Monthly Archives: Jan 2022

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ကို ပေးနေသည့် မလိ – ပါဂျောင် ရေအားလျှပ်စစ်က ၄ ရက် ဓာတ်အား ဖြတ်တောက်မည်

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ကို လျှပ်စစ်မီး ပေးပို့နေသည့် မလိ – ပါဂျောင် ရေအားလျှပ်စစ်က ဓာတ်အား လေးရက်ခန့် ဖြတ်တောက်မည်ဟု ကြေညာသည်။ မလိ – ပါဂျောင် (၆၆) ကေဗွီ ဓါတ်အားလိုင်း ရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် ရှိ၍ ဓာတ်အား ပေးပို့ခြင်းကို မနက်ဖြန် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြတ်တောက်မည် ဖြစ်သည်။

အဆိုပါ မလိ – ပါဂျောင် ရေအားလျှပ်စစ်စက်ရုံသည် အစိုးရ ထိန်းချုပ်ရာ နယ်မြေနှင့် ကေအိုင်အို ထိန်းချုပ်ရာ ဒေသ အကြား တည်ရှိသည်။ ထို့အတွက် ဓာတ်အားလိုင်း ရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် နှစ်ဖက် တာဝန်ရှိသူများထံ အဆင့်ဆင့် တင်ပြတောင်းဆိုရပြီး ခွင့်ပြုသည့် ရက်များအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက် ရကြောင်း အမည် မဖော်လိုသည့် လျှပ်စစ်ဝန်ထမ်း အရာရှိက ပြောသည်။mizzima

မုံရွာမြို့က စစ်ကောင်စီတပ်ရှိရာ နေရာအများအပြား ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က မနက် ၁၁ နာရီကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တည်ရှိရာအနီး နေရာတော်တော်များများမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုလို ဗုံးခွဲတိုက်ခိုက်ရတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့လယ်ဇင်ကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ် ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ မြို့ပြပြောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Monywa Nightking အဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

“ဟိုနေ့က လယ်ဇင်ကျေးရွာဖြစ်သွားတဲ့ ကိစ္စမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေရော၊ ပြည်သူအားလုံးဝမ်းနည်းကြေကွဲရတယ်။ ကျနော်တို့ကတော့ ဖိရင်ကြွမယ်၊ ထိရင်ချမှာပဲ။ အခုလည်း ဒီကိစ္စအပေါ် လက်တုံ့ပြန်တဲ့ သဘောပဲ။ လယ်ဇင်ရွာ ဝင်စီးခံရတဲ့နေ့ကလည်း နေရာတော်တော်များများမှာ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာရှိတယ်။ နောက်ရက်တွေမှာလည်း တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနေ့တွေကဆိုရင် ကျနော်တို့ရဲဘော်တွေ အသက်အပိုမပါခဲ့သလို အသက်စွန့်ပြီး စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီရှိတဲ့နေရာတွေမှာ Mission တွေ လုပ်ဆောင်ခဲ့ပါတယ်။ တချို့ကိစ္စတွေမှာ လုံခြုံရေးအရ Page တွေက မထုတ်ပြန်ပေမယ့် အများပြည်သူအကုန်သိအောင်လုပ်ပေးပါတယ်။ အခု mission ကတော့ နေရာတော်တော်များများ ပြုလုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် မြဝတီရပ်ကွက်က မိုးကောင်းဂိတ်မှာ တိုက်ခိုက်ခဲ့တာ စစ်ကောင်စီအဖွဲ့တွေ ထိခိုက်တာတော့ သေချာတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးဘူး။”

စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ရာမှာ ပြည်သူမထိခိုက်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြုလုပ်ရတာဖြစ်သလို လက်နက်အင် အား မပြည့်စုံမှုကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ဗျာ ပြည်သူ့လုံခြုံရေးအတွက် ရှောင်ရှားရတာကြောင့်ပါပါတယ်။ ကျနော်တို့ ထုတ်ပြန်အသိပေးမေတ္တာရပ်ခံချက်ကို မြို့ခံတ ချို့က မလိုက်နာတာလည်း ပါတယ်။  နောက်ပြီး လက်နက်တပ်ဆင်ဖို့ ဖန်ငွေစီးဆင်းမှု မလုံလောက်တာရယ်ကြောင့် Mission တွေ တော်တော်များများ ပျက်ပြားခဲ့ရတာရှိတယ်။ ကျနော်တို့မှာ Plan တွေရှိပေမယ့် အခုအနေထားက ရှိတဲ့ပစ္စည်းလေးနဲ့ လုပ်နေရတာမို့ ဖြစ်နိုင်ရင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အားလုံးကို လက်နက်တပ်ဆင်ပေးဖို့ အရေးတကြီးလိုအပ်ပါတယ်” လို့ သူက ထပ်မံပြောကြားပါတယ်။

ဇန်နဝါရီ ၁၉ နေ့က မနက် ၁၁ နာရီကစပြီး ညနေချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးနေကျဖြစ်တဲ့ မုံရွာမြို့က ဘိုးဘွားရိပ်သာဝိုင်းပတ်အနီးမှာ ဗုံး ၂ လုံး၊ နယ်မြေရဲစခန်းအနီးမှာ ၁ လုံး၊ စက်မှုဇုန် ခန်းမမှာ ၂ လုံးနဲ့ မြို့ပတ်လမ်းမှာ ၁ လုံး စဖြင့် နေရာအသီးသီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Nightking က တရားဝင်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ Monywa Nightking၊ AfC Monywa၊ မုံရွာသံမဏိမှ ဗိုလ်အောက်ဆွဲအဖွဲ့၊ Monywa The Boys ၊ Monywa Ninja (မုံရွာ နင်ဂျာ) နဲ့  Monywa Phoenix Warrior အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ညနေက မုံရွာမြို့နယ် လယ်ဇင်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့တွေက သာလွန်အင်အားနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့သလို ၅ ဦးဖမ်းဆီးခံခဲ့ရပြီး စခန်းကိုလည်း မီးရှို့ခံခဲ့ရပါတယ်။ DVB

ပင်းတယမြို့နယ်၌ CDM ရဲ တစ်ဦး ရွာပြန်နေထိုင်ခြင်းကို သတင်းမပို့၍အုပ်ချုပ်ရေးမှူးနှင့် ရွာသား ၁၂ ဦးကို စစ်တပ်ဖမ်းဆီး

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ်သားတစ်ဦး ပင်းတယမြို့နယ် ပန်းစစ်ရွာရှိ ၎င်းနေအိမ်သို့ ပြန်နေထိုင် နေသည်ကို အကြောင်း မကြား၍ အဆိုပါရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံက ပြော သည်။

အဆိုပါရွာ အုပ်ချုပ်ရေးမှူး ၊ ဆယ်အိမ်မှူး ရှစ်ဦးနှင့် ရွာသားပေါင်း ၁၂ ဦးကို ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၂ နာရီ ဝန်းကျင်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။”တပ်ရော ရဲရော ကားငါးစီး အင်အား ၅၀ ခန့်နဲ့ အုပ်ကြီး ဦးရွှေဖီ အပါအဝင် ဆယ်အိမ်မှူးတွေနဲ့ ပန်းစစ်ရွာသား ၁၂ ယောက်ဝန်းကျင်လောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ အုပ်ကြီးကလည်း ဒလန် အကြီးစားပါ။ ကျန်တဲ့ ရွာသားတွေကတော့ တောင်သူ အလုပ်လုပ်ကြတယ်။ CDM ရဲတပ်သား ကိုဖြိုးဝင်းကိုတော့ ဈေးတန်း ရပ်ကွက်မှာ ဖမ်းတာတဲ့ “ဟု ဒေသခံက ပြောသည်။

ယခင်က ဖမ်းဆီးခံရသူများကို ကလောမြို့ တပ်မ (၅၅) တွင် ခေါ်ဆောင်စစ်ဆေး သော်လည်း ယနေ့ နံနက် ဖမ်းဆီးခံရသော ကိုဖြိုးဝင်း နှင့် ရွာ သားများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရှိရသေးဟု ၎င်းက ဆိုသည်။ကိုဖြိုးဝင်းသည် အသက် ၃၅ ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် CDM ဝင်ထားသူ ဖြစ်သည်။

ပန်းစစ်ရွာနှင့် ၁၀ မိုင် ခန့် ဝေးသော ကံသာရွာရှိ ပရဟိတ လုပ်နေသော သားအဖ သုံးယောက်ကိုလည်း စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်ပင် ဖမ်းဆီး သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။”ပင်းတယ မြို့နယ်အတွင်း အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပိုများလာတယ်” ဟု ၎င်းက ပြော သည်။ mizzima

လွယ်ဂျယ်-လားရင်းဂိတ် ပြန်ဖွင့်၊ ပိတ်မိကား ရာချီ ဝင်ထွက်ခွင့် မပြုသေး

လွယ်ဂျယ်-လားရင်း နှစ်နိုင်ငံကုန်သွယ်ရာဂိတ်ကို ဖွင့်လှစ်ခဲ့ပေမယ့် ပိတ်မိနေတဲ့ ကားတွေ ရာချီ ဝင်၊ ထွက်ခွင့် မပြုသေးဘူးလို့ ကုန်သည် လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“တရုတ်ကားတွေ အပြင်မှာ ကျန်တာ ၁၀၀ ကျော် လောက် ရှိထားတာပေါ့။ ကျနော်တို့ ဗမာကားကတော့ လားရင်းထဲမှာ အစီး ၃၇၀ လောက် ကျန်ထားတာပေါ့။  ဟုတဘက်ပိတ်မိနေတဲ့ မြန်မာကားတွေ ထွက်ခွင့်မရသေးဘူး။ ဒီဘက်မှာ ကျန်နေတဲ့ တရုတ်ကားတွေလည်း ဝင်ခွင့် မပေးသေးဘူး” လို့ လက်ရှိ တရုတ်ဘက်ပိတ်မိနေတဲ့ ကားအထွက်ကို စောင့်ဆိုင်း‌နေတဲ့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

တရုတ်ဘက်က မြန်မာဘက်ခြမ်းမှာ ကျန်ရှိ ပိတ်မိနေတဲ့ ကားအစီး ၁၀၀ ကျော်ကို ပြန်လည် ဝင်‌‌စေချင်သလို မြန်မာဘက်ကလည်း တရုတ်ဘက်ခြမ်း ပိတ်မိနေတဲ့ ၁၂ ဘီး ကုန်တင်ကား အစီး ၃၇၀ ခန့်ကို ပြန်ထွက်စေချင်နေတာကြောင့် အမြန်ဆုံးပိတ်မိကားတွေကို ဝင်၊ ထွက် နိုင်ဖို့ က ကြိုးစားနေဆဲဖြစ်ကြောင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ နီးစပ်သူ ၁ ဦး က ပြောပါတယ်။

မြနမာဘက်က တရုတ်ဘက်ကို ကြံနဲ့ ငှက်ပျော အဓိက တင်ပို့ခွင့်ရပြီး ဇန်နဝါရီလ ၂၀ ရက်မနက်မှာတော့ ကြံကား အများဆုံးတင်ပို့နေပြီး တရက် ငှက်ပျောကား ၅ စီး သတ်မှတ်ထားပေမယ့် ၈ စီးလောက် ဝင်သွားတာ တွေ့ရတယ်လို့ အဲဒီ ဂိတ်ပေါက် အနီးနားရှိနေတဲ့ ကားသမားတွေက ပြောပါတယ်။

လောလောဆယ် ကြံဝင်တာပဲ တွေ့ရပြီး တရုတ်ပစ္စည်းတွေက အဝင်၊ အထွက် မရှိဘူးလို့ ကုန်သည် လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။

“လွယ်ဂျယ်ဂိတ်ကနေပြီး တရုတ်ပြည်ကို ဘာတွေ အဝင်များလဲ ဆိုတော့ ဆန်ဝင်တယ်။ ငှက်ပျောသီးတွေ ဝင်တယ်။ စဖွင့်တော့ ငှက်ပျောသီးနဲ့ ဆန်ကားအစီး ၃၀ လောက် ဗမာပြည် လွယ်ဂျယ် ဂိတ်ကနေ တရုတ် ပြည်ထဲကို ဝင်သွားတယ်။ ကြံကားတွေလည်း ပါတယ်။”

တင်ပို့ ကုန်ကား‌တွေကိုတော့ ရှန်တိန်/ခေါက်တို အစားထိုး ယာဉ်မောင်းစနစ်နဲ့ ဖြစ်ပြီး နယ်စပ်ဂိတ်ပေါက်ကနေ တရုတ်ထဲကို ကရိန်းနဲ့ မယူတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ လားရင်းမြို့တို့ ထိစပ်နေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရာ လွယ်ဂျယ်-လားရင်း ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ကစ ကိုဗစ်  ‌အကြောင်းပြချက်နဲ့ ယာယီပိတ်ခဲ့တာဖြစ်ပြီးကို ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ DVB

ဖားကန့် ကျောက်လုပ်ကွက် စွန့်ပစ်နွံများကြောင့် ဥရုချောင်း နွံပိတ်ကာ တံတားအချို့ ရေနစ်မြုပ်

ဖားကန့်မြို့နယ် မမုံစံပြ ကျေးရွာ အနီးရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်မှ စွန့်ပစ် မြေစာ များနှင့် နွံများ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းတွင် ဥရုချောင်းထဲသို့ အလုံးအရင်း စီးဝင်လာခြင်း ကြောင့် ဥရုချောင်း နွံပိတ်ကာ ရေမစီး နိုင်ဘဲ ချောင်းရေ သုံးပေနီးပါး မြင့်တက်ခဲ့သည်။ထိုသို့ နွံပိတ်၍ ချောင်းရေ မြင့်တက်မှုကြောင့် ယာယီတံတား အချို့ ရေနစ်မြုပ်မှု ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ စက်ယန္တရားများဖြင့် ချောင်းရှင်းလင်းရေး လုပ်ဆောင်နေကြရသည်။ mizzima

တန့်ဆည်မြို့ရှိ စစ်ကောင်စီဒေါက်တိုင် ရွှေဒေါင်းမင်းဆီဆိုင်ကို ဝင်ရောက်ပစ်ခတ်ပြီး လက်လုပ်သေနတ် ၁ လက် ရရှိဟု TPC ပြော၊ ရွှေဘိုနှင့် ရေဦးတွင်လည်း စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၁၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားဒေါက်တိုင်ဟု သတ်မှတ်ခံထားရသော ရွှေဒေါင်းမင်းဆီဆိုင်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီက လုံခြုံရေးအနေဖြင့် ပေးထားသော လက်လုပ်သေနတ် ၁ လက်ကို ရရှိခဲ့ကြောင်း TPC က သတင်းထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွှေဒေါင်းမင်းဆီဆိုင် မီးလောင်ခဲ့ကြောင်း၊ တန့်ဆည် ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များ မြို့ပေါ် လမ်းကြိုလမ်းကြားများတွင် လုံခြုံရေးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။ယမန်နေ့တွင်လည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ပလိုင်းရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို သန်းတောရွာအနီးတွင် Snake Eyes PDF ရွှေဘိုနှင့် C&T ရွှေဘိုအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရေဦးမြို့နယ် ထန်းပင်ကုန်းရွဦအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုများက မိုင်းများခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးကြောင်း ကာ ကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ khit thit

ဘားအံတွင် လူငယ် ၅ ဦးဖမ်းဆီးခံရ၊ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၆ ရပ်ကွက်မှာ ဇန်နဝါရီ ၁၉  ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်တွေက နေအိမ်မှာနေထိုင်နေတဲ့ အပြစ်မဲ့ လူငယ် ၅ ဦးကို ဝင်ရောက်ဖမ်းဆီးပြီး ရိုက်နှက်တဲ့အတွက်  လူငယ်တစ်ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အမှတ် ၆ ရပ်ကွက်အတွင်းက လူငယ်  ၅ ဦးနေထိုင်ရာ နေအိမ်ကို ဒလန်သတင်းပေးမှုကြောင့် ပြည်တော်အေးလမ်းနဲ့ မြနန္ဒာလမ်းနှစ်ဖက်ကို ပိတ်ဆို့ကာ စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေက အင်းအားသုံး ဖမ်းဆီးခဲ့ရာမှာ  လူငယ် ၂ ဦး ကြောက်လန့်ထွက်ပြေးခဲ့တဲ့အတွက် သေနတ် ၇ ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တာပါ။

အဆိုပါ ထွက်ပြေးခဲ့တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဝိုင်းဝန်းထိုးကြိတ်ပြီး ခြေထောက်တွေနဲ့ကန်ခဲ့ရာ လူငယ်တစ်ဦး သတိလစ်မေ့မြောခဲ့တဲ့အတွက် ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

မျက်မြင်တွေ့ရှိခဲ့တဲ့ အမှတ် ၆ ရပ်ကွက်သားတဦးက ”ဒလန်သတင်းပေးလို့ စကစတွေက အင်အားသုံးပြီး ဝင်ဖမ်းတာ။ ကလေး ၂ ယောက်က ကြောက်ပြီးထွက်ပြေးတော့ သေနတ်နဲ့ ပစ်ဖမ်းတာ။ ရပ်ကွက်ထဲမှာ ကံကောင်းလို့ ဘယ်သူမှ မထိတာ။ အဖမ်းခံရတော့ ဝိုင်းပြီး ထိုးကြိတ် ကန်တာမှ မြင်မကောင်းဘူး။ ကလေးတစ်ယောက်က မေ့တောင် သွားတယ်။ ရပ်ကွက်ထဲမှာက သတင်းပေးဒလန်တွေ များတယ်။ အခုက လူငယ်တွေမစုနဲ့ စုတာနဲ့ ဖမ်းနေတော့တာပဲ” လို့ ပြောပါတယ်။

အဆိုပါ ရပ်ကွက်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီရဲ့တပ်ရင်းတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်တွေက အခြေစိုက်တည်ရှိသလို ရပ်ကွက်အတွင်း စစ်တပ်မိသားစုဝင်တွေအပြင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေ အများဆုံးနေထိုင်တဲ့အတွက် ဒလန်းသတင်းပေးတွေ အများဆုံးရှိ တဲ့ ရပ်ကွက်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဘားအံမြို့မှာ ဖုန်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားတဲ့အတွက် လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့ဝင်မြို့ထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေအပြင် လူစည်ကားရာနေရာတွေမှာ လမ်းသွားလမ်းလာတွေ၊ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးနေတာပါ။

စစ်ဆေးရာမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်ဆေးတာ၊ မသင်္ကာမှုဆိုပြီး လူကိုဖမ်းဆီးတာအပြင် ပါလာတဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုပါ သိမ်းယူတာတွေ ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ သွားလာရာမှာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ရေဦးမြို့နယ် ချမ်းသာရွာအနီး စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ၊ ၇ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်ဘက် တစ်မိုင်အကွာရှိ ချမ်းသာရွာ မီးရထားသံလမ်း အနီးတွင် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီ ခြေ လျင်တပ်ကို ပဒေသာမိုင်း သုံးလုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ် ဝေဟင်စွန်ရဲအဖွဲ့ တာဝန်ရှိသူက ပြောသည်။အဆိုပါ ပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်း ခြေလျင်တပ်သည် ရေဦးမြို့နယ် ကုန်းတန်းကျေးရွာမှ ထွက်လာပြီး ချမ်းသာရွာ အရောက် ယနေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ခုနှစ် ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း ဆိုသည်။

“စခ (စစ်ကောင်စီတပ်) နဲ့ ပျူတွေက သံလမ်းအတိုင်း တက်လာတာ၊ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ပြီး စောင့်နေတာ၊ ကျွန်တော်တို့ ပွိုင့်နား ရောက်လာတော့ ခွဲချလိုက်တာ၊ ခုနှစ်ကောင်ကတော့ လဲကျသွားတာ တွေ့ရတယ် ခင်ဗျ၊ ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း များတယ်” ဟု ဝေ ဟင်စွန်ရဲအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များ ရမ်းသန်း ပစ်ခတ်ကာ သေဆုံးသူများအား နေရာတွင် ထားခဲ့ပြီး မရိုးကုန်းရွာဘက်သို့ ဆက်လက် ထွက်ခွာနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းကြောင့် ရေးဦးမြို့ အနောက်ဘက်ရှိ ချမ်းသာရွာ၊ ရွာသစ်ရွာ၊ ကုန်းသာရွာနှင့် မရိုးကုန်းရွာများမှ ဒေသ ခံ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီတပ်များ နေရာအနှံ့ ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေပြီး ဒေသခံ ကာကွယ်ရေး တပ်များက ထိပ်တိုက် တိုက်ခိုက်ခြင်း မရှိဘဲ မိုင်းဖောက်ခွဲကာ ပြောက်ကျား တိုက်ခိုက်နေကြောင်း ဝေဟင်စွန်ရဲအဖွဲ့ တာဝန်ရှိသူက ပြောသည်။ mizzima

« Older Entries