Monthly Archives: Jan 2022

တီးတိန်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၁၅ ဦးသေ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးခဲ့တယ်လို့ CDM-Syin တပ်ဖွဲ့ကနေ သိရပါတယ်။

တီးတိန်မြို့နယ် ဟိန်းဇံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ မနက် ၂ နာရီလောက်က ပြည်သူ့ကာကွယ်ရေး ညီနောင်မ ဟာမိတ် ၉ ဖွဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးပြီး အများ အပြားဒဏ်ရာရရှိသွားတယ်လို့ CDM-Syin တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကလေးမြို့ကနေ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းအတိုင်း တက်လာကြပြီး ဟိန်းဇံရွာမှာ ညအိပ်တပ်စွဲချိန် ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDM-Syin၊PDF Zoland၊CNA၊Kalay PDF3၊Kalay PDF8၊Kalay PDF9၊PDA၊Zongan Army နဲ့CDF-KKG2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး  မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

တီးတိန်မြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်း ကား ၅ စီးကို ဒေသခံပူးပေါင်းကာကွယ်ရေးတပ်တွေက တိုက် ခိုက် ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းရန် စစ်ကောင်စီ အပူတပြင်းကြိုးပမ်း 

ဆန့်ကျင်သူများကို ပိုမိုနှိပ်ကွပ်နိုင်ရန် အချက်များထည့်သွင်းရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းရန် စစ်ကောင်စီ အပူတပြင်းကြိုးပမ်းလျက်ရှိသည်ကို Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။

စစ်ကောင်စီက ၎င်းတို့ အချောသတ်ပြင်ဆင် ရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအပေါ် ယခုလ (ဇန်နဝါရီ) ၁၃ ရက်စွဲဖြင့် သဘောထားမှတ်ချက်တောင်းခံရာတွင် ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထားအကြောင်းပြန်ရန် အပူတပြင်း တောင်းဆိုထားသည်။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံရာတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနများအပြင် စီးပွားရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရယူထားသူများနှင့် ဘဏ်များလည်း ပါဝင်သည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး မတရားလုပ်ဆောင်နေသည်များကို ကမ္ဘာက သိသွားမည်ကို ကြောက်သဖြင့် ဆက်သွယ်ရေးယန္တရားများကို တားဆီးပိတ်ပင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရား ရေးဝန်ကြီး ဦးသိန်းဦးက ဆိုသည်။ 

“မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့အကျိုးစီးပွားအတွက် လုပ်တာဖြစ်တယ်။ သူတို့ရဲ့ မတရားလုပ်ဆောင်မှုတွေကို အမှောင်ချနိုင်ဖို့ အင်တာနက်ကို သူတို့နဲ့ဆန့်ကျင်သူမှန်သမျှ သုံးမရအောင်၊ မသုံးရဲအောင် လုပ်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

“အမှောင်ကမ္ဘာကြီးထဲကို ရောက်အောင် ဆွဲခေါ်နေတာ ဖြစ်တယ်။ အလင်းထဲ (နည်းပညာခေတ်) ကို သွားနေတဲ့ ကမ္ဘာကြီးနဲ့ ပြောင်းပြန်ဖြစ်နေတယ်”

ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြုဌာန်းရန် စစ်ကောင်စီက အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလဆန်းတွင် ပထမဆုံးကြိုးပမ်းခဲ့ဖူးသည်။

ထိုစဉ်က မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသူများထံ သဘောထားမှတ်ချက်တောင်းခံသည့်အကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာရာ စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ထားသည့်အတွက် လက်မခံနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ 

ထိုသို့သော ဝေဖန်ကန့်ကွက်မှုများကြောင့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်း မရှိသော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

ဆက်သွယ်ရေးဥပဒေပါ အချက်များအနက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖြန့်ချိခြင်း၊ ကွန်ပျူတာ Malware များ ဖြန့်ချိခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

အထက်ပါအချက်များမှာ အပူတပြင်းပြဋ္ဌာန်းရန် စစ်ကောင်စီက စိုင်းပြင်းလာသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပါဝင်လျက်ရှိသည်။

အခန်း ၁၈ ခန်းပါ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ပြီးခဲ့သည့် အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်း အချောသတ်ပြင်ဆင် ပြီးစီးခဲ့ကြောင်း စစ်ကောင်စီ၏ ဇန်နဝါရီ ၁၃ ရက်စွဲဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက ပြဋ္ဌာန်းမည့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း၏ ရည်ရွယ်ချက်များတွင် အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အီလက်ထရွန်နစ်နည်းပညာနှင့် ဆိုက်ဘာအသုံးပြုတိုက်ခိုက်ခြင်းများကို ကာကွယ်ရန်ဟု ပါရှိသည်။

ဒီဂျစ်တယ်ပလက်ဖောင်းတွင် စည်းလုံးမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော ရေးသားဖော်ပြမှုမျိုးစုံနှင့် တည်ဆဲဥပဒေကို ဆန့်ကျင်သည့် ရေးသားပြောဆို ဖော်ပြချက်များ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေရန် ရေးသားပြောဆို ဖော်ပြချက်များကို တားဆီးဖယ်ရှားရမည်ဟု ဆိုသည်။

ထို့ပြင် VPN နည်းပညာအသုံးပြုခြင်း၊ ကွန်ပျူတာ Malware များ ထည့်သွင်းအသုံးပြုခြင်းနှင့် Digital ငွေကြေးအသုံးပြုခြင်းများကိုလည်း စစ်ကောင်စီပြဋ္ဌာန်းလိုသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် တားမြစ်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်ရေးသားမှုများ ဖြန့်ဖြူးရာ အင်တာနက်စာမျက်နှာများကို ကန့်သတ်ပိတ်ပင်ထားရာ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ကြည့်ရှုလိုသူများအနေဖြင့် အွန်လိုင်းလှုပ်ရှားမှုများကို ခြေရာဖျောက်နိုင်သည့် VPN ခေါ် သီးသန့်ကွန်ရက်တစ်မျိုးကို မဖြစ်မနေ ထည့်သွင်းအသုံးပြုနေရသည်။

ထိုသို့ VPN နည်းပညာအသုံးပြုပါက ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ 

ထို့ပြင် အခြားသော အီလက်ထရောနစ်နှင့် ဆိုက်ဘာနည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ အရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းလည်း ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားသည်ကို တွေ့ရသည်။ စစ်တပ်ဒုတိယအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီ ဖွဲ့စည်းရန်လည်း ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။​

ဆိုက်ဘာလုံခြုံရေးဥပဒေမှာ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်အပေါ် စစ်ကောင်စီ၏ နောက်စစ်မျက်နှာတစ်ခုဖြစ်ကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်။

“အတည်ပြုဖြစ်ခဲ့ရင် ဒီတရားမဝင်ဥပဒေက လူ့အသက်တွေကို အန္တရာယ်ကျရောက်စေမှာ ဖြစ်ပါတယ်။ စစ်တပ်က ဆက်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေ တိုးမယ်၊ စောင့်ကြည့်တာတွေ လုပ်မယ်” ဟု ၎င်းက ပြောသည်။

စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းအားဖြင့် ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းအားလုံးကို အသုံးပြုကာ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဆန့်ကျင်ရန်လည်း Justice For Myanmar အဖွဲ့က တောင်းဆိုသည်။ 

ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းဖြစ်ပါက စစ်ကောင်စီအလိုအရ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးသည်ဆိုသော စကားရပ်အားဖြင့် မည်သည့်ရေးသားချက်ကိုမဆို ပိတ်ပင်ရန် သို့မဟုတ် ဖြုတ်ချရန် ဆက်သွယ်ရေးကုမ္ပဏီများက လိုက်နာဆောင်ရွက်ပေးရမည်ဖြစ်သည်။

စစ်ကောင်စီက ဆက်သွယ်ရေးလုပ်ငန်းများကို ၎င်းတို့စိတ်တိုင်းကျ ကြားဖြတ်ထောက်လှမ်းနိုင်ရန် ‘နိုင်လွတ်လုံ’ ဟု အတိုကောက်ခေါ်ဝေါ်သည့် ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ’ ကိုလည်း အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပြင်ဆင်ခဲ့သည်။  myanmar now

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို အ ကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး မီးတင်ရှို့ခြင်း ပြုလုပ်၊ ပြည်သူ ၁၀ ဦးထက်မ နည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ထူးကြီးရွာတွင် အကြမ်းဖက် စစ်ကောင်စီ ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဝင်ရောက်ကာ ပြည်သူများ၏ နေ အိမ်ရှိ ပစ္စည်းများ မွှေနှောက်ရှာဖွေ ဖျက်ဆီးသွားကြောင်း ဒေသခံများ ပြောကြားသည်။”ဆိုင်တွေကိုလည်း ‌ဖျက်ဆီးပြီး ပစ္စည်းတွေ ယူသွားပါတယ်။ အိမ်ကိုလည မွှေနှောက်ဖျက်ဆီးးသွားပါတယ်။ စုဘူးတွေလည်း ဖောက်ယူသွားတယ်”ဟု ဒေခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ထူးကြီးရွာမှ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားပြီး ကျေးရွာနေပြည်သူများမှာ ၎င်းတို့ ထပ်မံ ဝင်ရောက်မည် စိုးရိမ်သည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။ထို့အတူ အကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မုံရွာတောင်နယ် မအူရွာ၊ အောင်သာရွာ၊ မြေနဲရွာ၊ မင်းရွာများရှိစိုက်ကွင်းများသို့ ဖက်စစ်တပ်မှ ဝင်ရောက်တောနင်းကာ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးခြင်း ၊ မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လမ်းတစ်လျှောက်ရှိ လူနေအိမ်များ၊ တောင်ယာတဲများ၊ ကွမ်းခြံများ၊ မီးစက်၊ဆိုင်ကယ်များ၊ တောင်ယာသုံးပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများကို မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ”တောင်ယာလုပ်ကိုင်နေတဲ့ ပြည်သူ ၁၀ ယောက်ကျော်လောက် မတရားဖမ်းဆီးခံရတယ်။ အခု ဖမ်းထားတဲ့ လူတွေကို လူသားဒိုင်း လုပ်ပြီး သူတို့ကြားညှပ်ပြီး ခေါ်တယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

ဟရန်းဇင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟရန်းဇင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဇိုမီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Zomi PDF က ထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် ဟရန်းဇင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ကလေးမြို့နှင့် ချင်းပြည်နယ် ဆက်သွယ်ထားသည့် ကလေး – သိုင်းငင်းလမ်း အတိုင်း တက်လာပြီး ဟရန်းဇင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်သား နှစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ကြောင်းဆိုသည်။ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဟရန်းဇင် ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဉီး သေဆုံးခဲ့ကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၁ ရက် ယနေ့ နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီအဖွဲ့က ကနေဒီ တောင်ထိပ်ရှိ တပ်စခန်းသို့ တပ်သားနှင့် ပစ္စည်းအ ချို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ဖလမ်းမြို့နယ်မှ တီးတိန်သို့ ဉီးတည်နေသော စစ်ကောင်စီတပ် အင်အား ၁၈၀ ကျော်အား CNDF တပ်ဖွဲ့က ပြင်း ထန်စွာ တိုက်ခိုက်မှုကြောင့် ယခု ရှေ့ဆက်မတိုးနိုင်ဘဲ လမ်းခုလပ် လုံဘန်း ကျေးရွာထိပ်တွင် တပ်စွဲထားကြာင်း PDF Zoland က ထုတ်ပြန်ထားသည်။

Zomi PDF သည် ကလေးနှင့် ချင်းပြည်နယ်ရှိ CDM Siyin ၊ PDF Zoland ၊ CNA ၊ Kalay PDF ၊ PDA ၊ Zongam Army ၊ CDF KKG တို့နှင့် လက်တွဲ၍ ပူးပေါင်း စစ်ဆင်လျက်ရှိကြောင်း ဖော်ပြသည်။ mizzima

လောင်းလုံးမြိုနယ်တွင် ပျူစောထီးစခန်းကို PDF က ဝင်ရောက်စီးနင်းပစ်ခတ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီး-ကမ်းပနီကျေးရွာအနီးက ပျူစောထီးစခန်းနှစ်ခုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT)တပ်ခွဲတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၀ ရက်၊ ည ၁၁ ကျော်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ ပါတယ်။ 

အဲဒီလို ဝင်ရောက်စီးနင်းပစ်ခတ်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီးခေါင်းဆောင် ၂ ဦးနဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

ဖမ်းဆီးရမိသူတွေထဲမှာ ၁၀၄ တပ်ရင်းမှာ သင်တန်းတက်ထားတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေဖြစ်ပြီး စာရင်းစာအုပ်တွေ စစ်ယူနီဖောင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သလို သူတို့ရဲ့မိသားစုဝင်တွေလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။

အဆိုပါ မိသားစုဝင်တွေထဲမှာ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသက်ကြီးသူတွေလည်း ပါတဲ့အတွက် သက်ညှာတဲ့အနေနဲ့ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပျုစောထီးစခန်းက  လက်လုပ်သေနတ် (၆)လက်၊ M 16 ကျည်အမျိုးအစား (၁၀၀) လောက် အပါအဝင် ဖုန်းတချို့နဲ့  ဆိုင်ကယ် ၅ စီး သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ လောင်းလုံးမြို့နယ် ကြယ်တောင်အနီးမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပါတယ်။  DVB

သင်္ဃန်းကျွန်းတွင် စစ်ကောင်စီတပ်ဖမ်းလာသောလူငယ် ၂ ဦးထွက်ပြေး၊ သေနတ်ဖြင့်ပစ်ကာ ဝိုင်းရိုက်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ Asia smile hotel ရှေ့တွင် စစ်ကောင်စီက ဖမ်းလာသည့် လူငယ် နှစ်ဦးက ထွက် ပြေးသည့်နောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဝိုင်းဝန်းရိုက်နှက်မှု ဇန်နဝါရီ ၂၁ရက် နေ့လည် ၁၁နာရီကျော်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

” သူတို့ဖမ်းလာတဲ့ လူငယ် နှစ်ယောက်က ပြန်ထွက်ပြေးလို့ သေနတ်နဲ့လိုက်ပစ်ပြီး ဝိုင်းရိုက်တာ တွေ့တယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုကြောင့် လူငယ် ၁ဦးမှာ ခြေထောက်တွင် သေနတ်ထိမှန်ခဲ့ပြီး ဝိုင်းရိုက်နှက်ကာ ပြန်လည်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ mizzima

စမ်းချောင်း ပဒုမ္မာပန်းခြံအနီးတွင် အသက် ၁၉ နှစ်အရွယ် မောင်မင်းခန့်ကိုကို အပါအဝင် လူ ငယ် ၄ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

ရန်ကုန်မြို့ ၊စမ်းချောင်းမြို့နယ် ပဒုမ္မာပန်းခြံအနီးတွင် ယမန်နေ့ နံနက်၅နာရီခန့်က အသက်၁၉နှစ်အရွယ် မောင်မင်းခန့်ကိုကို အပါအဝင် လူငယ် ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များထံမှသိရသည်။” မင်းခန့်ကိုကို နဲ့အတူ တခြားလူငယ်၄ယောက်ဖမ်းခံရတယ်လို့လည်းပြောတယ်။

ဘယ်သူတွေလဲဆိုတာတော့သေချာစုံစမ်းလို့မရသေးဘူး။စစ်ကြောရေးမှာအသက် အန္တ ရာယ်ထိခိုက်မှာကိုစိုးရိမ်နေပါတယ်။ဘယ်ကိုခေါ်သွားလဲဆိုတာလည်းမသိဘူး”လို့ မိသားစုနဲ့နီးစပ်သူတဦးကဆိုသည်။မောင်မင်းခန့်ကိုကိုသည် အထက ၂ နန်ယန်ကျောင်းသားဟောင်းတဦးဖြစ်ပြီး ဂျပန်- မြန်မာအောင်ဆန်းစက်မှုသင်တန်းကျောင်းတွင် ပထမနှစ်တက်ရောက်နေသူဖြစ်သည်။ khit thit

ပူတာအိုရှိ ‌ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရန် CBဘဏ် ဥက္ကဋ္ဌ ကျပ်သိန်း ၁၅၀ လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ ရှေ့ဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်၏ ၂၀၂၀ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီမှ ကျောထောက်နောက်ခံပြုထားသည့် CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး မိသားစုမှ ငွေကျပ်သိန်း ၁၅၀ ကျပ် လှူဒါန်းထားကြောင်း ဂေါပကအဖွဲ့ဝင်များထံမှတစ်ဆင့် စုံစမ်းသိရှိရသည်။ ပူတာအိုဒေသသည် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်မိသားစု မသွားရောက်နိုင်သေးသည့် နေရာတစ်ခုဖြစ်သည်။

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် အဆက်ဆက်က ပူတာအိုဒေသကို မိသားစုလိုက်သွားရောက်ပြီး ၎င်းတို့၏ အသိုင်းအဝိုင်းက အာဏာတည်မြဲရေးအတွက်ယတြာချေခြင်းများကို ပြုလုပ်လေ့ရှိသည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပူတာအိုဒေသကိုသွားရောက်နိုင်ရန်အတွက် စစ်ကောင်စီ အသိုင်းအဝိုင်းက ပြင်ဆင်နေခြင်း ဖြစ်သည်။

ထိုသို့ ပြင်ဆင်နေသည့်အချိန်တွင် ကချင် ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး​၏ ၂၀၂၀ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ နိုင်ရေးအတွက် စစ်ကောင်စီအသိုင်းအဝိုင်းက ကျောထောက်နောက်ခံပြုထားသည့် CB ဘဏ် ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးမိသားစုက အလှူငွေလှူဒါန်းလာသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

CB ဘဏ် ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးနှင့် မိသား စုက ပူတာအိုဒေသရှိ သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး​၏ ၂၀၂၀ ဗုဒ္ဓပူဇနိယပွဲ တော်ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၁၅၀ ကိုပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နေ့က ရန်ကုန်မြို့တွင် လှူဒါန်းပေးခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်များထံကနေ စုံစမ်းသိရှိရသည်။ ပူတာအိုဒေသရှိ CB ဘဏ်မှာ မြန်မာ့စီးပွားရေးဘဏ်ပြီးရင် တစ်ခုတည်းသော လုပ်ပိုင်ခွင့်ရရှိထားသည့် စစ်တပ်အသိုင်းအဝိုင်းမှ နောက်ခံပြုထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုလည်း ဖြစ်သည်။ ပူတာအိုဒေသရှိ သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး​၏ ၂၀၂၀ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ် တပို့တွဲလတွင် ဘာသာထုံးတမ်းများနှင့် အညီ ကျင်းပလေ့ရှိသည်။ mizzima

« Older Entries