Monthly Archives: Jan 2022

မြိတ်မြို့သို့ ဦးတည်မောင်းနှင်သည့် ဆီဘောက်ဆာ ကားနှင့် စစ်တပ်ယာဉ်တန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ

တနင်္သာရီတိုင်း၊ မြိတ်မြို့သို့ ဦးတည် မောင်းနှင်နေသည့် ဆီဘောက်ဆာကား အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People’s Defence Force မှ ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁ နာရီတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးသွားကြောင်း PPDF အဖွဲ့မှ ထုတ်ပြန်သည်။

အဆိုပါ ဆီဘောက်ဆာကား အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ကား ၂၂ စီးပါ ယာဉ်တန်းသည် ဇန်နဝါရီလ ၂၆ ရက် နံနက် ၁ နာရီခွဲတွင် ထားဝယ်-မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက်ပုဇွန်တောင် အနီး ထားဝယ်-သရက်ချောင်း ဘက်မှ မြိတ်မြို့သို့ မောင်းနှင် လာစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People’s Defence Force ထံမှ သိရသည်။

ပုလော PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက”ပထမတော့ ကျွန်တော်တို့ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ဖို့ စီစဉ်ထားပေမယ့် မြေပြင် အခြေအနေအရ အကြောင်း ကြောင်းကြောင့် အချိန်မရဘဲ ဖြစ်သွားပေမယ့် အပြန် အလှန် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူတို့ဘက်က နှစ်ဦးကျသွားတယ်”ဟု ပြောသည်။ ယင်းသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး သေဆုံးသွားကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People’s Defence Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၂၃ ရက်က ကလိန်အောင် ဘက်မှ ထားဝယ်ဘက်သို့ ဦးတည် မောင်းနှင်လာသည့် ဆီဘောက်ဆာ ကား လေးစီးကိုထားဝယ် PDF အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေဖြူမြို့နယ်တွင် ထိုကားများ ‌‌ေခတ္တရပ်နားခဲ့သည်။ ယင်းနောက် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်သို့ ဆီဘောက်ဆာကား နှစ်စီးနှင့် လုံခြုံရေး ယာဉ် အပါအဝင် ၂၂ စီးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်သည် ဟုဒေသခံထံမှ သိရသည်။mizzima

တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပေါင်း ၃၈၀,၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃၈၀,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကနေ ၂၄ ရက်အထိ ဒေသတွင်း သတင်းအစီရင်ခံစာမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး လက်နက်ကြီးအသုံးပြုတာတွေ၊ လေ ကြောင်းက တိုက်ခိုက်မှုတွေကြောင့်  ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပိုင် အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးရမှု၊ နေရပ် စွန့်ခွာထွက် ပြေးရမှုတွေလည်း ဆက်တိုက်တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၇ ရက်က ရရှိတဲ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀ ယောက်၊ ချင်းပြည်နယ်မှာ ၃၃,၈၀၀ ယောက်၊ မကွေးတိုင်းမှာ ၂၀,၁၀၀ ယောက်အပါအဝင် လူဦးရေ ၁၆၇,၈၀၀ လောက်ဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလလယ်ကတည်းကစပြီး နေအိမ်အလုံးပေါင်း ၁,၈၄၀၊ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် တခြားအရပ်သားပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ကယားပြည်နယ်မှာ ၉၁,၄၀၀၊ ကရင်ပြည်နယ်မှာ ၇၄,၆၀၀၊ ရှမ်းပြည် နယ်တောင်ပိုင်းမှာ ၄၂,၆၀၀၊ မွန်ပြည်နယ်မှာ ၇,၁၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁,၆၀၀ နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၆၀၀ အပါအဝင် လူဦးရေ ၂၁၇,၉၀၀ လောက်ဟာလည်း မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းမှာ တိုက်ပွဲ‌ရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ မတည်ငြိမ်တဲ့ လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့် မရတာတွေကြောင့် လူသားချင်းစာနာမှုလုပ်ငန်း ဆောင် ရွက်သူတွေအနေနဲ့ အကာအ ကွယ်ပေးရေးဆိုင်ရာဝန်ဆောင်မှုနဲ့ အရေးပေါ်အကူအညီတွေကို လိုအပ်နေသူတွေဆီ ပေး အပ်ဖို့လည်း ခဲယဥ်းနေတယ်လို့ ဆိုပါတယ်။

မတရားစစ်အာဏာသိမ်းမှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန် မာ့နွေဦးတော်လှန်ရေးဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာတော့ တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အ ကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက် တင်ဘာ ၇ ရက်မှာ ကြေညာထားခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူ ထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ အကြမ်းဖက် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၉၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၇၃၇ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ DVB

ချောင်းဦးတွင် Non CDM ဗိုလ်ကြီး ကျော်သန့်ဇင်၏ ညီမ တက္ကသိုလ်ကျောင်း သူ ၂ ဦး ကို PDF ထောက်ပံ့မှုဖြင့် စစ်တပ်က ဖမ်းဆီး၊ ပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်ပြီး မိသားစုတွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် Non CDM ဗိုလ်ကြီး ကျော်သန့်ဇင်၏ ညီမ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဗိုလ်ကြီး ကျော်သန့်ဇင်၏ ညီမ ၂ ဦးဖြစ်သည့် မစုစုဇော်နှင့် မသော်သော်ဟန်တို့ ညီအစ်မ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသားသည်။

“၂၄ ရက်‌နေ့က စစ်သားတွေ အိမ်စီးကားတွေနဲ့ လာပြီး ဝင်းတံခါးသော့ရိုက်ဖျက်ပြီး အိမ်ထဲထိ ဝင်ကြည့်ကြတယ်။ အဲ့နေ့က ခရီးသွားကြတာကြုံပြီး မတွေ့ဖြစ်ဘဲ မနေ့ ၂၅ ရက်နေ့ညပိုင်းလောက်မှ ညီအစ်မ နှစ်ယောက်ကို ဖမ်းသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ မစုစုဇော်နှင့် မသော်သော်ဟန်တို့ နှစ်ဦးမှာ တက္ကသိုလ်ကျောင်းတက်နေသူများဖြစ်ကြပြီး PDF များကို ထောက်ပံ့ကူညီနေသည်ဟုဆိုကာ ပုဒ်မ ၅၀ (ည)နှင့် ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။

“သူ့အစ်ကိုလည်း ဒီမနက်မှ သိရပြီး ပက်လက်လန်ရောတဲ့။ သူက သရက်မြို့မှာ ကင်းလှည့်နေတုန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ဒဏ်ရာပြန်သက်သာလာပြီး တာဝန်ပြန်ထမ်းဆောင်နေသူ” ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ နှစ် ဦးမှာ မိသားစုနှင့် တွေ့ခွင့်မရကြောင်း သိရှိရသည်။ khit thit

ပြည်ပကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၈၅၀ ကျော်လျှော့ကျလာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၇၇ သန်းရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ယမန်နှစ်ကာလတူ ကုန်သွယ်မှုပမာဏနဲ့ နှိုင်းယှဉ်ရင် ကန်ဒေါ်လာ သန်းပေါင်း ၈၅၀ ကျော်လျှော့ကျ မှုရှိတာ တွေ့ရပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန်မှ ကန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံနဲ့ သွင်းကုန်မှ ကန်ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ ရှိတာကြောင့် ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၆၇၇ သန်း အသာစီးရရှိထား တယ်လို့  ဒီနေ့ ဇန်နဝါရီ ၂၆ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားတာပါ။

ဒီ့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းဥပဒေပါ မူလလျာထားချက်အရ ပို့ကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၁၆၂၀၀ သန်းနဲ့ သွင်းကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၁၈၅၀၀ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၄၇၀၀ သန်း ရရှိဖို့ ကနဦးလျာထားတဲ့အကြောင်း ရေးသားထားပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကာလမှာ လုပ်ငန်းတွေလည်ပတ်နိုင်မှု တုံ့ဆိုင်းခဲ့တဲ့တာကြောင့် ပို့ကုန်မှ ကန်ဒေါ်လာ ၁၄၀၀၀ သန်း နဲ့ သွင်းကုန်မှ ကန်ဒေါ် လာ ၁၅၀၀၀ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၉၀၀၀ သန်း သို့ပြင်ဆင်လျာထား ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ့နောက် ၂၀၂၀-၂၀၂၁ (ယာယီစာရင်း)အရ ပို့ကုန်ဆောင်ရွက်နိုင်မှုမှ ကန်ဒေါ်လာ ၁၅၃၆၃ သန်း နဲ့ သွင်းကုန်မှ ကန်ဒေါ်လာ ၁၄၆၈၆ သန်း စုစု ပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၀၀၄၉ သန်း ရရှိခဲ့တာကြောင့် ကုန်သွယ်မှု လျာထားချက်အပေါ် ၁၀၃ ရာခိုင်နှုန်းဆောင်ရွက်နိုင်တယ်လို့လည်း သတင်းစာမှာ အကျယ်တဝင့်ရေးထားတာပါ။ 

ဒါနဲ့ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက “အခုကိုဗစ်ကာလမှာ ကျနော်တို့က သွင်းကုန်နည်းတယ်လေနော်။ ဒါကြောင့် ပိုငွေပြနေတာလို့ ကျနော်ယူဆတယ်။ အခု ဒါက ကာလတိုပေါ့။ ဒါပေမယ့် ရေရှည်ဆက်သွားရင် ကျနော်တို့ သွင်းကုန်နည်းတာ ဖြစ်ချင်မှဖြစ်မယ်။ နောက်တခုက စကစရဲ့မူကလည်း သွင်းကုန်တွေကို လျှော့ချဖို့ လုပ်နေတယ်။ ဘာလို့လဲဆို ပိုက်ဆံချွေတာဖို့ပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ်။ ရှေ့လျှောက်မှာ အရင်စစ်တပ်အုပ်ချုပ်တဲ့ခေတ်က ပုံစံမျိုးပေါ့။ ရောင်းကုန်ရှိမှ အဲ့က ရတဲ့ ပိုက်ဆံကို အခြေခံပြီး ပြန်သွင်းဆိုတာမျိုးလေ။ ဆိုတော့ ဒီလိုပုံစံမျိုး သွားမယ်ဆိုရင်တော့ ကုန်သွယ်မှုလိုငွေ မရှိဘူးပေါ့နော်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုမှာ အမြဲတမ်း ပိုငွေပြမယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆို ကျနော်တို့မှာ ရောင်းကုန်က သိပ်ရှိတာ မဟုတ်ဘူးလေ။ ဆိုတော့ ရောင်းကုန်က သိပ်မရှိတဲ့ အတွက် သွင်းကုန်ကသာ အမြဲတမ်းရှိနေတာ။ ဒါကြောင့် ရှေရှည်က ကုန်သွယ်မှုပိုငွေ အမြဲတမ်းရှိဖို့ဆိုတာက မသေချာဘူး” လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း “အခု သူတို့ပြောတဲ့ဟာက ယာယီစာရင်းပေါ့။ ဒီစာရင်းက ဘယ်လောက်အထိ မှန်ကန်သလဲ ဆိုတာ ကျနော်တို့ မသိနိုင်ဘူးနော်။ ဘာလို့လဲဆို အရင် စစ်တပ်အုပ်ချုပ်တဲ့ခေတ်ကလည်း စာရွက်ပေါ်မှာတာ့ စာရင်းတွေက အပြည့်ပဲ။ ဒါပေမဲ့ လက် တွေ့မြေပြင်မှာက တခြားစီပဲ။ ဒါက တချက်ပေါ့။ နောက်တချက်က ပို့ကုန်နဲ့ပတ်သက်လို့ ကျနော်တို့ဆီမှာ များများစားစားပို့နိုင်တာက လယ် ယာထွက်ကုန်ဖြစ်တဲ့ (ဆန်၊ပဲ၊ပြောင်း) နဲ့ ရေထွက်ကုန်ပေါ့။ ဒီကဏ္ဍတွေကလည်း ကိုဗစ်ကြောင့် ထိခိုက်မှု ရှိခဲ့တာကို လူတိုင်းအသိပဲ။ ဒါကို ပြန်လည်ထူထောင်ဖို့ မလုပ်ပဲနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အတွက် တောင်သူတွေလည်း သူတို့အလုပ် သူတို့ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူးနော်။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ ပြဿနာရှိလာနိုင်တယ်လို့” ဆိုပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပို့ကုန်နဲ့ သွင်းကုန် ကဏ္ဍ နှစ်ခုစလုံးက ကာလတူယမန်နှစ်အ ခြေအနေနဲ့နှိုင်းယှဉ်ရင် လျှော့ကျမှု ရှိနေတာတွေ့ရပါတယ်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဇန်နဝါရီ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ ပို့ကုန်တင်ပို့မှု အနေနဲ့ ကန်ဒေါ်လာ ၄၁၉၇ သန်း ရရှိကာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၄၆၀၇ သန်း ရရှိခဲ့တာကြောင့် ခြားနားချက်အနေဖြင့် ကန်ဒေါ်လာ ၄၀၉ သန်းလျှော့ကျမှု ရှိပါတယ်။

အလားတူ သွင်းကုန်ကဏ္ဍမှာလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဇန်နဝါရီ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ ကန်ဒေါ်လာ ၄၀၉၇ သန်း ရှိကာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၄၅၅၆ သန်း ရှိတာကြောင့် ခြားနားချက်အနေနဲ့ ကန်ဒေါ် လာ ၄၅၉ သန်းလျှော့နေတာပါ။ DVB

မန္တလေးမြို့တွင် ရာအိမ်မှူး လင်မယား သေ နတ်ဖြင့် ပစ်ခတ်ခံရ၊ ဇနီးဖြစ်သူ ပွဲချင်းပြီးသေ ဆုံး

မန္တလေးမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ရပ်ကွက် ရာအိမ်မှူး လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး၊ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။“မြို့သစ် (၅) ရပ်ကွက်ထဲက ရပ်ကွက်လူကြီးနဲ့ သူ့မိန်းမ အပစ်ခံရတာပါ၊ လင်မယား နှစ်ယောက် ဈေးကနေ ပြန်လာတာကို ကျောင်းရှေ့မှာ သေနတ်နဲ့ ပစ်ခံရတာပါ၊

သူ့မိန်းမက ပွဲချင်းပြီး သေတယ်၊ သူ့ကိုတော့ ဆေးရုံကားနဲ့ ခေါ်သွားတာ တွေ့တယ်” ဟု အခင်းဖြစ်စဉ်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက် ရာအိမ်မှူး ဦးလှမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဦး တို့သည် ယနေ့ နံနက် ၈ နာရီခွဲဝန်းကျင်က ဈေးမှနေအိမ်သို့ ပြန်လာစဉ် ၁၁၁ လမ်း၊ ၆၉ လမ်းနှင့် လမ်း ၇၀ ကြား၊ အမက (၁၆) ကျောင်းရှေ့တွင် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ် သည်။

ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး ဦးလှမြင့် လည်ပင်း ထိမှန် ဒဏ်ရာရခဲ့ပြီး၊ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဦးသည် ဝမ်းဗိုက် ဖောက်ထွက် ဒဏ်ရာဖြင့် နေ ရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။သေဆုံးသူ ဒေါ်ခင်မျိုးဦးသည် စစ် တပ်အရာရှိ တစ်ဦး၏ မိခင်ဖြစ်ကြောင်း ၎င်းတို့ မိသားစုသည် မကြာခဏ ခြိမ်းခြောက်စာ ပို့ခံထားရကြောင်း ဒေသခံများက ပြောသည်။mizzima

ကယန်း PDF တွေက ကယားအိမ်တွေကို လု ယက်နေတယ်ဆိုတဲ့ သတင်းမှားဖြန့်၊ လူမျိုး ရေး သွေးထိုးမှုများ လုပ်နေ

ကယန်း PDF တွေက ကယားလူမျိုးတွေကို နှိပ်စက်နေတယ်။ ကယားလူမျိုးတွေက ကယန်းလူမျိုးတွေရဲ့ အိမ်တွေ ပစ္စည်းတွေကို လုယူနေတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Ko Thiha ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဇန္နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၉ မိနစ်မှာ တင်ထားတာကို တွေ့ရပါတယ်။Ko Thiha ဆိုသူက သေဆုံးနေတဲ့လူ နှစ် ဦးရဲ့ ဓာတ်ပုံနဲ့ သူရေးသားထားတဲ့ စာကို ပေါင်းစပ်ပြီးတော့ ဓာတ်ပုံတစ်ခု လုပ်တယ်။ ပြီးတော့ သူလုပ်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Facebook အကောင့်မှာ စာရေးပြီးတော့ တွဲတင်ထား တာ ကို တွေ့ရပါတယ်။သူဖန်တီးပြု လုပ်ထားတဲ့ ဓာတ်ပုံထဲမှာဆိုရင် “လွိုင်ကော်မြို့ရဲ့ ရွာအချို့မှာ ယယန်း PDF တွေ ကယားလူမျိုး တွေကို ညှင်းပန်းနှိပ်စက်နေကြတယ်။

ကယန်းတွေက ကယားတွေရဲ့ အိမ်တွေ၊ ပစ္စည်းတွေကို မောင်ပိုင်စီး လုယက်နေကြတယ်။ ကယ်တင်ပေးကြပါဗျာ” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။ဒီရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Ko Thiha ဆိုသူက စာသားတွေနဲ့ အတူ တွဲတင်ထားတဲ့ ဓာတ်ပုံဟာ လူမျိုး နှစ်မျိုးကြားမှာ ဖြစ်ပွားလာတဲ့ ပဋိပက္ခကြောင့် လူသေဆုံးမှုမျိုး မဟုတ်ပဲ စစ်ကောင်စီတပ်က ဒေသခံ တိုင်းရင်းသား လူမျိုးစု တွေကို ဖမ်းဆီး သတ်ဖြတ်ထားတာကို လူမျိုးစု ၂ ခုကြားထဲမှာ ဖြစ်ပွားလာတဲ့ ပဋိပက္ခ ပုံစံမျိုးနဲ့ ဖန်တီးရေးသား ထားလို့ပဲ ဖြစ်ပါတယ်။

ပြီးတော့ ဓာတ်ပုံထဲမှာပါတဲ့ သေဆုံးသူတွေဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ဖမ်း ဆီး သတ် ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဟိုဖိတ်ကျေးရွာက ဒေသခံတွေဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ လူမျိုးစု နှစ်ခုကြားက ပဋိပက္ခ ကြောင့် သေဆုံးတာ မဟုတ်သလို PDF ၊ KNDF ၊ KA စတဲ့ အဖွဲ့တွေက သတ်ဖြတ်ခဲ့တာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို ကရင်နီ ပြည်နယ် အခြေစိုက် KANTARWADDY TIMES သတင်းဌာနကလည်း သက် ဆိုင် သူတွေကို မေးမြန်းပြီး ရုပ်သံ သတင်းတင်ဆက်ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။KANTARWADDY TIMES သတင်းဌာနက တင်ဆက်ထားတဲ့ ရုပ်သံသတင်းကို ဒီမှာ https://bit.ly/3KKeD5Y ဝင်ကြည့်လို့ရပါတယ်။စစ်တပ်က အာဏာသိမ်းယူတဲ့နောက်ပိုင်း ကရင်နီပြည်နယ်ထဲမှာ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က တောက်လျှောက် သတ်ဖြတ်လာခဲ့တာကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် PDF၊ KNDF၊ KA စတဲ့ တပ်ဖွဲ့တွေ က သတ်ဖြတ်ခဲ့ တယ်ဆိုပြီး စစ်ကောင်စီပိုင် မီဒီယာတွေနဲ့ စစ်ကောင်စီအတွက် မဟုတ်မမှန်သတင်း တွေကို ဝါဒဖြန့် နေသူတွေက ရေးသားဖြန့်ဝေနေကြတာကို ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဒေသအတွင်းမှာ တိုက်ပွဲဖြစ်ပွား လာတဲ့အတွက် စစ်ဘေးရှောင်လာကြတဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာသား ၃၀ ကျော်ကို စစ်ကောင်စီတပ်က ကားတွေနဲ့အတူ မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်ကို ပြောင်းပြန် အနေနဲ့ PDF တပ်ဖွဲ့တွေက ပြည်သူတွေကို ကားတွေနဲ့အတူ မီးရှို့သတ်ခဲ့တယ်ဆိုပြီး ဝါဒဖြန့် ရေးသား ဖြန့်ဝေနေ တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ယခုလိုမျိုး အလားတူဖြစ်စဉ်တွေကို စစ်ကောင်စီပိုင် မီ ဒီယာတွေနဲ့ စစ်ကောင်စီအ တွက် မဟုတ်မမှန်သတင်း တွေကို ဝါဒဖြန့် နေသူတွေက အမှန်ကို အမှားဖြစ်အောင် ရေးသားဖြန့်ဝေနေကြတာကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်တော်များများကို တွေ့နေရပါတယ်။အခုဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်လည်း ကရင်နီပြည်နယ်ထဲက ဒေသခံ လူမျိုးစု တွေကြားမှာရှိနေတဲ့ စည်းလုံး ညီ ညွတ်မှုကို ပျက်ပြားအောင်၊ တဖက်နှင့် တစ်ဖက် မုန်းတီးအောင်၊ စိတ်ဆိုးဒေသထွက်အောင်၊ ပြဿနာဖြစ် အောင်၊ ဒေသအခြေစိုက် လူမျိုးစု တော်လှန်ရေးအဖွဲ့တွေ၊ PDF တွေအကြားမှာ ပဋိပက္ခ ဖြစ်အောင် တမင် သက် သက် သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှား တစ်ခုဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိရပါတယ်။

Ko Thiha ဆိုသူ တင်ထားတဲ့ သတင်းပို့စ်ပါ ဓာတ်ပုံကို စစ်တပ်ထောက်ခံသူ တော်တော်များများက ယူပြီးတော့ ရေးသားမှု ပုံစံအမျိုးမျိုးနဲ့ ပြန်ရေးတင်ပြီး ထပ်ဆင့်ဖြန့်ဝေနေတာကိုလည်းတွေ့ရပါတယ်။ ဒီပို့စ်ကို ထပ်ဆင့် ဖြန့် ဝေသူ၊ ကြိုက်နှစ်သူ တွေလည်း တော်တော်များများရှိနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွား အောင် ပြုလုပ်လျက်ရှိပြီး အထူး သဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့ အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေး တင်နေတာကို တွေ့ရပါတယ်။ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေဖို့လိုပါတယ်။ mizzima

အမျိုးသမီးရဲဘော် ရာချီပါဝင်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်သင် တန်းဆင်းပွဲ 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က “ကျနော်တို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲကို ဒီကနေ့ပဲ တောတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်။ အဲဒီစစ်သင်တန်းဆင်းပွဲမှာဆိုရင် အမျိုးသမီးရဲဘော်တွေ အများအပြားပါဝင်ခဲ့တယ်။ စစ်သင်တန်းသားလူဦးရေကတော့ အမျိုးသားအမျိုးသမီးစုစုပေါင်း ၃၀၀ နီးပါးရှိပါတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ယင်းမာပင်ခရိုင်အတွင်းရှိ တော်လှန် ရေး ရဲဘော်အဖွဲ့အချို့နဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ DVB

အသံတိတ်သပိတ် ပြုလုပ်မည့်ရက်တွင် ဆိုင်များပိတ်ထားပါက ဖမ်းဆီးမည်ဟု စစ်ကောင် စီ ခြိမ်းခြောက်

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အသံတိတ်သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးဆိုင်များ ပိတ်ထားပါက ဖမ်းဆီးမည်ဟု ရှမ်း ပြည်နယ် တောင်ပိုင်း မြို့နှစ်မြို့တွင် စစ်ကောင်တပ်များက လိုက်လံ ခြိမ်းခြာက်နေကြာင်း ဒေသတွင်း သတင်းအရင်းအမြစ် အချို့က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ရပ်စောက်မြို့တို့တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက စားသောက်ဆိုင်များအစ ကွမ်းယာဆိုင်များအဆုံး ဆိုင်များမပိတ်ရန် လိုက်လံ ပြောဆိုနေပြီး လက်မှတ် ထိုးခိုင်းနေသည်ဟု သိရသည်။ “ဖေ ဖော်ဝါရီ ၁ ရက်နေ့ ရောက်ရင် ဆိုင်မပိတ်ဖို့ ဆိုပြီး စားသောက်ဆိုင်တွေ ကွမ်းယာဆိုင်တွေကော အကုန် လက်မှတ်ထိုးခိုင်း နေတယ်။ ဆိုင်ပိတ်ရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်။

တောင်ကြီးမြို့မှာ အရင်တစ်ခေါက် ပိတ်လို့ အရေးယူခံထားရတဲ့ ဆိုင်တွေကိုလည်း ထပ်ပြီး ပြောသွားတယ်။ ဖမ်းခံရမယ်။ ဒဏ်ငွေပါ ရိုက်မယ်လို့ ပြောသွားတယ်” ဟု တောင်ကြီးမြို့ခံ တစ်ဦးက ဆိုသည်။လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဟု အမည်ပေးထားသည့် အသံတိတ်သပိတ် (Silent Strike) ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်သည်။

ယင်းအပြင် ညနေ ၄ နာရီ အချိန်တွင် လက်ခုပ်တီးသပိတ် (အသံထွက် သပိတ်) ကိုပါ တစ်ဆက်တည်း ပြုလုပ်ရန်ရှိနေပြီး လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်းနှင့် သံပုံးတီးခြင်းတို့ပါ ပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။ mizzima

ဒေးဒရဲမြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရသူ ၁ ဦး ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ သက်ငယ်မုဒိန်းမှုနဲ့ ဖမ်းဆီးခံထားရသူတယောက် ရဲစခန်းအချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီး ၃ ရက်ကြာတဲ့အထိ ပြန်ဖမ်းမမိသေးဘူးလို့ သိရပါတယ်။ 

သက်ငယ်မုဒိန်းမှု ကျူးလွန်မှုနဲ့ ဖမ်းဆီးထားတဲ့ အောင်သူရဇော်ဆိုသူမှာ ဇန်နဝါရီ ၂၃ ရက်က ဒေးဒရဲမြို့မ ရဲစခန်းမှာ အိမ်သာတက်ချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“သူက အိမ်သာသွားမယ်ဆိုပြီး အိမ်သာနောက်ကနေ ထွက်ပြေးသွားတာ ပြန်မမိသေးဘူး သက်ငယ်မုဒိန်းမှုက အမှုကြီးထဲမှာပါတယ် စုံခုံစစ်ဖို့တော့ လုပ်နေတယ်ကြားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အချုပ်သားတဦး ထွက်ပြေးလွတ်မြောက်သွားရင် အရပ်သာအစိုးရလက်ထက်က ကင်းမှာ တာဝန်ရှိသူတွေကို ထောင် ၃ နှစ်ချတာတွေရှိပြီး အာဏာသိမ်းစစ်တပ်လက်ထက်မှာတော့ အရေးယူဖို့ ရှိ မရှိ မသိရသေးပါဘူး။

သက်ငယ်မုဒိန်းမှုကျူးလွန်ထားသူ ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲစခန်းမှာ ရဲတွေရော စစ်သားတွေပါ အချိန်ပြည့် ကင်းစောင့်တာတွေရှိနေချိန်မှာ ခုလို ထွက်ပြေးလွတ်မြောက်သွားတဲ့ အပေါ် ဒေသခံတွေအကြား ပိုက်ဆံယူပြီး လွှတ်ပေးသလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ DVB

« Older Entries