြောင့် အလုပ်ပြန်ဝင်နေရတာပါ။ အလုပ်ပြန်ဝင်ပြီးတော့လည်း ဒီတိုင်းအလုပ်ပြန်လုပ်နေတာကို ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အခုထိမသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် ညပိုင်းကလည်း ကျောင်းကုန်မြို့၊ ဆပ်ကွင်းရပ်ကွက်တွင် ဒေါ်လဝန်း(ခေါ်) ခိုင်သဇင်ဆိုသော အမျိုး သမီးက မဘသဆိုသူများနှင့် စစ်တပ်ထောက်ခံသူများကို ဦးဆောင်ကာ အမည်မသိ အဖွဲ့အစည်းမှ အမျိုးသား နှစ်ဦး အား ရိုက်နှက်ဖမ်းဆီးခဲ့သေးသည်။

ထိုအမျိုးသမီး၏ သတင်းပေးမှုကြောင့် ကျောင်းကုန်းမြို့ပေါ်နေ ပြည်သူ အယောက် ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသ ခံများက ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူ ကျောင်းဆရာဦးပိုပိုအောင်ကို စစ်ကောင်စီတပ်များနှင့် ရဲများက မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း၊ မိသားစုများနှင့် လက်ရှိ အချိန်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများက ပြော သည် mizzima

အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့သတ် ဖြတ်ခဲ့သော မတူပီမှ ပြည်သူ ၁၀ ဦး၏ အ လောင်းများ တောထဲ ပြန်တွေ့၊ အချို့မှာ မျက် လုံးများ ပိတ်စည်းခံထားရပြီး၊ အချို့မှာ လက် ပြန်ကြိုးတုပ်လျက်သား သတ်ဖြတ်ခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင်းမှ သတင်းသမား ၁ ဦး၊ ၁၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံရွာသား ၁၁ ဦးကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ပီး ၎င်းတို့၏ အလောင်းများကို တောတောင်ထဲတွင် ပြန်တွေ့ရကြောင်း ဒေသသတင်းရင်း မြစ်များထံမှ သိရှိရသည်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံခဲ့ရသောပြည်သူ ၁၀ ဦးထဲမှ အချို့သည် မျက်လုံးများကို အဝတ်ဖြင့် ပိတ်စည်းခံထားရပြီး အချို့မှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရကြောင်း သိရှိရသည်။ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ မတူပီ-ဟားခါးလမ်း ကီလွန်းရွာနှင့်လုံလှောရွာကြားတွင် စစ်ကောင်စီတပ်နှင့် CDF တပ်များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် ကီလွန်းရွာနှင့်လုံလှော်ရွာသို့ ခရီးသွားနေသော ပြည်သူ ၈ ဦးနှင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘွေထီးယားရွာမှ ကစဲရွာသို့ ခရီးသွားနေသော ပြည်သူ ၂ ဦးကိုလည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး တောတောင်ထဲတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူများတွင် Khonumthug သတင်းဌာန၏ တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်သူ Pu Tuidim ပါဝင်သွားကြောင်း Khonumthung သတင်းဌာနက တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ khit thit

လူပေါင်း ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးထားဟု စစ်ကောင်စီပြေ

အကြမ်းဖက်မှုနဲ့ လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ၁၀,၀၀၀ ကျော်ကိုတော့ ရှာဖွေဖော်ထုတ်ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီရဲ့ ပြန် ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အကြမ်းဖက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ အယောက် ၁၄၈၀ ဖြစ်ပြီး ရှာဖွေဖော်ထုတ်ဖမ်းဆီးတာက လူပေါင်း ၁၀၀၆၉ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒါက‌တော့ ဘာမှမလုပ်ရသေးဘဲ ကြံစည်နေတုန်း ဖမ်းဆီးတာလို့ ဆိုပါတယ်။ 

စုစုပေါင်း ၁၁၅၄၉ ယောက် ကို ဖမ်းဆီးထားပြီး လက်နက်မျိုးစုံ ၃၄၅၁ လက်၊ ခဲယမ်း ၁၆၀၆၇၄ တောင့်၊ လက်ပစ်ဗုံး ၇၃၆ လုံးနဲ့ လက်လုပ်မိုင်း ၇၉၀၂ လုံးကို သိမ်းဆည်းရမိထားတယ် လို့ ပြောပါတယ်။ 

ဒါတွေကတော့ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံတွေကို တိုက်ခိုက်တုန်းမှာ ဖမ်းဆီးမိတာနဲ့ ရှာဖွေဖော်ထုတ်ဖမ်းဆီးတယ်ဆိုတဲ့ အရေအ တွက် ဖြစ်တယ်လို့ဆိုပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကာလအတွင်း တိုက်ခိုက်တာ ၄၀၄၄ ကြိမ် ရှိတယ်လို့လည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီအမတ်ဟောင်း ဦးဖြိုးဇေယျာသော် ပြောထားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကိုလည်း ပြသခဲ့ပါတယ်။ DVB

လွိုင်ကော် ခရိုင်ရဲရုံး တိုက်ခိုက်ခံရ၊ စစ်ကောင် စီတပ်သား ၆ ဦး သေဆုံးဟုဆို

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အနောက်ပိုင်း၊ အကျဉ်းဦးစီးဌာန အနီးရှိ ခရိုင်ရဲရုံး၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်၊ ည ၁၂ နာရီ ၂၀ မိနစ်တွင် ခရိုင်ရဲရုံး ကင်းပုန်းအား ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များက မိနစ် ၂၀ ကြာ တိုက်ခိုက်ခဲ့ဲခြင်း ဖြစ်သည်။

“ကင်းပုန်းမှာက စကစ (စစ်ကောင်စီတပ်) ၁၅ ယောက်ကျော်လောက်ရှိမယ်၊ ကျွန်တော်တို့ မတိုက်ခင်လည်း ထောင်အနီးမှာ တိုက်ပွဲတွေက ဖြစ်နေတာ၊ အဲ့ဒီတိုက်ပွဲ ခဏရပ်သွားတော့ နောက်လမ်းကြောင်းက ကင်းပုန်းကို ကျွန်တော်တို့်က အလစ်အငိုက် ဝင်ပစ်တာ၊ အကွာအဝေးက ပေ ၆၀ လောက်ပဲ ဝေးတော့ ကျွန်တော်တို့ ပစ်လိုက်ပြီး သူတို့ ထိမှန်လဲကျသွားတာကို မြင်ရတယ်။ နောက်ပြီး ၄၀ မမ အသီးနှစ်လုံးလည်း ကင်းပုန်း စခန်းလေးထဲကို တည့်တည့်ကျသွားတယ်၊ ဒါကြောင့် ဘယ်နှစ်ဦး ကျတယ်ဆိုတာ ထုတ်ပြန်နိုင်တာပါ” ဟု Karenni Democratic Front (KDF) ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယင်းတိုက်ပွဲအား မြို့ပြညီနောင် ပြောက်ကျားအဖွဲ့များ ဖြစ်သည့် ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)နှင့် GZ-21 (Liokaw) တို့ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း မြို့ပြပြောက်ကျား ညီနောင်အဖွဲ့မှ တစ်စုံတစ်ရာ ဒဏ်ရာရရှိခဲ့ခြင်း မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် လွိုင်ကော်မြို့နယ်တွင် ဒေသခံ ပြည်သူများ ဘေးကင်းရာ ရွှေ့ပြောင်း နေရပြီး နေအိမ်များမှ အဖိုး တန် ပစ္စည်းများအား စစ်ကောင်စီ တပ်သားများနှင့် အပေါင်းအပါများက ခိုးယူနေကြောင်း ဆိုသည်။ မြို့တွင်း၌ ပြည်သူများ နေအိမ်များ စွန့်ခွာ ထွက်ပြေးနေသည်ကို အခွင့်ကောင်းယူ၍ ခိုးဆိုးလုယက် နေသော စစ်ကောင်စီတပ်နှင့် အပေါင်းအပါများအား နောက်ဆုံးအကြိမ် သတိပေးကြောင်း ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေပြီး တိုက် လေယာဉ် နှစ်စင်းလည်း မြို့ပေါ်တွင် ပျံဝဲနေကြောင်း သိရသည်။ mizzima

ထားဝယ်မြို့နယ်တွင် Mytel တာဝါတိုင် ထပ် မံ ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု ပခပ်ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က စစ်တပ်ပိုင် Mytel တာဝါတိုင် တစ်တိုင် ထပ်မံ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်တဲ တာဝါတိုင်ကို ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီ မိနစ် ၅၀ အချိန်တွင် ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက် အရ သိရ သည်။

“အသံက တော်တော်လေကိုး ကြမ်းပါတယ်။ ရုတ်တရက် ဆိုတော့ လန့်သွားလို့ ထပြေးပြီး နေအိမ်ပြန်လာမှ တာဝါတိုင် မိုင်းဆွဲခံရမှန်း သိတယ်”ဟု ရွာသား တစ်ဦးက ပြောသည်။ ထိုအပြင် ပြီးခဲ့သည့် ရက်ပိုင်းတွင် ထားဝယ်မြို့နယ် ရှင်မုတ္တီးရွာဘက်တွင်လည်း မိုင်တဲ တာဝါကို ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ ဖျက်ဆီးခဲ့သေးသည်။ mizzima

စစ်ကိုင်းတိုင်းရှိ PDF စခန်းများ အကြီးအ ကျယ် စီးနင်းတိုက်ခိုက်ခံနေရ 

လနှင့်ချီကာ ခုခံတော်လှန်မှုပြင်းထန်နေသည့် စစ်ကိုင်းတိုင်းတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတချို့ ရှိသည့် နေရာကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အကြီးအကျယ် စီးနင်းတိုက်ခိုက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ ဒေသခံ PDF အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းနှင့် ထီးချိုင့်မြို့နယ်ရှိ PDF အခြေခံစခန်းတစ်ခုကို ဇန်နဝါရီ ၁၃ တွင် စီးနင်း တိုက်ခိုက်ခဲ့သည့်နည်းတူ ယမန်နေ့ (ဇန်နဝါရီ ၁၄) တွင်လည်း ဒီပဲယင်း၊ ခင်ဦးနှင့် ရေဦးမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်အစပ် ဧရာဝတီမြစ်ပေါ်ရှိ ထီးချိုင့်မြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ မရသိမ် ကျေးရွာအနီးရှိ PDF အခြေခံစခန်းကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ရယူခဲ့သည်။​

ဇန်နဝါရီ ၁၃ နံနက်အစောပိုင်းကတည်းက စစ်ကောင်စီတပ်သားများ  ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်လာသည်၊ လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်သည်ဟု ထီချိုင့်ဒေသခံတစ်ဦးက Myanmar Now ကို ထိုနေ့တွင် ပြောသည်။

“မနက် ၆ ခွဲလောက်ကစပြီး လက်နက်ကြီးတွေ တဒိန်းဒိန်းပစ်နေတာ။ မရသိမ်မှာဖြစ်နေတာ။ အဲဒီမှာ PDF စခန်းရှိတယ်ထင်တယ်” ဟု ထိုဒေသခံက ဆိုသည်။ 

လက်နက်ကြီးများပစ်ခတ်စဉ် တိုက်လေယာဉ်နှစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ထီးချိုင့် မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။​

စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသောကြောင့် မရသိမ်၊ စဉ့်ကူးဆိပ်၊ တောမ၊ ဝါးဘိုးချောင်း၊ ပတ်တဲ၊ ကျည်းကန်းချောင်း၊ ထုံးဘို စသည့်ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲမစတင်မီ ညဦးပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။​

ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာ စာသင်ကျောင်းအတွင်း နေရာယူထားသည့် PDF များကို တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်ခြင်းကို ဖော်ပြခြင်း မရှိပေ။ 

ကြိုတင်သတင်း ရရှိထားသောကြောင့် ရှောင်ထွက်နိုင်ခဲ့သည်ဟု ဒေသခံ PDF အဖွဲ့က ဆိုသည့်နည်းတူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်လည်း လက်လုပ်သေနတ်အချို့နှင့် လက်နက်ခဲယမ်းပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများသိမ်းဆည်းရမိသည်ဟုသာ ဖော်ပြထားသည်။​

စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲနှင့် ယင်းမာပင်မြို့နယ်ကြားရှိ ဒေသခံ PDF အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းကို ဇန်နဝါရီ ၁၃ ၌ပင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။

အလှူငွေဖြင့် လက်လုပ်မိုင်း၊ သေနတ်၊ ရှော့တိုက်ဒုံးစသည့် လက်နက်ကြီးလက်နက်ငယ်များ ထုတ်လုပ်ဖြန့်ဖြူးနေသော စခန်းစီးနင်းခံရမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ကိုဖီးနစ်ဆိုသူက Myanmar Now ကို ပြောသည်။​

“ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့ အဖွဲ့သားအားလုံးက ပြန်ပြီးတော့ တော်လှန်ရေးလုပ်မှာ ဖြစ်တဲ့အတွက် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြီးတော့ အားယူနေပါတယ်” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။ 

စစ်ကောင်စီတပ်က ကြိုတင်တပ်စွဲခဲ့သောကြောင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ပုထိုးသာ၊ ရင်ပေါင်တိုင်၊ ရွာနောင်၊ ပုပ္ပါ၊ ဆင်တဲ၊ မြင်သာကုန်း၊ အေးကုန်း၊ မုံသွင် စသည့်ကျေးရွာများမှ ထောင်ဂဏန်းရှိ ဒေသခံများ စစ်ရှောင်ခဲ့ရသည်။

ပုထိုးသာရွာအနီးရှိ PDF ၏ ထုတ်လုပ်ရေးစခန်း စီးနင်းခံရစဉ် PDF အဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက် ခဲ့ပြီး ဒေသခံအချို့ ထိခိုက်သေဆုံးသည် ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကိုင်းတိုင်း အလယ်ပိုင်းရှိ ဒီပဲယင်း၊ ခင်ဦးနှင့် ရေဦးမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ယမန်နေ့တွင် မြေပြင်စစ်ကြောင်းအပြင် ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ အချို့ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ယဉ်ကျင်းရွာအနီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရောက်ရှိလာသည့် ရဟတ်ယာဉ်သုံးစီးက ဘုန်းကြီးကျောင်းကို စတင်ပစ်ခတ်ပြီးနောက် စစ်သားများချထားခဲ့သည် ဟု အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ရဟတ်ယာဉ်ပေါ်က ပစ်တာ။ ယဉ်ကျင်းရွာ ဘုန်းကြီးကျောင်းနားတဝိုက်မှာပဲ တော်တော်များများ ပစ်သွားတာ။။ အထိအခိုက် အသေအပျောက်စာရင်းကတော့ မေးမရသေးဘူး” ဟု ထိုအမျိုးသားက ယမန်နေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။ 

မည်သည့်အတွက်ကြောင့် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ကို မသိရသေး သော်လည်း ရဟတ်ယဉ်သုံးစီးက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုဒေသရှိ ဂဠုန်တပ်တော်အမည်ရ PDF အဖွဲ့က ထုတ်ပြန်သည်။ 

ထို့နောက် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်က ဒီပဲယင်းအရှေ့ဘက်ရှိ ရေဦးမြို့နယ် မုတ်စီရွာသို့ ချီတက်ရာတွင် ရဟတ်ယာဉ်က ဝေဟင်မှနေ၍ လုံခြုံရေးယူပေးထားကြောင်းလည်း အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

ယဉ်ကျင်းရွာဘုန်းကြီးကျောင်းကို ပစ်ခတ်သည့် ရဟတ်ယာဉ်များအနက် နှစ်စီးမှာ မူးမြစ်ကြောင်း တလျှောက် ပျံဝဲလာကာ စစ်သားများချထားခဲ့ကြောင်း၊ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ ကျေးရွာ ၆ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးရကြောင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။​

“ကျွန်တော်မြင်လိုက်ရတာကေတာ့ ရေဦး မကျည်းတောရပ်ကွက်ကနေ တစ်စင်းတက်လာတယ်။ မူးချောင်းတလျှောက်ပေါ့။ ဒီပဲယင်းကနေ တစ်စင်းတက်လာတယ်ဗျ။ သေတာတော့ မရှိသေးဘူးဗျ။ ရဟတ်ယာဉ်လာလို့ အရိပ်အောက်ကနေ မထွက်နဲ့လို့ ပြောထားရတယ်” ဟု ၎င်းက ဆိုသည်။​

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်မှစ၍ စစ်ကောင်စီက စစ်ရဟတ်ယာဉ်ခြောက်စီး အသုံးပြုကာ စစ်အင်အား ၁၅၀ ခန့် လာရောက်ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှစ၍ စစ်ကောင်စီက ဒေသခံ PDF များကို စစ်ကြောင်းထိုးနှိမ်နင်းရာတွင် ရဟတ်ယဉ်များဖြင့် အင်အားဖြည့်တင်းခြင်း၊ ပစ်ခတ်ခြင်း အပါအဝင် တိုက်လေယာဉ်များပါ သုံးစွဲ လာသည်ကို တွေ့ရသည်။

ဒီဇင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် PDF များရှိသည်ဟု ယူဆကာ စစ်ကောင်စီက ရဟတ်ယာဉ်သုံးစီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးနိုင်သည်ဟု ယောဒေသကာကွယ် ရေးအဖွဲ့ (YDF) က ခန့်မှန်းခဲ့ပြီး ရုပ်အလောင်း ၉ လောင်းကို နှစ်ရက်အကြာတွင် တွေ့ရှိခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းရွာတွင်လည်း ဒီဇင်ဘာ ၂၃ ရက်က ဒေသခံ PDF များနှင့်တိုက်ပွဲအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။

နတ်ချောင်းရွာတဝိုက် ထိုနေ့နှင့် နောက်ဆက်တွဲတိုက်ခိုက်ခံရမှုများကြောင့် အရပ်သား ၁၉ ဦးသေဆုံးကာ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၃၀ ရှိကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းလွှတ်တော်အမတ် အဖြစ် ရွေးချယ်ခံခဲ့သူတစ်ဦးက ပြောဆိုသည်။​

ပုလဲမြို့နယ် အနောက်ဘက်ရှိ ဦးနှောက်ရွာတွင် ဒေသခံ PDF ခေါင်းဆောင်ရှိသည်ဆိုကာ စစ်ကောင်စီက ဇန်နဝါရီ ၁၀ တွင် ရဟတ်ယာဉ်သုံးစီးဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက် ခိုက်မှုအတွင်း စစ်ကောင်စီအလိုရှိနေသည့် PDF ခေါင်းဆောင် ဖမ်းဆီးခံရခြင်း မရှိသော်လည်း ဒေသခံ အချို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ 

ထိုသို့သော စီးနင်းတိုက်ခိုက်မှုများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်း၊ ဒေသခံများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ထောင်နှင့်ချီသော ထွက်ပြေးတိမ်းရှောင်နေရသူများနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်း၏သတင်းထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြလေ့ မရှိပေ။

စစ်ကိုင်းတိုင်း ပြည်သူလူထု ပါဝင်သည့် ပြည်သူ့လုံခြုံရေးစခန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း နေပြည်တော်၌ ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ 

PDF အဖွဲ့၀င် ၁၄၀၀ ကျော်ကို ဖမ်းမိထားသည်ဟု ဆိုသည်။ myanmar now

စစ်ဘေးရှောင်များကို ဆက်လက်ကူညီမည်ဟု မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များအဖွဲ့ ကြေညာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်)သည် လက်ရှိ ပဋိပက္ခ အခြေအနေများကြောင့် စစ်ဘေးရှောင်များကို ဆက်လက်ကူညီ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။စီဘီစီအမ်၏ ယခုနှစ် ပထမဆုံးအကြိမ် အထွေထွထွေ ညီလာခံကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။အချက် ငါးချက်ပါ ထုတ်ပြန်ချက်တွင် လူဦးရေ ထောင်ချီ ရွှေ့ပြောင်းနေကြရပြီး သန်းနှင့်ချီ၍ ငတ်မွတ်ခေါင်းပါးမှု ဒဏ် ခံစားနေကြရ၍ စီဘီစီအမ်သည် လူမျိုးဘာသာမရွေး ပဋိပက္ခ ဖြစ်ပွားနေသော အရပ်ဒေသများရှိ အပြစ်မဲ့ ပြည်သူများ၊ ပြည်တွင်း ရွေ့ပြောင်းနေထိုင်ရသူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများ၊ မကျန်းမာသူများ၏ အသက်အိုးအိမ်နှင့် လုံခြုံမှုအတွက် များစွာစိုးရိမ်မိကြောင်း ဆို သည်။

လူမျိုးဘာသာမရွေး၊ နေရာဒေသ မခွဲခြားဘဲ ဒုက္ခသည် အားလုံးအတွက် မေတ္တာ စေတနာ လုပ်ငန်းများ၊ အနစ်နာခံမှုများဖြင့် ကူညီပေးကြရန် စီဘီစီအမ်က တောင်းဆိုထားသည်။ စီဘီစီအမ်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ် သာသနာတော်ကြီးနှင့် သာမက ကူညီလှူဒါန်းပေးလိုသော အဖွဲ့အစည်းများနှင့် မိတ်သဟာရဖွဲ့၍ မြန်မာပြည်သူများအား ကျောသားရင်သား မခွဲခြားဘဲ ကူညီမည်ဖြစ်ကြောင်း သိရသည်။

တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ပြန်လည်ကျေအေးမှုကို လက်ကိုင်ထားသော စီဘီစီအမ် အနေဖြင့် ဒုက္ခသည်များ၊ ပြည်တွင်းရွှေ့ပြောင်း နေ ထိုင်ရသူများ အတွက် အခြေခံ လိုအပ်သော လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းများကို ပို့ဆောင် ထောက်ပံ့နိုင်ရန်အတွက် တာဝန် ရှိသူအားလုံး စီစဉ် ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆိုကြောင်း လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်သန်မှု အခွင့်အရေးတို့သည် မည်သည့်အရာနှင့်မျှ လဲလှယ်၍ မရသဖြင့် လူ့အသက်ကို တန်ဘိုးထားရန်နှင့် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အထူး လေးစားရန်လည်း တောင်းဆိုထားပသည်။

စစ်ကောင်စီက ထိုးစစ်ဆင်နေသည့် ကက်သလစ် ဘာသာဝင် အများစု နေထိုင်သည့် ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ သာသနာပိုင် ဂိုဏ်း အုပ် ဆရာတော်များကလည်း ထုတ်ပြန်ချက်တွင် ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ mizzima

« Older Entries Recent Entries »