ကလေး-တမူး လမ်းတွင် ရဲများစီးလာသည့်ကား တိုက်ခိုက်ခံရ၊ ၄ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဆို


စစ်ကိုင်းတိုင်း၊ တမူးခရိုင် ကလေး – တမူး အာရှလမ်းမကြီးပေါ် ရှိ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာ ကြား၌ စစ်တပ်နောက်လိုက် ရဲတပ် ဖွဲ့ဝင်များ စီးနင်းလာသည့် အိမ်စီးကားကို တိုက်ခိုက်ခဲ့ကြောင်း တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။ ဗိုလ်ဇီးကွက် ဦးဆောင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) က ယနေ့ ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခြင်း ဖြစ်ပြီး ရဲအုပ် အပါဝင် လေးဦး သေဆုံးပြီး သေနတ် သုံးလက်နှင့် ဆယ်သွယ်ရေး ပစ္စည်းများလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။
“တိုက်ခိုက်လိုက်တဲ့ အခါမှာ ကားက ပက်လက်လန် သွားပြီးတော့ သူတို့ဘက်က ရဲအုပ် နှစ်ပွင့် အပါအဝင် လေးယောက် ကျဆုံးတယ်။ အထိ အခိုက် များတယ်။ လက်နက်တွေနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ သိမ်းဆည်း ရမိတယ်” ဟု အဆိုပါ တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက် ခံရသည့် PAJERO အိမ်စီးကားသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တမူးမြို့ ကားလေးဝင်း ဖွင့်ပွဲအတွက် လာရောက် လုံခြုံ ရေး ယူပေးသည့် ရဲတပ်ဖွဲဝင်များ စီးနင်းလာသည့် ယာဉ် ဖြစ်သည်။ “စစ်ကိုင်းဘက်က ရဲတွေက လုံခြုံရေး လာယူပေးတာ။ အပြန်မှာ ကျွန် တော် တို့ တွယ်လိုက်တာ။
ပြည်သူတွေကိုလည်း ကားမှန်တွေ ချမောင်းဖို့ကို အထူး သတိထားစေချင်တယ်။ ကားမှန်တွေ ချမမောင်းရင် စစ်ကောင်စီလို့ပဲ သတ်မှတ်မှာ ဖြစ်ပါတယ်” ဟု တမူး PDF တပ်ရင်း (၃) တာဝန်ရှိသူက ဆိုသည်။ အဆိုပါ တပ်ရင်း (၃)သည် စစ်ကောင်စီ တပ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် တပ်ရင်း ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် မှားယွင်းပစ်ခတ် ခံရမှု မဖြစ်စေရန် ပြည်သူများ ခရီးသွားလာရာတွင် ယာဉ်များကို မှန်ချ မောင်းနှင်ရန်နှင့် တမူးမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ သယ်ယူ သုံးစွဲပါက အရေးယူမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က အသိပေး ထုတ်ပြန်ထားသည်။ mizzima