သာကေတမြို့နယ် ဘောလုံးကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာ လမ်းပေါ်ရှိ၊ နယ်မြေရုံး မှတ်တိုင်အနီး ဘောလုံးကွင်း အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။”သူတို့ တပ်စွဲထားတာ တော်တော်တော့ ကြာပြီ။ အင်အားလည်း များတယ်။ လက်ပစ်ဗုံး ပစ်ထည့်ခဲ့တာ၊ လူလည်း အနားမှာရှိတော့ လူပါထိနိုင်တယ်” ဟု တိုက်ခိုက်ခဲ့သည့် Burma Final Revolution Armed Force အဖွဲ့က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်ပြီး ကားနှစ်စီး ပျက်စီးခဲ့ကြောင်း ဆိုသည်။”အသံအကျယ်ကြီး ကြားလိုက်တယ်၊ နား နားမှာ ကပ်ပြီး ပေါက်သွားသလိုကို ကျယ်တာ။ ဘယ်နေရာမှာ ပေါက်တာလဲတော့ မသိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ပေါက်ကွဲမှုကြောင့် ယနေ့ ည ၈ နာရီခန့်အထိ ယင်းနေရာ တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ လမ်းပိတ် စစ်ဆေးမှု ပြုလုပ်နေကြာင်း သိရသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်၊ မြင်တော်သာ လမ်းပေါ်ရှိ လျှပ်စစ်ရုံးအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ သေးသည်။ mizzima