တောင်ဒဂုံမြို့နယ်၌ စစ်ကောင်စီ တပ်စွဲထားသည့် နေရာအနီး ဗုံး ၃ လုံးကွဲ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (၂၅) ရပ်ကွက် ရှိ စစ်ကောင်စီ တပ်စွဲထားသော ဘောလုံးကွင်း အနီး၌ ဗုံး သုံကြိမ် ခွဲခဲ့ကြောင်း အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ACPLF-အဆပလ အဖွဲ့ဝင်က ပြောသည်။အဆိုပါ တပ်စွဲထားသည့် ဘောလုံးကွင်းအနီးရှိ စာ သင်ကျောင်း ပတ်လည်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီ ၄ဝ ဝန်းကျင်မှ စ၍ ည ၉ နာရီ ၇ မိနစ်အထိ သုံးကြိမ် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ပုလဲရတနာ လမ်းမပေါ် က အထက (၃) ကျောင်းနားမှာ တစ်လုံး၊ အဲ့ဒီကျောင်း မျက်နှာချင်းဆိုင်မှာ တစ်လုံး၊ ကျောင်းနဲ့ မီးသတ်ရုံးကြား ကျောင်းဝင်ပေါက် (၂) မှာ တစ်လုံး ခွဲလိုက်တယ်။ အဲ့ဒီနားက ဘုန်းကြီးကျောင်းကို တိုင်းမှူး ညွန့်ဝင်းဆွေက နေ့လည်ဘက်က လာသွားတယ်” ဟု ACPLF-အဆပလ အဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်သည် အင်အား ၄၀ ခန့်ဖြင့် ၂၀၂၁ ခုနှစ် မေလမှ စတင်ကာ ထိုနေရာ၌ တပ်စွဲထားပြီး ယခု ပေါက်ကွဲမှု အပြီးတွင် စစ်သားများက သေနက်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ် ခဲ့သည်ဟု ဆိုသည်။ရန်ကုန်တိုင်း တိုင်းမှုး ညွန့်ဝင်းဆွေနှင့် တိုင်းစစ်ကောင်စီ ခေါင်းဆောင် လှစိုးတို့သည် အဆိုပါ နေ့တွင်ပင် ယခုဖြစ်စဥ် မတိုင်ခင်က တောင်ဒဂုံ (၂၅) ရပ်ကွက်ရှိ မဘသ ခေါင်းဆောင် ရွာမဘုန်းကြီး ပူဇော်ပွဲသို့ လာရောက် ခဲ့သည်ဟု ACPLF အဖွဲ့ဝင်က ပြောသည်။
ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် အမှတ် (၂) လမ်းနှင့် အပြိုင် ကျန်စစ်သားလမ်း အနီးရှိ စစ်ကောင်စီ၏ ထောက်ပို့ ရထားများ အသုံးပြုလေ့ ရှိသော ရထားသံလမ်း ချောင်းကူးတံတားကို အဝေးမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟု ဆို သည်။ mizzima