မုံရွာမြို့တွင် ဒလန်ဆိုသူကို လုံခြုံရေးယူပေးထားသည့် ရဲ ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်နေ ဒလန်ဟု နာမည်ကြီးနေသူကို လုံခြုံရေးယူပေးနေသည့် ရဲတစ်ဦးအား မြို့ပြပြောက်ကျား မဟာ မိတ်ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၂ရက် နံနက် ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ထိုရဲ နှင့် ဒလန်ဆိုသူတို့ လမ်းလျှောက်လာစဉ် သေနတ်ပါသည့် ရဲအား ဦးစွာ အနီးကပ် ပစ်ခတ်ခဲ့ပြီးနောက် ဒလန်အား ပစ်ခတ်စဉ် သေနတ် ဂျမ်း(ခေတ္တ သုံးမရ ) ဖြစ်သွားသည့်အတွက် ဆက်လက်မပစ်ခတ်နိုင်ေတာ့ဘဲ လုံခြုံရေးအရ ဆုတ်ခွာလာခဲ့ရကြောင်း၊ မြို့ပြပြောက်ကျား မဟာမိတ်ပူးပေါင်းအဖွဲ့နှစ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Monywa Nightking အဖွဲ့က တာ၀န်ရှိသူ Blackie ကဆိုသည်။
“နေလမိုး က ပြည်သူတွေကို ဒုက္ခပေးဖို့ မုံရွာကိုပြန်ရောက်နေတာ ဖြစ်တယ်ဗျ။ အခုအချိန်မှာ သူက မြို့ပြရဲဘော် ပြောက်ကျားတွေကို နေတဲ့အိမ်တွေ လမ်းပေါ်မှာတွေ ဖမ်းဆီးဒုက္ခပေးနေတာပါ” ဟု Monywa Nightking အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒလန်ဟု နာမည် ကြီးနေသူ အသက် ၃၀ကျော်ခန့်အရွယ် ကိုနေလမိုးသည် အလုပ်အကိုင်အတည်တကျ မရှိသူဖြစ်ကြောင်း၊ ၎င်းသည် ပြည်သူများ၏ ဖမ်းဆီးမှုကို ခံရပြီး နဖူးတွင် “ဒလန်” ဟု စာတမ်းရေး ထိုး၍ ရပ်ကွက်မှ နှင်ထုတ်ခံခဲ့ရဖူးကြောင်း၊ ယခု ပြန်လည်ရောက်ရှိလာကာ ရဲ ဝန်ထမ်း လုံခြုံရေး အစောင့်အရှောက်နှင့် နေထိုင်သူဖြစ်ကြောင်း သိရသည်။ မြို့ပြပြောက်ကျားတပ်ဖွဲ့များ အနေဖြင့် ဒလန်များရှင်းလင်းရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။mizzima