လားရှိုးတွင် ဂက်စ်အိုးအရောင်းဆိုင် မီးလောင်၊ လူ ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိးမြို့၊ ရပ်ကွက်(၇)၊ မောသီရိကွက်သစ်ဘက်မှာ ဖွင့်လှစ်ထားတဲ့ ဂက်စ်အိုးဆိုင်မှာ ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွါးရာနေရာဟာ ရပ်ကွက်ဈေးတန်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာ ကုန်ခြောက်ဆိုင် တွေလည်း အများအပြားရှိပါတယ်။
မျက်မြင်သက်သေတစ်ဦးက “ညနေဈေးသိမ်းချိန်ဆိုတော့ သူတို့လည်းသိမ်းကြတာပေါ့။ ခဏနေတော့ “အုန်း” ဆိုပြီး အသံအကျယ်ကြီးကြားရတယ်။ ဗုံးကွဲတာထင်ပြီး ထွက်ကြည့်တာ၊ သူတို့ဆိုင်ကဖြစ်နေတယ်။ မီးညွန့်တွေအကြီးကြီးပဲ၊ တစ်လုံးပြီးတစ်လုံးကွဲတာ၊ တော်သေးတယ်ဘေးအိမ်တွေမကူးတာ။ ကောင်လေးတစ်ယောက်တော့ ကျောနဲ့လက်တွေမှာ မီးလောင်ရင်းတန်းလန်း ပြေးထွက်လာတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်မှုဟာကို မီးသတ်ကားနှစ်စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ယောက်ကိုတော့ လူမှုကယ်ဆယ်ရေးအသင်းက အရေးပေါ်ကားနဲ့ သယ်ဆောင်သွားပါတယ်။
မီးလောင်မှုဖြစ်ပြီးတဲ့အချိန် စစ်ကောင်စီတပ်သားတွေနဲ့ ကောင်းဆာပြည်သူ့စစ်တပ်ဖွဲ့တွေက လာရောက်လုံခြုံရေးယူထားပြီး ယာဉ်ထိန်းရဲတွေ ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းတွေ လည်းရောက်ရှိလာပါတယ်။ DVB