Monthly Archives: Jan 2022

မိုင်းမတော်တဆကြောင့် သေဆုံးရသည့် ချင်းတော်လှန်ရေးရဲဘော် ၁၀ ဦးကျော်ရှိလာ

ချင်းပြည်နယ်၌ မိုင်းမတော်တဆမှုကြောင့် သေဆုံးရသည့် တော်လှန်ရေး ရဲဘော် အရေအတွက် ၁၀ ဦး ကျော် ရှိလာပြီ ဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာ အနီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော မိုင်းမတော်တဆမှုကြောင့် PDF-Zoland မှ အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုးနှင့် ချင်းအမျိုးသားတပ်မတော် (CAN) မှ ဆလိုင်း ကျူံးလျန်ဆန်တို့ ကျဆုံးခဲ့သည်။ စစ်တပ်က ရဟတ်ယာဉ်နှင့် လာရောက် ပစ်ခတ်မှုများအပြီး ၎င်းတို့ ထောင်ထားသော မိုင်းကို ပြန်လည် သွားစစ်ကြည့်ရာ မှ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပြီး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

အလားတူ CDF-Mindat အဖွဲ့တွင်လည်း မိုင်းမတော်တဆမှု များကြောင့် ငါးဦး သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်။ ထို့အပြင် CNA တပ်ဖွဲ့မှ မိုင်းဆရာ တပ်ကြပ် ဆလိုင်းဗန်ဆွေလျန်သည်လည်း ဇန်နဝါရီလ ၁၂ ရက် နေ့တွင် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ကွယ် လွန်ခဲ့ပြီး တခြားရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကလည်း CDF-Matupi မိုင်းဌာနမှ ရဲဘော်ဆလိုင်းပါအွမ် (Salai Pa Awm ) သည် ဖောက်ခွဲရေးမိုင်း စမ်းသပ်ရင်း မိုင်းမတော်တဆမှုကြောင့် ထိခိုက် ကျဆုံးခဲ့သည်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် လက်နက်အင်အား မမျှသဖြင့် CAN တပ်နှင့် အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များက မိုင်းထောင်ခြင်း၊ မိုင်းဆွဲခြင်းနှင့် ချုံခို တိုက်ခိုက်နည်းများ ကိုသာ အဓိကထား အသုံးပြုပြီး တိုက်ခိုက်နေသည်။ mizzima

၃ လနှင့်အထက် မီတာခမပေးပါက မီတာဖြုတ်သိမ်း အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ၃ လနဲ့အထက် မီတာခမပေးဘူးဆိုရင်  မီတာကိုပါဖြုတ်သိမ်းခံရမယ့်အပြင်  အရေးယူခံရဦးမယ်လို့ ရန်ကုန်လျှပ်စစ်ရုံးတချို့က ကြေညာပါတယ်။

အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့  ပြည်သူတွေက မီတာခမပေးဆောင်ဘဲနေကြတာကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင် စီက လျှပ်စစ်မီးတွေဖြတ်နေချိန်မှာ အခုလို ထပ်ပြီး ခြိမ်းခြောက်လိုက်တာပါ။

၃ လနဲ့အထက် ဓာတ်အားခမပေးဘူးဆိုရင် ဓာတ်အားဖြတ်တောက်တာခံရမယ့်အပြင် လုပ်ထုံးလုပ်နည်းနဲ့အညီ တပ်ဆင်မီတာကို ဖြုတ်သိမ်းခံရမယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နဲ့ တာမွေမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေကနေ ကြေညာထားတာပါ။

သူတို့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြို့နယ်နာမည်ကို ကွက်လပ်ထဲ ဖြည့်ရတာဖြစ်လို့ ရန်ကုန်တတိုင်းလုံးမှာ အခုလို ကြေညာဖို့ စီစဉ်ထားတာလည်းဖြစ်နိုင်ပါတယ်။

မီတာခတွေကို အွန်လိုင်းကနေ ပေးဆောင်ကြပေမဲ့ ကြွေးကျန်စာရင်း ပေါ်နေတယ်လို့ မီးသုံးစွဲသူတချို့က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တနိုင်ငံလုံးကို နေ့စဉ်ရက်ဆက် မီးဖြတ်နေပြီး တချို့ မြို့နယ်ဒေသတွေမှာတော့ တရက်ကို ၂ ကြိမ်၊ ၆ နာရီဝန်းကျင်လောက် မီးဖြတ်ခံနေရတာပါ။ DVB

စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်‌မြေစက်ရုံအနီး ဗုံးကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာရှိ စစ်တပ်ပိုင် တန် ၄၀၀၀ ဘိလပ်‌မြေစက်ရုံအရှေ့က ဓာတ်အားပေးအဆောက်အအုံမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီလောက်က   ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ပိုင် တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ‌ကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ KV ဓာတ်အားလိုင်း Transformer အဆောက်အအုံထဲမှာ  ဗုံးတစ်လုံးပေါက်ကွဲခဲ့တာပါ။

မြိုင်ကလေးကျေးရွာဒေသခံတစ်ဦးက “ ဗုံးကွဲတာတော့ ဟုတ်တယ်။  ဖုန်းနဲ့ ချိန်ကိုက်ပြီး ခွဲခံရတာလို့တော့ စက်ရုံမှာလုပ်နေတဲ့ ဝန်ထမ်းတွေဆီက ကြားတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ အဆောက်အအုံနဲ့ အမိုးတွေတော့ ပျက်စီးသွားတယ်”လို့ ဆိုပါတယ်။

အဆိုပါ Transformer ကနေ  တန် ၉၀၀ ဘိလပ်မြေစက်ရုံကိုပါ ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး  ဘိလပ်မြေစက်ရုံ ၂ ရုံလုံးဟာ စစ်ကောင် စီအတွက် ဝင်ငွေရှာပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်လို့  စက်ရုံအငြိမ်းစား အရာရှိတစ်ဦက ပြောပါတယ်။

တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကို ၁၉၉၆ ခုနှစ်မှာတည်ဆောက်တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ သဘာဝဓာတ်ငွေ့နဲ့ စတင်လည်ပတ်ခဲ့ရာက ၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးနဲ့ လည်ပတ်ဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြားက ကျောက်မီးသွေးနဲ့ လည်ပတ်ခဲ့ရာ စက် ရုံအနီးတဝိုက်ကကျေးရွာတွေမှာ သောက်သုံးရေတွေမည်းပြီး ရေထုညစ်ညမ်းခဲ့ပါတယ်။

အဆိုပါ တန် ၄၀၀၀ နဲ့ တန် ၉၀၀ ဘိလပ်မြေစက်ရုံတွေ စတင်တည်ဆောက်စဉ်က ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင် လယ်ယာ၊ ဥယျာဉ်ခြံမြေတွေနဲ့ နေအိမ်တွေကို မတရားသိမ်းယူ ဖယ်ရှားခဲ့တဲ့အပြင် ကန့်ကွက်ခဲ့တဲ့သူတွေကို တရားစွဲဆိုခဲ့တဲ့အတွက် ဘားအံအကျဉ်းထောင်မှာ  ဒေသ ခံတွေ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ DVB

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၇၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ဇန်နဝါရီ ၂၃ ရက် တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၃၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ မကွေးတိုင်းမှာ ၁ ကြိမ်၊ တနင်္သာ ရီတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ၂ ကြိမ်စီနဲ့ စစ် ကိုင်းတိုင်းမှာ ၁၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ DVB

မြန်မာခရီးစဉ်အပေါ် ဝေဖန်သူများကို ဟွန်ဆန် ပြန်လည် ခွန်းတုံ့ပြန်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဝေဖန်ပြောဆိုခဲ့ကြသူများကို မကျေမနပ်ဖြစ်လျက်ရှိပြီး ယခုအခါ ပြန်လည် ခွန်းတုံ့ပြန် ဝေဖန်ပြောဆိုသွားခဲ့သည်။

၎င်း မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်သည် “မြန်မာ့အရေး ဖြေရှင်းရေး အသီးအပွင့်ရလဒ်များလိုချင်၍ အပင်စိုက်ခဲ့သည့် သဘောဖြစ်” ကြောင်း ဟွန်ဆန်က ပြောဆိုခဲ့သည်။ ယင်းသည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဝေဖန်ပြစ်တင်သူများကို ဟွန်ဆန်ဘက်က တုံ့ပြန်ပြောဆိုမှုတစ်ခုအဖြစ် ပေါ်လွင်ထင်ရှားနေသည်။

မြန်မာခရီးစဉ်အပေါ် ဝေဖန်သူများမှာ “ခုတစ်ရက်၊ နှစ်ရက်အတွင်းကမှ စိုက်ထားသည့် အပင်တစ်ပင်ကနေ ခုချက်ချင်း ၎င်းတို့အတွက် အသီးအပွင့်များ ရလာလိမ့်မည်ဟု ထင်နေကြသူများ” သာ ဖြစ်ကြောင်း ဟွန်ဆန်က ဖေ့ဘွတ်ခ်ပို့တစ်ခုတွင် ခိုင်းနှိုင်းထုတ်ဖော်ခဲ့သည်။

ဟွန်ဆန်သည် ဇန်နဝါရီ ၂၁ ရက်က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ နှင့် ၃၅ မိနစ်ကြာ ဖုန်းခေါ်ဆိုပြီး မြန်မာ့အရေး ဆွေးနွေးပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် ၎င်းအပေါ် ဝေဖန်သူများကို မကျေမနပ်ဖြစ်နေပြီး အထူးသဖြင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို ကွက်ပြီး ရွေးထုတ်သွားခဲ့သည်။ ဟွန်ဆန်အနေဖြင့် မြန်မာခရီးစဉ် မသွားခင် အခြားအာဆီယံနိုင်ငံများနှင့် အရင်တိုင်ပင်ခဲ့သင့်ကြောင်း ဆိုင်ဖူဒင်က မကြာသေးခင်က ပြောဆိုထားခဲ့သည်။

ဂျိုကိုဝီနှင့် တွေ့ဆုံခဲ့စဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ သတင်းစကား တဆင့်ပါးပေးရန် ဟွန်ဆန်က အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီကို တောင်းဆိုခဲ့သည်ဟု သိရသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကားများက အာဆီယံမူဘောင်အတွင်း ကိစ္စရပ်များကို လုပ်ဆောင်ရန် မှန်ကန်သည့် လမ်းကြောင်း မဖြစ်ခဲ့ဟု ဟွန်ဆန်က သတင်းစကား ပါးခဲ့ခြင်းဖြစ်သည်။

“အာဆီယံခေါင်းဆောင်တွေ၊ အထူးသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအပေါ် ဒီလိုမျိုး မသင့်လျော်တဲ့ စကားတွေ ပြောပြီး ဒီလို ပမာမခန့် စော်ကားမှုမျိုးကို ဆိုင်ဖူဒင်ဘက်က လုပ်ဆောင်တာကို ခွင့်မပြုလိုက်ပါနဲ့၊ ဒါက သံတမန်တွေအတွက် သင့်တော်တဲ့ စကားအသုံးအနှုန်းမျိုး မဟုတ်ပါဘူး” ဟု ဟွန်ဆန်က ပြောခဲ့သည်။

ထို့ပြင် အချိန်တိုတောင်းခဲ့သော်လည်း ၎င်း၏ ခရီးစဉ်က ဥပမာအားဖြင့် “အကြမ်းဖက်မှု ရပ်တန့်မှု” နှင့် “အပစ်ရပ်မှု သက်တမ်းတိုးမှု” ကဲ့သို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်ရလဒ်တစ်ချို့ကို တိုက်ရိုက်နှင့် သွယ်ဝိုက် ရရှိထားခဲ့ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ခြင်းက အဓိကဦးစားပေးကိစ္စတစ်ခုဖြစ်သည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဟွန်ဆန်နှင့် ဆွေးနွေးစဉ် အလေးပေး ပြောခဲ့သည်။

ထို့ပြင် ရှေ့တွင် ကျင်းပရန် ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာရေး တွန်းအားပေးလုပ်ဆောင်သွားရန် ဂျိုကိုဝီ နှင့် ဟွန်ဆန်တို့ သဘောတူခဲ့ကြောင်း သိရသည်။ mizzima

ပွဲစား ပစ်ထားခဲ့သည့် မြန်မာများ ထိုင်းစစ်တပ်ကိုရှောင်ပြေးစဉ် အမျိုးသမီး ၁ ဦး တောင်ပေါ်မှ လိမ့်ကျ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ ပွဲစားက တောထဲလာပစ်ထားတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ  ထိုင်းစစ်သားကိုမြင်လို့ ကစဉ့်ကလျားထွက်ပြေးကြရာမှာ အမျိုးသမီး တယောက် တောင်ပေါ်ကနေလိမ့်ကျပြီး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့ခင်းပိုင်းက  အမှတ် ၃၅ ခြေမြန်တပ်ရင်းလက်အောက်ခံ ထိုင်းရဲ တပ်ဖွဲ့တွေဟာ နယ်စပ်လုံခြုံရေးနဲ့ ဥပဒေချိုးဖောက်မှုတွေ ကင်းလှည့်စစ်ဆေးစဉ် မယ်လမတ်မြို့ နယ် ဖရထတ်ကျေးရွာအုပ်စု ခွန်ဟွေ့နုတ်လဲရွာအနီးရှိ တောင်ခြေတောစပ်ထဲမှာ မသင်္ကာဖွယ်လူ တချို့တွေ့လို့ စစ်ဆေးဖို့သွားရောက်ခဲ့ကြောင်း၊  တာဝန်ရှိသူတွေကိုတွေ့တော့ အဆိုပါ လူတွေက ကစဉ့်ကလျားထွက်ပြေးခဲ့ကြတယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အစပိုင်းမှာ သုံးယောက်ကို အရင်ဖမ်းမိပြီး နောက်ကျေးရွာလုံခြုံရေးအဖွဲ့တွေဆီ အင်အားဖြည့် အကူအညီတောင်းပြီး လူစုခွဲလိုက်ဖမ်းရာက ကျား ၁၄ ယောက်  မ ၁၁ ယောက်ကို ဖမ်းမိခဲ့ကြောင်း၊ အဲဒီထဲက အမျိုးသမီး တယောက်က ပြေးရင်းလွှားရင်းနဲ့ တောင်ပေါ်ကနေ လိမ့်ကျပြီး နာကျင်စွာအော်ဟစ်အကူအညီ တောင်းနေကြောင်း၊ သူ့မှာ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာရကာ လမ်းမလျှောက်နိုင်တာကြောင့် စစ် တပ်က သူ့ကိုထမ်းလာခဲ့ရကြောင်း၊ အချိန် ၁ နာရီကျော် တောင်တက်တောင်ဆင်းပြီးမှ  ဆေးရုံကိုပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံး မြန်မာပြည်ကဖြစ်ပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ဘတ် ၂ သောင်း မှ ၂ သောင်းခွဲအ ထိ ပေးခဲ့ရကာ ပွဲစားက တောထဲလာပစ်ထားစဉ် အဖမ်းခံခဲ့ရတာလို့ဆိုပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ် လုံခြုံမရှိတာ၊ စားဝတ်နေရေးခက်ခဲလာတာတွေကြောင့် ထိုင်းနိုင်ငံထဲ နေ့စဉ် တရားမဝင် ဝင်ရောက်နေကြပြီး အဖမ်းဆီးခံရတာ၊ စစ်ဆေးရေးတွေ တိမ်းရှောင်ရင်း မတော်တဆထိခိုက်တာတွေ ကြုံနေကြရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်မှာ တရားမဝင်မြန်မာတွေတင်ဆောင်လာတဲ့ ဟိုင်းလပ်ကား ၁ စီး ၁၀ ဘီးကားနဲ့တိုက်မိပြီး ၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာပြင်းစွာရကာ ထိုင်းယာဉ်မောင်းသမားမှာလည်း ယာဉ်တိုက်မှု၊ တရားမဝင်နိုင်ငံခြားသား တင်ဆောင်မှုတွေနဲ့ အဖမ်းခံထားရပါတယ်။

ကန်ကျနပူရီခရိုင်ထဲမှာဆိုရင် ဇန်နဝါရီ ၂၂ – ၂၃ ထိ မြို့နယ် ၂ ခု ကျေးရွာအုပ်စု ၅ ခုထဲကနေ ဖမ်းဆီးခံရတဲ့ တရားမဝင်မြန်မာ ၁၀၇ ဦး (ကျား ၆၆၊ မ ၄၁) ရှိကြောင်း၊ သူတို့တွေဟာ ဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ထားဝယ် စတဲ့ဒေသကဖြစ်ပြီး ပွဲစားကို ၁ ဦးလျှင် ဘတ် ၁ သောင်းမှ ၂၇၀၀၀ ထိ ပေးခဲ့ရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင် ကော်လတ်မြို့နယ် မခမ်ဖုန်းအုပ်စုထဲမှာလည်း ၂၃ ရက်မနက်စောစောက တရားမဝင် ဝင်လာတဲ့ မြန် မာ ၁၆ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းစစ်တပ်ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ DVB

စစ်ကောင်စီတပ်များ ရေဦးမြို့နယ်၊ တမာတောရွာအနီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား၊ အရာတော်တွင်လည်း စစ်ကား ၂စီး မိုင်းဆွဲခံရပြီး ပျူစောထီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦး-တမာတော- ကံထူးမ လမ်းအနီးတစ်ဝိုက်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုးဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောကြားသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရေဦး PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်ခန့်က မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကျအဆုံးများနိုင်ပြီး သေဆုံး စာရင်း အတိအကျကို မသိရှိရသေးပေ။မိုင်းဆွဲတိုက်ခိုက်ခံရသည့် အ ကြမ်းဖက် စစ်ကောင်စီဝင်များ လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်နေ၍ အနီးအနားကျေးရွာရှိ ဒေသခံများ ပုန်းရှောင်နေကြရပြီး ပေကြီးရွာရှိ နေအိမ် ၂လုံးကိုလည်း အကြမ်းမဲ့ ဖျက်ဆီး ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။အလားတူ ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် ၆နာရီ ဝန်ကျင်းတွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အောင်သာကုန်းကျေးရွာမှ ဖောကား ၂စီးဖြင့် အရှေ့ထွက်လာသော စစ်ယာဉ်တန်းကို ကျောက် စရစ်ကန်ရွာနှင့် ဝါရောင်း ကျေးရွာ အကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အရာတော်မြို့နယ်အောင်သာကုန်းကျေးရွာမှ ထွက်ခွာလာသော စစ်သားနှင့်ပျူစောထီးများ ပါသည့် ဖောကား၂စီးအနက် ရှေ့ကားအား ဝါရောင်းကျေးရွာ အနောက်ဘက်တွင် ပဒေသာမိုင်း ၄-လုံးဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ဝါးနှစ်ပြန်လောက်အကွာတွင် ကားထိုးရပ်သွားခဲ့ကြောင်း၊ စစ်သားများက ထိုနေရာမှ သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ပျူစောထီးများက မိုင်းဆွဲခံရသော ကားကို အနောက်မှာ ပါလာသောကားဖြင့် ချိတ်ဆွဲ၍ ကျောက်စရစ်ကန်ရွာ ဘက်သို့ ပြန်အလာတွင် ပဒေသာမိုင်း၂လုံး တူမီးရှေ့ထွက်လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၊ ပျူစောထီးတစ်ဦး ဒဏ်ရာများဖြင့် ဖမ်းမိသော်လည်း ထွက်ပြေးရန်ကြံစည်သဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ တို့မှဦးဆောင်၍ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင် (၈) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။ khit thit

သီရိမင်္ဂလာစျေး စည်ပင်ရုံးကို ဗုံးခွဲသတိပေး

ရန်ကုန်မြို့ သီရိမင်္ဂလာစျေး စည်ပင်ရုံးကို ဇန်နဝါရီ ၂၃ ရက်နေ့ ညက Dictator Revolt Force(D.R.F) က ဗုံးခွဲသတိပေးခဲ့တယ်လို့ DRF က ထုတ်ပြန်ပါတယ်။

သီရိမင်္ဂလာစျေးသစ် စျေးသူ၊ စျေးသားတွေဆီကနေ ကျပ်သိန်းပေါင်းရာနဲချီ ဓားပြတိုက်သလို အခွန်ကောက်ခဲ့နေတဲ့ စျေးစည်ပင်ရုံးကို ဗုံးခွဲ တိုက်ခိုက်ပြီး နောက်ဆုံးအကြိမ် သတိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်နောင်မှာလည်း စျေးသူစျေးသားတွေဆီကနေ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ အေးဓားပြတိုက်သလို့ မတရားအခွန်ကောက်ခံတာတွေ ပြု လုပ်မယ်ဆိုရင် ဒီထက်ပိုပြီးပြင်းထန်တဲ့ အရေးယူ မှုတွေ လုပ်ဆောင်သွားမယ်လို့ အာဏာရှင်တော်လှန်ရေးတပ်ဦး (DRF) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သီရိမင်္ဂလာစျေးသစ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကိုလည်း မနေ့ ည ၆ နာရီ ခွဲလောက်မှာ DRF တပ် ဦးက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

DRF တပ်ဦးအနေနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရပြီး ကင်းရုံလည်း ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ DVB

« Older Entries