Monthly Archives: Jan 2022

မန္တလေး KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရ ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဘဏ်အကောင့်များ ပိတ်ပင်ခဲ့မှုနှင့် စစ်တပ်ဒေါက်တိုင်အဖြစ် ရပ် တည်နေ၍ ဆက်လက် တိုက်ခိုက်ရန်ရှိ

မန္တလေးမြို့ ၊ လမ်း ၃၀ ၊ ၃၁ လမ်းနှင့် ၈၇ လမ်းရှိ ကမ္ဘောဇဘဏ်ကို ယနေ့ ညနေ ၆ နာရီ ၄၈ မိနစ်အချိန် မီးရှို့မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး စစ်တပ်၏ ဒေါက်တိုင်အဖြစ် ရပ်တည်၍ ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်ခဲ့မှုကြောင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဒေသပျောက်ကျားတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“မီးကတော့ ငြိမ်းသွားပါပြီ။ ညနေ ၆ နာရီ ၄၈ မိနစ်က ရှို့တာပါ။ စစ်ကောင်စီဒေါက်တိုင်တွေကို ဖယ်ရှားသွားမှာဖြစ်ပါတယ်” ဟု မန္တလေး တော်လှန်ရေး လူငယ်တစ်ဦးကပြောသည်။

မန္တလေး KBZ ဘဏ်ခွဲကို မီးရှို့သည့်အဖွဲ့အစည်းအမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မန္တလေးအခြေစိုက် Ranger of Mandalay က စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ရပ်တည်ပြီး ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်ထားသည့် KBZ ဘဏ်ကို တိုက်ခိုက်မည်ဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် မီးရှို့မှုစတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ khit thit

နိုင်ငံတဝန်း ခရိုင်များတိုးချဲ့မှု PR ရွေးကောက် ပွဲစနစ်အတွက် ပြင်ဆင်နေခြင်းဖြစ်ဟု သုံးသပ်

အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာဟာ အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲစနစ်ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောပါတယ်။ 

အာဏာရှင်စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲပြီး စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်းပါဝင်နိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ တိုင်းပြည်အာဏာကို သိမ်းခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အပါအဝင် အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ စစ်အုပ်စုအတွက် နောက်ဆုံးထွက်ပေါက်တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တစ်ခုကို အမြန်ပြန်ကျင်းပနိုင်ဖို့လုပ်ဆောင်နေပါတယ်။

အဲဒီကျင်းပမယ့်ရွေးကောက်ပွဲမှာ စစ်တပ်က  ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်မယ့် အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲ  စနစ်ကျင့်သုံးနိုင်ဖို့  ဥပဒေတစ်ရပ်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  ရေးဆွဲခိုင်းပြီး နိုင်ငံရေးပါတီတွေကို စည်းရုံးနေပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ တဘက်မှာလည်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ PR စနစ် ကျင့်သုံးတဲ့အခါမှာ စစ်တပ်ထောက်ခံတဲ့ပါတီ အသာစီးရနိုင်မယ့်နေရာတွေအတွက် ခရိုင်တွေကို တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

PR စနစ် ကျင့်သုံးမယ်ဆိုရင် မဲဆန္ဒနယ်တွေကို ခွဲတဲ့အခါမှာ မြို့နယ်အပေါ် အခြေခံပြီး ခွဲမှာမဟုတ်ဘဲ ခရိုင်အပေါ် အခြေခံပြီး ခွဲဝေမှာဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီက အခုလို ကြိုတင်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။

တိုင်းပြည်လုံခြုံရေးကြောင့် ခရိုင်အနည်းငယ်ကို တိုးချဲ့ဖွဲ့စည်းနိုင်တယ်ဆိုပေမယ့် နေရာအနှံ့မှာ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းလာပြီဆိုရင်တော့ ဒါဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

“ခရိုင်ဆယ်ခုရှိတဲ့ ပြည်နယ်တခုကို ခရိုင် နှစ်ဆယ် လုပ်ပေးမယ်ပေါ့။ အဲဒါက ခရိုင်အလိုက် ခွဲရတော့မှာပေါ့။ ဟိုဘက် ဆယ်ခရိုင်၊ ဒီဘက် ဆယ်ခရိုင် ဖြစ်သွားမှာပေါ့။ အဲဒီဆယ်ခရိုင်အတွင်းမှာ အများဆုံးရတဲ့ ပါတီနဲ့ အလယ်အလတ်ရတဲ့ ပါတီရယ် အချိုးချလာမှာပေါ့။ တစုံတရာ အခြေအနေတော့ ပြောင်းလဲသွားနိုင်တယ်။ PR စနစ်မှာ ကိုယ် အားသာတဲ့နေရာက အနည်းစုကိုဆွဲပြီးတော့ ပိုပိုပြီးတော့ကိုယ့်ဘက်ကရအောင် လုပ်ထားနိုင်တဲ့သဘောတော့ ရှိတယ်။ ”

အာဏာသိမ်းစစ်ကောင်စီဟာ PR စနစ်ကို ဘယ်လွှတ်တော်အတွက် ကျင့်သုံးမလဲဆိုတဲ့ တိကျတဲ့ သတင်းကို ထုတ်မပြောပေမယ့်လည်း PR စနစ်ဟာ ပါတီတစ်ခုတည်း အနိုင်ရခြင်းမရှိတော့ဘဲ ဝင်ပြိုင်တဲ့ပါတီတွေက သတ်မှတ်ရာခိုင်နှုန်းအချိုးအရ လွှတ်တော်ထဲမှာ ပါဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာတုန်းက PR စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ရွေး ကောက်ပွဲစနစ် ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာ ဒီရွေးကောက်ပွဲစနစ်ကို ကျင့်သုံးနိုင်ဖို့ အတည်ပြု ဆုံးဖြတ်ရမယ့် လွှတ်တော်လည်း မရှိတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ပြောနိုင်ဖို့ အတော်ခက်ခဲတယ်လို့ ချင်းတိုးတက်ရေးပါတီအတွင်းရေးမှူးဦးရှိန်းထွန်းက သုံးသပ်ပြောပါတယ်။

“PR နဲ့သွားမယ်၊ ပေါ်လစီအစ်ရှူးကလွဲရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိလို့ကိုမရဘူး။ ထိမယ်ဆိုရင် လွှတ်တော် အခန်းကဏ္ဍ ရှိကိုရှိရမယ်။ လွှတ်တော်မရှိဘဲနဲ့ ပေါ်လစီအစ်ရှူးနဲ့ အစိုးရအပိုင်းလောက်ပဲ သွားလို့ရမယ်။ အစိုးရက ဘယ်နှခရိုင်ထားမယ်ဆိုတာ လွှတ်တော်ကို အတည်ပြုပေးရတယ်။ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်က အတည်ပြုပေးမှ သွားလို့ရတဲ့အခင်းအကျင်းမျိုး။ ခက်တာက အမျိုးသားလွှတ်တော်တော့ မရှိဘူး။ ပြည်သူ့လွှတ်တော်က ဦးတီခွန်မြတ်က ရုံးအတက်အဆင်း လုပ်နေတော့ လွှတ်တော်ရှိသယောင်ယောင် ဖြစ်နေတော့ ဘယ်လိုပုံစံနဲ့ သူတို့ဖွဲ့လိုက်တဲ့အနေအထား မသိနိုင်ဘူး။” 

စစ်တပ်အာဏာ စသိမ်းလိုက်တဲ့နေ့ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပျက်သွားပြီ ဖြစ်တာကြောင့် အဲဒါကို အခြေခံပြီးလုပ်နေတဲ့ အရာမှန်သမျှဟာ တရားဝင်မှုမရှိတော့ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ပြောပါတယ်။

စစ်တပ်အသာစီးရပြီး လူထုမထောက်ခံတဲ့ ရွေးကောက်ပွဲစနစ်ကို အသက်သွင်းနေတာကလည်း လူထုမျက်နှာမကြည့်ဘဲ အာဏာသိမ်းစစ်ကောင်စီတပ်အတွက် အာဏာချဲ့ထွင်နိုင်ဖို့ အဓမ္မလုပ်ဆောင်တဲ့ နောက်ထပ် သက်သေတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က “PR စနစ်ကို သွားမယ်ဆိုရင် လွှတ်တော်ထဲမှာ ဘယ်ပါတီကမှ နေရာအများစုရမှာ မဟုတ််တော့ဘူး။ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒမပါဘဲနဲ့ ဝင်ရောက်နေတဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ပိုပြီးတော့ အရေးပါသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပျက်ပြယ်ပြီးဖြစ်တယ်။ စစ်ကောင်စီရဲ့ လုပ် ဆောင် ချက်တွေအားလုံးက တရားဝင်မှု မရှိပါဘူး။ ဒါကြောင့်မို့ သူတို့ ဘယ်လိုကြိုးပမ်းပါစေ အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက်လည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

လတ်တလောမှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ် ဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ခရိုင် ၄၂ ခရိုင်ကို အသစ်တိုးချဲ့ဖွဲ့စည်းဖို့ ဆောင်ရွက်နေပါတယ်။

ပဲခူးတိုင်းမှာ ဆိုရင် ညောင်လေးပင်ခရိုင်၊ နတ်လင်းခရိုင်၊ မကွေးတိုင်းမှာဆိုရင် ချောက်ခရိုင်၊ အောင်လံခရိုင်၊ မန္တလေးတိုင်းမှာဆိုရင် အမရပူရခရိုင်၊ အောင်မြေသာစံခရိုင်၊  သပိတ်ကျင်းခရိုင်၊ တံတားဦးခရိုင်၊ မွန်ပြည်နယ်မှာဆို ရေးခရိုင်၊ ကျိုက်ထိုခရိုင်၊ ရခိုင်ပြည်နယ်မှာဆို အမ်းခရိုင်နဲ့ တောင်ကုတ်ခရိုင် စသဖြင့် ခရိုင်အသစ်တွေတို့ချဲ့ဖို့ စစ်ကောင်စီက စီစဉ်နေတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အုပ်ချုပ်မှုလုပ်ငန်းတွေ အခုထက် ပိုမိုအဆင်ပြေချောမွေ့စေဖို့  ခရိုင်အဆင့်တွေကို ထပ်မံတိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်နေတာလို့ ပြီးခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောထားပါတယ်။ 

ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းရာမှာ  ခရိုင်ဒေသရဲ့  အားထားရမှု အခြေအနေ၊ သွားလာရေးလွယ်ကူမှုနဲ့ အုပ်ချုပ်ရေးအတွက် အရေးပါမှုတွေကို ထည့် သွင်းစဉ်းစားရတဲ့အပြင်  ခရိုင်၊ ဒေသရဲ့ စီးပွားရေးအရ ဖွံ့ဖြိုးမှု၊ ထင်ပေါ်မှုနဲ့ တခြားအရေးပါမှုတွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ DVB

ဓနုမြေ စစ်ဘေးရှောင်စခန်း၌ ကယန်းကိုယ် ဝန်သည်တစ်ဦး အခက်အခဲကြားမှ မီးဖွား

ကရင်နီ ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်၏ အင်အားသုံး စစ်ရှိန်မြှင့် တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်လာရသူများ အတွင်းမှ ကယန်း ကိုယ်ဝန်သည် တစ်ဦးသည် ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ဓနုမြေ ပင်းတယမြို့ ပွေးလှ တိုက်နယ်ဆေးရုံ၌ သား ယောကျာ်းလေး မောင်စစ်ငြိမ်းသူကို မွေးဖွားသည်။

နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနှင့် စစ်ဘေး တိမ်းရှောင်ပြေးလာရာမှ ယခုကဲ့သို့ မွေးဖွားရခြင်း ဖြစ်သည်။ “မီးဖွားမယ့် မိခင် တစ်ဦးအနေနဲ့ အသက်နဲ့ရင်းပြီးတော့ မွေးရမယ့် အချိန် ဘေးမှာလည်း တိုက်ပွဲတွေက ဖြစ်နေတော့ မွေးဖို့အတွက် နေ့တိုင်းသောက ရောက်နေရတယ်။ မမွေးခင်အ ထိ အဆင်ပြေပါ့ မလားဆိုတဲ့ စိတ်နဲ့ နေခဲ့ရတယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းတစ်ခုလို့ ပြောရမှာပေါ့။ မီးမဖွားခင်လေးမှာပဲ ပွေးလှတိုက်နယ်ဆေးရုံက တာဝန်ယူ မွေးဖွားပေးမယ်လို့ ပြောပါတယ်။

တိုက်နယ်ဆေးရုံမှာပဲ ခွဲမွေး ဖြစ်ပါတယ်။ ဆေးရုံမှာ တစ်ပတ်လောက် နေရမယ်လို့ ဆရာဝန်က ပြောထားပါတယ်” ဟု မောင်စစ်ငြိမ်းသူ၏ မိခင်က ဆိုသည်။ မီးမဖွားခင် အထိ ဘုန်းကြီးကျောင်း၌ စစ်ရှောင်များနှင့် အတူ နေထိုင်ခဲ့ပြီး လက်ရှိတွင် မိခင်ရော ကလေးပါ လုံခြုံ ကျန်းမာလျက်ရှိသည်။ မီးဖွားသည့် မိသားစု အတွက် အိမ်သီးသန့် ကြိုစီစဉ် ထားသော်လည်း မီးဖွားပြီးမှသာ နေမည်ဟု ကလေးမိခင်က တောင်းဆိုခဲ့သည်ဟု စစ်ရှောင်များကို ကူနေသူများက ပြောသည်။

‌ ယခုချိန်အထိ ကရင်နီပြည်နယ် အနှံ့တွင် ခုခံတော်လှန်စစ်များ ဖြစ်ပွားနေပြီး ပြည်နယ်လူထု၏ သုံးပုံ နှစ်ပုံသည် စစ်ဘေးရှောင် နေရပ်စွန့်ခွာ ထားရသည်။ကရင်နီပြည်နယ်ကို ဇန်နဝါရီလ ၈ ရက် ကစပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ပြီး လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ တပ်သားအင်အား များစွာဖြင့် တင့်ကားများ အသုံးပြုကာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များကို တိုက်ခိုက်သည့်အတွက် ဒေသခံများ၏ အိုးအိမ် ပစ္စည်းများ ပျက်စီးကာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ စစ်‌ဘေးရှောင်လာသူ ဦး‌ရေ တရိပ်ရိပ် များပြားလာလျက် ရှိသည်။ mizzima

မြိုင်မြို့နယ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ ပေါက်မြို့နယ်အစပ်တွင် မိုင်းဆွဲခံရပြီး ၁၄ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်အစပ်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRA နှင့် Zero ပြောက် ကျား တပ်ဖွဲ့တို့က ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့နယ်အတွင်းရှိ အများပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ မဟာမိတ်တပ်ဖွဲ့က အလစ်အငိုက် ဝင်တိုက်၍ သေဆုံးထိခိုက်မှု များခဲ့ကြောင်း PRA က ဆိုသည်။အဆိုပါ စစ်ကောင် စီတပ်ဖွဲ့သည် ပေါက်မြို့နယ်သို့ ဝင်ရောက်လာစဉ် အင်အား ၂၀၀ ဝန်းကျင်ရှိကြောင်း၊ ဒဏ်ရာရသူများထဲမှ သေဆုံးဦးရေ ထပ်တိုးလာနိုင်ကြောင်း၊ PRA နှင့် Zero ပြောက်ကျားတပ်ဖွဲ့တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ khit thit

ရခိုင် ဒုက္ခသည်စခန်းနှစ်ခု ကလေးကျန်းမာ ရေးစောင့်ရှောက်မှု ရလို  

တိုက်ပွဲများ ၂ နှစ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းရောက် ၆ နှစ်အောက်ကလေးများ ဝမ်းလျှောဝမ်းပျက် မကြာခဏဖြစ်ပွားနေသောကြောင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိလိုသည်ဟု စစ်ရှောင်ဒုက္ခသည်များက ပြောသည်။ 

နေရပ်ပြန်ရန် အခြေအနေမပေးသေးသူတို့သည် သောက်သုံးရေမသန့်ရှင်းမှုမှအစ အခြေခံဆေး၀ါး မလုံလောက်သည့် ကျန်းမာရေးပြဿနာ ရှိနေကြသည်ဟု ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

“စားဖို့ သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြရတဲ့ကြားထဲ နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတော့လည်း အပြင်ကဝယ်သောက်ရတဲ့ပုံစံမျိုး မဖြစ်သင့်လို့ထင်ပါတယ်”ဟု ထိုအမျိုးသားက  ဆိုသည်။  

အထောက်အပံ့ဖြင့် မှီခိုရပ်တည်နေရသည့် ၎င်းတို့အတွက် ပြင်ပမှ ဆေးဝါးများဝယ်ယူရန် အခက်အခဲရှိနေသည်ဟု ၎င်းက ဆိုသည်။ 

ထိုစခန်းတွင် ခိုလှုံနေသော ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ ဦးမောင်ကျော်သောင်းက သမီး ၄ ဦး အနက် ၆ လ သမီးနှင့် ၃ နှစ်သမီး ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“တအားအန်ပြီးတော့ အောက်ကိုလည်း ဝမ်းလျှောတယ်။ အခုတော့ နို့စို့ကလေး နည်းနည်းဝမ်းနေမကောင်း ဖြစ်ချင်နေတယ်။ ၃ နှစ်သမီးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တယ်” ဟု ဦးမောင်ကျော်သောင်းက ပြောသည်။

နေ့တိုင်းမဖွင့်သည့် ထိုဆေးခန်းမှရသော ဆေးလုံးနှင့် ဆေးရည်တို့ကို တိုက်သော်လည်း ဝမ်းလျှောခြင်း၊ အန်ခြင်း မသက်သာ၍​ ၃ နှစ်သမီးကို ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ သွားခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီကလည်း ဆေးရုံလာတာ နည်းနည်းမြန်သွားလို့ (ကလေး အသက်ရှင်တယ်လို့) ပြောပါတယ်။ ဆေးရုံသွားမယ်ဆိုရင် တပ်မတွေရှိတော့ ညဘက်ဖြတ်မသွားရဘူး” ဟု ဦးမောင်ကျော်သောင်းက ဆိုသည်။

ကျောက်တော်မြို့နှင့် ၅ မိုင်ကျော်ဝေးသည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူတို့ မြို့ပေါ်လာမည်ဆိုပါက ဒေါင်းတောင်ယိုးကျေးရွာအနီးရှိ တပ်မ ၃၇၆၊ စကခ ၉ ( အမှတ် ၉ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်)  နှင့် ကျောက်တော်မြို့ အနီးမှ တပ်မ ၃၇၅ တပ်ရင်းတို့ကို ဖြတ်ရသည်။

စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က  မွေးကင်းစအရွယ်မှ ၅ နှစ် ၆ နှစ်အရွယ်ကလေးငယ်များမှာ မကြာခဏ ဝမ်းလျှောဝမ်းပျက် ဖြစ်နေကြသည်ဟု  ပြောသည်။

“နေမကောင်းဖြစ်ကြတာက နှစ်ပတ်ကျော်လောက်ရှိပြီ။ အားလုံး အိမ်တိုင်း ကလေးတွေဖြစ်တာတော့ မဟုတ်ဘူး။ တချို့ကလေးတွေဆိုရင် ဆေးခန်းမကြာမကြာသွားပြနေရတယ်” ဟု ၎င်းက ဆိုသည်။ 

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး ကလေးအရေအတွက် စာရင်းပြုစုထားခြင်းမရှိသေးကြောင်း ၎င်းထံမှ သိရသည်။

“ကလေးငယ်တွေ ဝမ်းလျှောဝမ်းပျက်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရေမသန့်ရှင်းတာတစ်ပိုင်း ပါတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင် မသန့်ရှင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်” ဟု စခန်းတာဝန်ခံက ဆက်ပြောသည်။

“အိမ်သာတွေနဲ့ နီးနီးကပ်ကပ် နေရတယ်။ စားကြွင်းစားကျန်တွေပစ်ထားတဲ့နေရာမှာ ယင်ကောင်တွေများလာတာနဲ့လည်း ဆိုင်ပါတယ်” 

ညောင်‌ချောင်းစစ်ဘေးရှောင်စခန်းအနီး ရေကန် ၅ ကန်မှ ရေရှိသည့် ၂ ကန်က  အငန်ဓာတ်နှင့် အချဉ်ဓာတ် ပေါက်နေသောကြောင့် သောက်သုံးနိုင်ကြခြင်းမရှိကြောင်း ၎င်းထံမှ သိရသည်။ 

ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာသန်းထွန်းဦးကမူ အဆိုပါညောင်ချောင်းစခန်းတွင် ပုံမှန် အပတ်စဉ်တိုင်း ဆေးခန်းဖွင့်ရန် ကျန်းမာရေးဝန်ထမ်း သူနာပြုတစ်ဦးရှိပြီး တခြားကျန်းမာရေး အသိပညာ‌ပေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးကြောင်း ပြောသည်။

“ဆေးခန်းက တစ်ပတ်မှာ နှစ်ရက်ပုံမှန်ဖွင့်လို့ ရှိပါတယ်။ နောက်ပြီးတော့ ညောင်ချောင်းကျေးရွာထဲမှာလည်း ဆရာမ ရှိတယ်။ အဲဒါက နီးနီးလေးပါ။ ကျွန်တော်တို့ဆီကတော့ ဆေးဝါးထောက်ပံ့ပေးလို့ ရှိပါတယ်” ဟု ဒေါက်တာ သန်းထွန်းဦးက ဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ရှောင်စခန်းတွင်လည်း သောက်သုံးရေအခက်အခဲဖြစ်နေပြီး မသန့်ရှင်းသည့်ရေများကို သောက်သုံးနေရ၍ စစ်ရှောင်များ နာမကျန်းဖြစ်လာကြမည်ကို စိုးရိမ်နေကြသည်။

စစ်ဘေးရှောင်စခန်းအနီးရှိ ရေဖြူကန်ကျေးရွာရေကန်မှ သောက်သုံးရေများ အသုံးပြုခွင့်ရခဲ့သော်လည်း ယမန်နှစ်  သြဂုတ်လအတွင်းမှ စတင်ကာ အဆိုပါရေကန်မှ ရေအသုံးပြုခွင့်မရတော့၍ နာရီဝက်ခန့် လမ်းလျှောက်ရသည့် ရေပေါက်ချောင်းကျေးရွာရေကန်မှ ခပ်သုံးနေရကြောင်း စစ်ရှောင်များထံမှ သိရသည်။

စခန်းတာဝန်ခံ ဦးသန်းဌေးက ၎င်းတို့ထံတွင် ရေအရင်းအမြစ် လိုအပ်နေသည်ဟု ပြောသည်။

“ရေဖြူကန်ကျေးရွာရေကန်က ကျွန်‌တော်တို့ရေမခပ်ရတော့ဘူးဆိုတော့ အခုရေပေါက်ချောင်းရွာကန်၊ တောင်ပေါက်ရေကန်တွေကနေသွား ခပ်နေရတယ်” ဟု ဦးသန်းဌေးက ပြောသည်။

“ရေပေါက်ချောင်းကန်ကဆိုလည်း ရေကမသန့်ရှင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ နွားဆိုလည်း ဆင်းသောက်၊ ကျွဲဆိုလည်းဆင်းသောက်၊ နောက် ပြီးတော့ အလေးအပေါ့ဆိုလည်း ပါနေကြတာဆိုတော့ အဲဒီရေကို (သောက်သုံးရေ) သုံးနေရတယ်” 

ရေဖြူကန်ကျေးရွာသားများမှာလည်း နှစ်စဉ်နှစ်တိုင်း ရေရှားသည့်ပြဿနာဖြင့် ရင်ဆိုင်ရလေ့ရှိသော ကြောင့် အဆိုပါရေကန်ကို ဒုက္ခသည်များ အသုံးပြုခွင့်မရခြင်းဖြစ်သည်။

“အခုလက်ရှိသုံးနေရတဲ့ ရေပေါင်းချောင်းကန်ကလည်း ဒီလကုန်နောက်လဝက်လောက်ဆိုရေက ခမ်းတော့မှာ။ အဲဒီကန်ကသေးတော့ ရေမခံဘူး။ ဆိုတော့အဲဒီရေကုန်သွားရင် ကျွန်တော်တို့မှာရေနဲ့ အရမ်းအခက်အခဲကြုံ တွေ့လာရမှာပါ” ဟု ဦးသန်းဌေးက ပြောသည်။

“ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒီပုဏ္ဏားကျွန်းမြို့ မီးသတ်အဖွဲ့က တစ်လမှာ ကားနဲ့နှစ်စီးစီ လာပြီးပို့ပေးပါတယ်” 

စက်မှုဇုန်ဒုက္ခသည်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနှင့် သာစည်ကျေးရွာသားများက အများစု ခိုလှုံနေကြခြင်းဖြစ်ပြီး အိမ် ထောင်စု ၁၇၀ စု၊ လူဦးရေ ၆၅၈ ဦးရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ဒီဇင်ဘာမှ စတင်ကာ ၂၀၂၀ နိုဝင်ဘာလဆန်းထိ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အ ထူးသဖြင့် မြောက်ပိုင်းတွင် ဒေသခံနှစ်သိန်းကျော် နေရပ်စွန့်ခွာကာ ထွက်ပြေးခဲ့ကြရသည်။ 

အပစ်ရပ်တန့်ပြီးနောက် အနည်းစုက နေရပ်ပြန်ခဲ့ကြသော်လည်း အများစုက မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီး အန္တရာယ်၊ ကျေး ရွာများအနီး တပ်စခန်းများ ရှိနေသေးခြင်း၊ ရွာပြန်လည်ထူထောင်ရန် ခက်ခဲနေခြင်းတို့ကြောင့်  စစ်ရှောင်စခန်းများတွင် ခက်ခဲစွာနေထိုင်နေကြရသည်။ 

ရခိုင်မြောက်ပိုင်းတွင် စခန်း ၂၀၀ ကျော်ရှိပြီး ဒုက္ခသည် ၉ သောင်းကျော်ထက်မနည်း ရှိနေသေးကြောင်း စစ်ပြေးဒုက္ခသည်များအရေး ဆောင် ရွက်ပေးနေသည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ မှတ်တမ်း သိရသည်။ 

နှစ်ဖက် နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း ဒေသတွင်း စစ်တပ်၏ နယ်မြေကျော်လွန်မှုများကြောင့် AA နှင့် ယမန်နှစ် ဒီဇင်ဘာမှ ယခုနှစ် ဆန်းအထိ စစ်ရေးအခြေအနေ တင်းမာနေသည်။  myanmar now

မတူပီတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀၀ ဖြင့် စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်

ချင်းပြည်နယ်၊ မင်းတပ်မြို့ကထွက်ခွာလာတဲ့ အင်အား ၅၀၀ ကျော်ရှိတဲ့ စစ်ကောင်စီလမ်းကြောင်းဟာ မတူပီမြို့ ကို ရောက်ရှိနေပြီး စစ် ကြောင်းထိုးဖို့  ပြင်ဆင်နေတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။

မုံရွာခရိုင်မှာ စစ်သားတွေဟာ ခရီးသွားပြည်သူတွေရဲ့ ကားတွေကို တားဆီးပြီး အင်အားဖြန့်တဲ့ နည်းလမ်းကို အသုံးပြုနေတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။ 

စစ်ကောင်စီယာဉ် အစီး ၉၀ နဲ့ တပ်သားအင်အား ၅၀၀ ကျော်ပါတဲ့ ယာဉ်တန်းဟာ ဇန်နဝါရီ ၂၀ ရက်၊ ညနေပိုင်းက မတူပီမြို့ကို ရောက်ရှိလာပြီး တပ်စွဲထားတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။ 

လတ်တလော တိုက်ပွဲတွေ မဖြစ်သေးပေမယ့် စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီး CDF တွေဘက်ကလည်း စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်မြို့ကနေ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက စတင်ထွက်ခွာခဲ့တာဖြစ်ပြီး လာရာလမ်းတစ်လျှောက်မှာလည်း နင်းမိုင်းတွေ ထောင်ခဲ့တယ်လို့ ဒေသခံ CDF တွေက ပြောပါတယ်။ 

ဇန်နဝါရီလဆန်းကစပြီး စစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနဲ့ တောင်ပိုင်း မတူပီဗျူဟာတို့ရဲ့ နေရာ ၅ ခုမှာ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မတူပီ CDF တာဝန်ရှိသူတစ်ဦးက “ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာတော့ စစ်ကောင်စီတပ်တွေဟာ တရွာဝင်တရွာထွက် အကြမ်းဖက်မှုတွေပြုလုပ်နေပါတယ်။ နေအိမ်တွေကိုမီးရှို့တာ၊ ကွမ်းခြံနဲ့ စိုက်ခင်းတွေကို ဖျက်ဆီးတာတွေအပြင် အကြမ်းဖက်ဖမ်းဆီး ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေပါတယ်။ စစ်ကောင်စီက တပ်သားအင်အားမလုံလောက်တဲ့အတွက် ပျူစောထီးတွေကို စစ်သင်တန်းပေးနေပြီး ပြည်သူချင်းရန်တိုက်ပေးနေတယ်လို့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ဖီးနစ်က ပြောပါတယ်။ စစ်ကောင်စီက စစ်ယာဉ်တန်းနဲ့ အင်အားဖြန့်ရင် မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ကုန်ကားတွေနဲ့ခရီးသွားပြည်သူတွေရဲ့ကားတွေကိုတားဆီးပြီးအင် အားဖြန့်နေပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ကြားဖြတ်တိုက်ခိုက်ဖို့ခက်ခဲနေတဲ့အတွက် မုံရွာခရိုင်ထဲကပြည်သူတွေအနေနဲ့ အရေးတကြီးကိစ္စမရှိရင် ခရီးမသွားကြဖို့ ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ဖီးနစ်က ပြောပါတယ်။

“ပြည်သူတွေရှိနေတဲ့အတွက် ကုန်ကားပဲဖြစ်ဖြစ် ခရီးသွားကားပဲဖြစ်ဖြစ် ပြည်သူကားနဲ့ ကပ်လိုက်တာမျိုး ရှိလာတယ်။ နောက်တစ်ချက်က ပြည်သူ့ကားပုံစံမျိုးလုပ်လာတာရှိတယ်။ သာမန်ရက်မဟုတ်တဲ့အချိန်တွေမှာ သူတို့ထွက်လာတာတွေများတာကို ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေရှိနေလို့။ ပြည်သူတွေအနေနဲ့လည်း ဒီကောင်တွေဘယ်လိုထွက်လာလဲဆိုတာကို ကျွန်တော်တို့ဆီသတင်းပို့ပါ။ ကျွန်တော်တို့ ဒီကောင်တွေကို ကြိတ်ဖို့ ပွိုင့်တွေတင်တယ်ဆိုလို့ရှိရင် ချက်ချင်းတင် ချက်ချင်းဆင်းသွားတာမျိုးလုပ်လို့မရဘူးဗျ။ နောက်တစ်ချက်က ပြည်သူတွေက ဒီလိုသွားနေတဲ့အတွက် သူတို့က ဒီဟာကိုအကာအကွယ်ယူပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်ရေးပစ္စည်းတွေကို ပြန်ဖော်တာတွေ ပြန်သိမ်းတာတွေရှိနေတယ်။ ကျွန်တော်တို့ ဝယ်ရခြမ်းရတာလည်းမလွယ်သလို ပြည်သူ့နားထဲမှာ အုန်းကနဲတစ်ချက်ကြားရဖို့ဆိုရင် အရင်ဆုံးကျနော်တို့ ရဲဘော်အသက်ကိုရင်းရတယ်။ လုပ်ရင်းကိုင်ရင်းနဲ့တစ်ခုခုဖြစ်သွားနိုင်တယ်။ နောက်တစ်ချက်က ငွေကြေးပေါ့။ တစ်လုံးကို ၁သိန်းလောက်ရှိတယ်။” 

စစ်ကိုင်းတိုင်းအတွင်းက PDF တွေရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာ အဓိပ္ပါယ်မရှိတဲ့ ပြောဆိုချက်ဖြစ်ပြီး စစ်ကောင်စီကသာ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုတာ ပြည်သူအားလုံးအသိဖြစ်တယ်လို့ ပြည် သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက တုံ့ပြန်ပါတယ်။  

စစ်ကိုင်းတိုင်းမှာ မေလကတည်းက စစ်ကောင်စီက အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ပြီး PDF တွေ က ခုခံတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီဘက်က တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လေ့မရှိခဲ့ပါဘူး။

အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ဖြတ် ၄ ဖြတ်စနစ်ကို ကျင့်သုံးနေပြီး နယ်မြေ ထိန်းချုပ်ဖို့အတွက် နည်းလမ်းစုံကို အသုံးပြုနေတာဖြစ်ပါတယ်။  DVB

မင်းကင်းတွင် NLD ထောက်ခံသူတို့၏ အိမ် ၆ လုံး မွှေနှောက်ဖျက်ဆီးခံရ 

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကံစံပြကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၂၂) က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူများ၏နေအိမ် ၆ လုံးနှင့် အစိုးရ ဆေးပေးခန်းတို့ကို ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများ၊ ငွေကြေးနှင့် ဆိုင်ကယ်များကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

စုစုပေါင်း အင်အား ၃၀ ခန့်ပါ စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးတို့က စစ်ကား၊ ဆိုင်ကယ်များဖြင့် ရွာဘက် ဦးတည်လာနေသည်ဟု ကြိုတင်သတင်းရ၍ မွန်းလွဲပိုင်းတွင် ထိုရွာမှ NLD ပါတီ ထောက်ခံသူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ 

မင်းကင်းမြို့မှ ၃ မိုင်အကွာ အိမ်ခြေ ၄၀၀ ရှိ အဆိုပါရွာအတွင်းရှိ နေအိမ် ၆ လုံးကို ညနေ ၄ နာရီခန့်တွင် မွှေနှောက်ရှာဖွေပြီး အိမ်တွင်းမှ ပစ္စည်းနှင့် ငွေကြေးများ၊ ဆိုင်ကယ်များကို ယူဆောင်သွားခြင်းဖြစ်ကြောင်း နေအိမ်ရှာဖွေခံရသူ ကံစံပြကျေးရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

“NLD အမာခံတွေ၊ ထောက်ခံသူတွေရဲ့အိမ်တွေ၊ PDF ထောက်ပံ့သူတွေလို့ ထင်တဲ့သူတွေရဲ့အိမ်တွေကို တံခါးတွေကန်ချိုးပြီး ဝင်တယ်။ ပိုက်ဆံတွေ၊ သူတို့အသုံးကျမဲ့ပစ္စည်းတွေ ယူသွားတယ်၊ ဆိုင်ကယ်တွေဆို ဒီအတိုင်း ပေါ်တင်မောင်းယူသွားတယ်”ဟု ယင်းအမျိုးသားက ပြောသည်။

တစ်ဦးတစ်ယောက်မှ ဖမ်းဆီးခံရခြင်းမရှိခဲ့ကြောင်းသိရသည်။

စစ်သားများက ၎င်းတို့အထဲမှတစ်ဦး နေမကောင်းဖြစ်သည့်အတွက် ဆေးကုလိုကြောင်းပြောဆိုကာ ဆေးခန်းတံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ဆေးပေးခန်းအတွင်းမှ ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ကျန်နေခဲ့သည့် ရွာသားများကို ကိုးကား၍ ထိုအမျိုးသားက ပြောသည်။

“ဆေးခန်းသုံးဖို့ အစိုးရက ချပေးထားတဲ့ ပစ္စည်းတွေ၊ တက်ဘလက်၊ နာရီ၊ ပါဝါဘဏ်၊ ဖုန်းနှစ်လုံး၊ ကွန်ပျူတာက ပစ္စည်းတွေ၊ လျှပ်စစ်စက်ဘီးမှ ဘတ္ထရီအိုး၊ လည်သာကုတ်အင်္ကျီတောင် ယူသွားတာ”ဟု သူက ပြောသည်။

“ရွာကိုလည်း ဆဲဆိုခြိမ်းခြောက်ပြီးတော့ ပြန်လာမယ်လည်းပြောသွားတော့ ကျွန်တော်တို့ကတော့ ရှောင်နေရသေးတယ်”

ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်သားများနှင့်ပျူစောထီးများ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။ 

ရွာသို့ရောက်လာသည့် စစ်တပ်နှင့်ပျူစောထီးတို့၏လုပ်ရပ်အကြောင်း ဒေသခံတို့၏ပြောဆိုချက်နှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် မေးမြန်းလိုသော်လည်း မင်းကင်းမြို့မရဲစခန်းနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ မွှေနှောက်ခြင်းမပြုသည်မှာ ကြာပြီဖြစ်ပြီး ယမန်နေ့ကစပြီး ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မင်းကင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။  myanmar now

မုံရွာမြို့တွင် ဒလန်ဆိုသူကို လုံခြုံရေးယူပေးထားသည့် ရဲ ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်နေ ဒလန်ဟု နာမည်ကြီး‌နေသူကို လုံခြုံရေးယူပေးနေသည့် ရဲတစ်ဦးအား မြို့ပြပြောက်ကျား မဟာ မိတ်ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၂ရက် နံနက် ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ထိုရဲ နှင့် ဒလန်ဆိုသူတို့ လမ်းလျှောက်လာစဉ် သေနတ်ပါသည့် ရဲအား ဦးစွာ အနီးကပ် ပစ်ခတ်ခဲ့ပြီးနောက် ဒလန်အား ပစ်ခတ်စဉ် သေနတ် ဂျမ်း(ခေတ္တ သုံးမရ ) ဖြစ်သွားသည့်အတွက် ဆက်လက်မပစ်ခတ်နိုင်‌ေတာ့ဘဲ လုံခြုံရေးအရ ဆုတ်ခွာလာခဲ့ရကြောင်း၊ မြို့ပြပြောက်ကျား မဟာမိတ်ပူးပေါင်းအဖွဲ့နှစ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Monywa Nightking အဖွဲ့က တာ၀န်ရှိသူ Blackie ကဆိုသည်။

“နေလမိုး က ပြည်သူတွေကို ဒုက္ခပေးဖို့ မုံရွာကိုပြန်ရောက်နေတာ ဖြစ်တယ်ဗျ။ အခုအချိန်မှာ သူက မြို့ပြရဲဘော် ပြောက်ကျားတွေကို နေတဲ့အိမ်တွေ လမ်းပေါ်မှာတွေ ဖမ်းဆီးဒုက္ခပေးနေတာပါ” ဟု Monywa Nightking အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒလန်ဟု နာမည် ကြီးနေသူ အသက် ၃၀ကျော်ခန့်အရွယ် ကိုနေလမိုးသည် အလုပ်အကိုင်အတည်တကျ မရှိသူဖြစ်ကြောင်း၊ ၎င်းသည် ပြည်သူများ၏ ဖမ်းဆီးမှုကို ခံရပြီး နဖူးတွင် “ဒလန်” ဟု စာတမ်းရေး ထိုး၍ ရပ်ကွက်မှ နှင်ထုတ်ခံခဲ့ရဖူးကြောင်း၊ ယခု ပြန်လည်ရောက်ရှိလာကာ ရဲ ဝန်ထမ်း လုံခြုံရေး အစောင့်အရှောက်နှင့် နေထိုင်သူဖြစ်ကြောင်း သိရသည်။ မြို့ပြပြောက်ကျားတပ်ဖွဲ့များ အနေဖြင့် ဒလန်များရှင်းလင်းရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။mizzima

« Older Entries Recent Entries »