Total နှင့် Chevron တို့ ထွက်ခွာချိန် ထိုင်း၏ PTTEP က ရတနာဓာတ်ငွေ့စီမံကိန်းကို အော်ပ ရေတာအဖြစ် လွှဲပြောင်းတာဝန်ယူဖွယ်ရှိ

မြန်မာနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ TotalEnergies နှင့် Chevron Corp တို့ ထွက်ခွာသွားပါက ထိုင်းအစိုးရပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ PTTEP က ထိုစီမံကိန်းကို ဦးစီးဦးဆောင် လွှဲယူပြီး ဆက်လက်လုပ်ကိုင်သွားရန် အသင့်ရှိနေသည်ဟု ယူဆရကြောင်း အကဲခတ်များက ပြောသည်။
စီမံကိန်းတွင် ရှယ်ယာ ၂၅ ဒသမ ၅ ရာခိုင်နှုန်း ရှိထားပြီးဖြစ်သည့် PTTEP ဘက်က ရတနာ ဓာတ်ငွေ့ စီမံကိန်း၏ အော်ပရေတာဖြစ်လာရန် လုပ်ဆောင်ပါက ထိုင်းနှင့် မြန်မာနိုင်ငံအတွက် အဓိကကျသည့် သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းမှုများကို ဆက်ထိန်းထားနိုင်လိမ့်မည် ဖြစ်သလို ပိုမိုတင်းကျပ်လာနေသည့် အမေရိကန်နှင့် အခြား အရေးယူဒဏ်ခတ်မှုများအကြား အာဏာသိမ်းစစ်အုပ်စုအတွက် ဓာတ်ငွေ့လုပ်ငန်း ဝင်ငွေများ ဆက်လက်စီးဝင်ရရှိစေနိုင်ရန် ရှိနေသည်။
ပြင်သစ်၏ TotalEnergies နှင့် အမေရိကန်ကုမ္ပဏီ Chevron တို့က မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှု အခြေအနေ ယိုယွင်းဆိုးဝါးလာမှုကြောင့် မြန်မာနိုင်ငံကနေ ထွက်တော့မည် ဖြစ်ကြောင်း ထုတ်ဖော်ထားကြသည်။
မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်ရှိ ရတနာ ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းနှင့် ယင်းစီမံကိန်းကနေ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းဖြင့် ပို့ဆောင်ပေးနေသည့် မုတ္တမ သဘာဝဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီ (MGTC) တို့ကို လည်ပတ်လုပ်ကိုင်နေသည့် လုပ်ငန်းများထဲတွင် အထက်ပါ ပြင်သစ်နှင့် အမေရိကန် ကုမ္ပဏီများ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
“ပီတီတီအီးပီဟာ ရတနာ ဓာတ်ငွေ့စီမံကိန်းရဲ့ အော်ပရေတာအဖြစ် လွှဲပြောင်းတာဝန်ယူဖို့ ဖြစ်နိုင်ခြေ အများဆုံး လုပ်ငန်း ဖြစ်တယ်လို့ ယူဆရပါတယ်” ဟု Lantau Group မှ ဘန်ကောက်အခြေစိုက် အတိုင်ပင်ခံအရာရှိ ကစ်တီသက် ပရွန်သာဗီးပေါင်က ပြောသည်။
TotalEnergies နှင့် Chevron Corp တို့ ထိန်းချုပ်ပိုင်ဆိုင်ထားခဲ့သည့် ရှယ်ယာအားလုံးကိုသာ လွှဲပြောင်းရယူမည် ဆိုပါက PTTEP သည် ရတနာဓာတ်ငွေ့စီမံကိန်းတွင် ရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ ရှိသွားမည် ဖြစ်သည်။
PTTEP သည် မြန်မာနိုင်ငံ၏ ဇောတိက ဓာတ်ငွေ့စီမံကိန်းတွင်လည်း ပါဝင်လုပ်ကိုင်နေပြီး ယင်းတွင် ရှယ်ယာ ၈၀ ရာခိုင်နှုန်း ရှိကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
ရတနာ ဓာတ်ငွေ့စီမံကိန်းနှင့် စပ်လျဉ်းပြီး ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စများနှင့် ထိုင်းနှင့် မြန်မာအတွက် စွမ်းအင်ဖြည့်ဆည်းထောက်ပံ့မှုများကို မည်ကဲ့သို့ ဆက်လက်ထိန်းသိမ်းထားမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး “ဂရုတစိုက် ချင့်ချိန်စဉ်းစားနေသည်” ဟု PTTEP က ပြီးခဲ့သည့် သောကြာနေ့က ပြောသည်။
ဇန်နဝါရီ ၂၄ ရက်က သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်ကို PTTEP က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
အလားတူ ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်ကို MOGE က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ mizzima