Monthly Archives: Jan 2022

မန္တလေး၊ အောင်မြေသာစံရပ်ကွက်ရုံး ဗုံးကွဲပြီး တပ်ကြပ်ကြီး ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်န ဝါရီ ၂၉ ရက် နေ့လယ် ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။

အမည်မသိ လူနှစ်ယောက်က  ဆိုင်ကယ်နဲ့လာရောက်ပြီး လက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ကာ ရုံးအရှေ့ဘက်ကျ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“နေ့လယ်လောက်က ဖြစ်တာ။ ပေါက်ကွဲမှုဖြစ်ပြီး မကြာဘူး။ လူနာတင်ကားရောက်လာတယ်။ တစ်ယောက်ကို တင်သွားတယ်။” လို့အခင်း ဖြစ်ရာ  အနီးနားနေ  ပြည်သူတစ်ယောက်က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူဟာ လုံခြုံရေးတာဝန်ကျတဲ့ တပ်ကြပ်ကြီးတစ်ယောက် ဖြစ်ပြီး ဘယ်ဘက်လက် မိုင်းစထိမှန်ခဲ့တာလို့ သိရပါတယ်။ DVB

ဆားတောင်သူများ အရှုံးပေါ်သဖြင့် ရာသီမကုန်မီ လုပ်ငန်းရပ်ဆိုင်းရန် ပြင်ဆင်

ဧရာဝတီတိုင်း အတွင်း နေလှမ်းဆား ချက်လုပ်နေသည့် ဆားတောင်သူများ အနေဖြင့် ဆားကြမ်းဈေးနှုန်း ကျဆင်းပြီး ဝယ်ယူသူ မရှိသော ကြောင့် ရာသီမသိမ်းမီ လုပ်ငန်းရပ်ဆိုင်းရန် စီစဉ်မှုများ ရှိနေကြောင်း သိရသည်။၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်သည့် နေလှမ်းဆားချက် ရာသီတွင် ရာသီဥတု ဖောက်ပြန်မှုများ မကြာခဏ ကြုံတွေ့နေရသည့် အပြင် ထွက်ရှိသည့် ဆားကြမ်းများ ဝယ်ယူသူ မရှိဖြစ်နေကြောင်း ဆားတောင်သူ တစ်ဦးက ဆိုသည်။

“မိုးက သုံးကြိမ်လောက် ရွာသွားတာမှာ အကုန်အစက ပြန်လုပ်ရတယ်၊ စက်သုံးဆီ ဈေးကလည်း အရမ်းမြင့် နေတယ်၊ ဆားကြမ်းဈေးနှုန်းက တစ်ပိဿာကို ၇၀ ကနေ ၉၀ ကြား ခေါ်ဈေးနှုန်းဘဲရှိတယ်၊ တကယ်ကြတော့ အခုလို ကာလမှာ ဘယ်သူမှ လာမဝယ်ကြဘူး၊ ရှေ့ဆက်လုပ်ဖို့ ပိုက်ဆံမရှိတော့ လုပ်ငန်းရပ်ဖို့ ပြင်နေကြရတယ်၊ ဒီနှစ်မှာ အစောပိုင်းထဲက ဆားတောင်သူက တစ်ဝက်လောက်တောင် အလုပ်မစနိုင်ခဲ့ဘူး” ဟု သက္ကယ်သောင် ဆားတိုက်နယ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခရီးသွားလာရေးနှင့် ဆက်သွယ်ရေး အခက်အခဲများကြောင့် ဆားကွင်းများတွင် လုပ်သား ရှားပါးမှုသာမက ဆားကြမ်း တင်ပို့ရောင်းချရေးပါ အခက်အခဲ ဖြစ်နေကြောင်း ဆိုသည်။

“ဒီမှာ လုပ်သားက အထက်ဘက်ကနေ လာတာများတာ၊ အခုကျ လုပ်သားလည်း ခေါ်မရဘူး၊ ဆားကြမ်းကလည်း ရှိသမျှ အလုပ်တွေ အကုန်ပိတ်ထားပြီး နားနေကြတော့ ဝယ်လက်မရှိ ဖြစ်နေတာ၊ စားသုံးမှုကြတော့ နိုင်ငံခြားက ဆားဘဲ အဓိက စားနေကြတာ များတယ်၊ အဲ့ကြားထဲ မအလ (မင်းအောင်လှိုင်) က အခွန်တွေ အတင်းကောက်တယ်၊ လိုင်စင်တွေ အတင်းလျှောက်ခိုင်းတယ်၊ ဘာပြန်ကူလဲ ဆိုတော့ ဘာမှမကူ ဆိုတော့ နားပါတော့မယ်” ဟု ပြင်စလူ ဆားတိုက်နယ်က အမည်မဖော်လိုသူ ဆားတောင်သူ တစ်ဦးက ပြောသည်။

၂၀၀၈-၂၀၀၉ခုနှစ် ဆားရာသီတွင် ဧရာဝတီတိုင်းအတွင်း ဆားတောင်သူ ၈၀၃ ဦးရှိခဲ့ရာမှ ယခု ၂၀၂၁-၂၀၂၂ ဆားရာသီတွင် ဆားတောင်သူ ၄၀ ကျော်ခန့်သာ လုပ်ငန်း လည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။ mizzima

ရန်ကုန်သာကေတ Fortune Plaza အနီးတွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်၊ ကျိုက်ထို၊ ကော့စနိုင်တံတားရဲကင်းနှင့် မန္တလေးအောင်မြေသာစံ ရပ်ကွက်ရုံး ဗုံးပစ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အခြားစစ်သားများ ဒဏ်ရာရ

ရန်ကုန်၊ သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများ ဖြစ်ပွားကာ လူနာတင် ကားများ သွားလာမှုမြင်ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများကြားရကြောင်း၊ လူနာတင် ကားများ သွားလာသည်ကို မြင်ရကြောင်း ဒေသခံ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“Fortune Plaza နားမှာ ဗုံးပေါက်ကွဲသံကြားရတယ်။အဲဒါပြီးတော့ သေနတ်သံ ၅ ချက် ကြားရတယ်။ မင်းနန္ဒာလမ်းလမ်းကြီး ၁ စျေးကွေ့မှာ အရေးပေါ်ကား တွေမြင်လိုက်ရတယ်။ အခု သာကေတ၊ ဒေါပုံဘက်မှာ ကားတွေ ပိတ်ပြီး စစ်နေတယ်” ဟု သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။အလားတူ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆ လမ်း၊ ၈၇ လမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်န ဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရှိကြောင်း မန္တလေးဒေသခံများထံမှ သိရှိရသည်။

“အထိအခိုက်ကတော့ စစ်ခွေး ၂ ကောင် ထိသွားတယ်။ Ambulanceကားနှစ်စီး ဝင်သွားတယ်။ စစ်ခွေးတွေက လမ်းအဝင်အထွက်အကုန်စစ်ဆိုင်တွေကိုလည်းလိုက်စစ်သွားတယ်” ဟု မန္တလေးမြေပြင်ကင်းထောက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ နောက်ဆုံးရရှိသော သတင်းများအရ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုတွင် စစ်သား ၁ ဦးသေဆုံးသွားကြောင်း၊ အခြားစစ်သား ၁ ဦး ခြေထောက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်တံတားဘေးရဲကင်းထဲသို့ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်ကောင်စိတပ်ဖွဲ့ဝင် တချို့ ထိခိုက်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။khit thit

မြန်မာ့စီးပွားရေးဆုတ်ယုတ်မှု စိုးရိမ်ဖွယ်အခြေအနေဖြစ်နေဟု ကမ္ဘာ့ဘဏ် ပညာရှင်ပြော

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ရေရှည်မှာ သိသိသာသာဆုတ်ယုတ်လာနိုင်ပြီး  ပြည်သူအများစုအတွက်လည်း အင်မတန်စိုးရိမ်စရာ အခြေအနေပဲလို့ ကမ္ဘာ့ဘဏ်ရဲ့ ပညာရှင်တွေက ပြောပါတယ်။

အခု ဇန်နဝါရီ နောက်ဆုံးပတ်မှာ ထုတ်ပြန်လိုက်တဲ့ အတားအဆီးအခက်အခဲတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအ ခြေအနေဆိုတဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးနဲ့ မြန်မာပြည်သူတို့ဟာ ကိုဗစ်-၁၉ နဲ့ စစ်အာဏာသိမ်းတာတို့ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက် ခံ စားနေရတုန်းလို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ် ရှာမန်က “မြန်မာနိုင်ငံက ပြည်သူအများစုအ တွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။ လတ်တ လောမှာ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာရှုထောင့်က စိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ထိုးနှံနိုင်မှု နည်းသေးတာနဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ဒဏ်ကို ခံနိုင်ရည် အင်မ တန်နည်းပါလိမ့်မယ်” လို့ပြောပါတယ်။

တချို့ကဏ္ဍတွေမှာ တည်ငြိမ်လာမယ့် လက္ခဏာတွေပေါ်လာပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းတာမဖြစ်ခဲ့ရင် ရှိနေမယ့် စီးပွား ရေးပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုပြီး သေးသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းထားချက်ဟာ အင်မတန်အားနည်းနေတဲ့ စီးပွားရေးအခြေအနေကို ထင် ဟပ်နေတာလို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။

ကိုဗစ်မတိုင်ခင်အခြေအနေထက် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကူးသန်းသွားလာမှုဟာ ၇၀ ရာခိုင်နှုန်း ကျဆင်းသွားရာကနေ ၂၀၂၀ ခုနှစ် အခြေပြအ ဆင့်ကို ပြန်ရောက်လာပေမယ့် လက်လီကုန်သွယ်မှု၊ အပန်းဖြေမှုနဲ့ သယ်ယူပို့ဆောင်ရေး ဝင်ငွေတွေကတော့ ကိုဗစ်မဖြစ်ခင်အဆင့်အောက် ၃၀ ရာခိုင်နှုန်းလောက် ဆက်လက်နိမ့်ကျနေတုန်းပဲ လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ်အဒ်ဝဒ်က “ညွှန်းကိန်းအများစုက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု သိသိသာ သာ ကျဆင်းသွားပြီး လျှပ်စစ်ကဏ္ဍ အပါအဝင် အရင်က ဖြစ်ထွန်းနိုင်ခြေရှိတဲ့ စီမံကိန်းတွေတောင် ဝယ်လိုအားလျော့သွားလို့ ရပ်တည်ဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် လအတန်ကြာ ပညာသင်ကြားခွင့် ပြတ်တောက်သွားတာနဲ့အတူ အလုပ်လက်မဲ့နှုန်း မြန်မြန် မြင့်တက်လာတာ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ်၊ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်” လို့ ပြောပါတယ်။

ဆင်းရဲမွဲတေမှု မမာဏဟာ ကိုဗစ်မတိုင်ခင်ကထက် ၂ ဆ ပိုတိုးလာတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပြီး စစ်အာဏာသိမ်းတာက မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်တာကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့လည်း ဆိုထားပါတယ်။ DVB

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၅၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ဇန်နဝါရီ ၂၈ ရက် တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၂၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင် ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်နဲ့ မကွေး တိုင်းတွေမှာ ၁ ကြိမ်စီ၊ ရန်ကုန်တိုင်းမှာ ၂ ကြိမ်၊ မန္တလေး တိုင်းမှာ ၃ ကြိမ်နဲ့ စစ်ကိုင်း တိုင်းမှာ ၁၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ DVB

ဧရာ၀တီတိုင်းအ၀င် စစ်ဆေးရေးဂိတ်တွင် VPN စစ်ဆေး၍ ငွေတောင်းယူမှုများရှိနေဟုဆို

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီတိုင်းအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများကနေ့စဥ်ပိတ်ဆို့စစ် ဆေးနေကြပြီး ဖုန်းအတွင်း VPN ရှိနေပါက ငွေတောင်းယူမှုများပြုလုပ်နေကြောင်း ခရီးသွားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များ၊ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလ ၂၆ ရက်နေ့ကစတင်ကာ ဖုန်းအတွင်း VPN အသုံးပြုနေသူများထံမှ ငွေ ကြေးတောင်းယူနေခြင်းဖြစ်ပြီး အချို့သောခရီးသွားများထံမှ ဖုန်းများအား အပြီးသိမ်းယူထားခြင်းများလည်းရှိနေကြောင်း ၎င်းကဆိုသည်။

“အဲ့ဒီဂိတ်ကိုဖြတ်တဲ့ ဆိုင်ကယ်တွေနဲ့ကားတွေကိုတားစစ်တယ်။ ဖုန်းထဲမှာVPN အက်ပလီကေးရှင်း ပါလာတာတွေ့ရင် ချက်ချင်းပိုက်ဆံသုံးသောင်းတောင်းတယ်။ သူတို့တောင်းတဲ့ပုံစံက ဓားပြတိုက်သလိုဖြစ်နေတယ်။ သေနတ်တွေကိုင်ပြီး မပေးရင်သတ်တော့မလိုလို ဘာလိုလိုပုံစံတွေနဲ့ တောင်းနေတာပါ။ လူအခွင့်အရေးဆိုတာတွေလည်း မရှိတော့ပါဘူး။ တချို့လူတွေဆိုဖုန်းပါ တစ်ခါတည်း အသိမ်းခံလိုက်ရတာ”ဟု အ ဆိုပါခရီးသွားက မဇ္ဈိမကိုပြော သည်။

ထို့အပြင် ဗိုလ်မြတ်ထွန်းတံတား စစ်ဆေးရေးဂိတ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း စစ်ကောင်စီလက်အောက်ခံများက ခရီး သွားပြည်သူများကို ပိတ်ဆို့စစ်ဆေးပြီး ဖုန်းအတွင်း VPN ရှိသည်ဟု အကြောင်းပြကာ ငွေကြေးတောင်းယူမှုများရှိနေကြောင်းဒေသခံများထံကသိရသည်။

အကြမ်းဖက်စစ်ကောင်စီက လူမှုကွန်ရက်ပေါ်တွင် VPN သုံးသူများအား အရေးယူမည်ဆိုသည့် ဥပဒေကြမ်းသည် ဇန်နဝါရီလ ဒုတိယပတ်အ တွင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်များနှင့်ရဲများက ဖုန်းအတွင်း VPN ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ပြီး ငွေကြေးတောင်းယူမှုများပြုလုပ်နေကြခြင်းဖြစ်သည်။ mizzima

ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်၊ ရွာသားအချို့ကို ဖမ်း ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၂၉ ရက် မနက် ၆ နာရီလောက်က  ဝင်ရောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ရွာသား ၂ ယောက် ဒဏ်ရာရပြီး ရွာသားတချို့ကို ဖမ်းဆီးခံရပါတယ်။

စစ်တပ်ကပစ်ခတ်တာကြောင့် ကျေးရွာသားနှစ်ယောက် ကျည်ဆန်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်ကို စိုးရိမ်ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ယောက်သွားအိုင်ရွာသားတစ်ယောက်က “မနက်ခင်းအစောကြီး ကျနော်တို့ ကျေးရွာကို ဝင်လာတာဗျ။ ဘာကြောင့်ဝင်လာတယ်တော့မသိဘူးဗျ။ ဝင်လာလာခြင်းတော့ သေနတ်တွေနဲ့ ပစ်တာကတော့ ပေါက်ပေါက်ဖောက်တဲ့အတိုင်းဘဲ။ ပစ်တာကတော့ လက်နက်အကြီးရော၊ အသေးရောပဲ။ အသံတွေကတော စုံနေအောင်ကြားရတယ်ဗျ။ ဘာတွေမှန်တယ်၊ဘာတွေ ပျက်စီးမယ်ဆိုတာတော့မသိရသေးဘူး။ ကိုယ်နဲ့အတူပြေးရင်း လွှားရင်းနဲ့ ရွာသားနှစ်ယောက် ကျည်ထိမှန်ပြီး လဲနေခဲ့တာတော့ ရှိတယ်။ အဲနှစ်ယောက်လည်း သတ်မပစ်ပါစေနဲ့ ဆုတောင်းနေရတယ်။ အခုအထိမနက်ခင်းစာကို မစားရသေးဘူး” လို့ ပြောပါတယ်။

ယောက်သွားအိုင်ကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်အထိ ပြန်ထွက်မသွားသေးဘဲ  ရွာဦးဘုန်းတော်ကြီးကျောင်းမှာ တပ်ဆွဲထားပါတယ်။

ကျေးရွာသားတချို့ကို ဖမ်းဆီးထားပြီး  ရွာထဲမှာရှိတဲ့ လူနေအိမ်နှစ်လုံးကိုလည်း မီးရှို့သွားတယ်လို့   ဒေသခံတွေကပြောဆိုပေမဲ့ အဆိုပါနေအိမ်ကို မီးရှို့တာနဲ့ပက်သတ်လို့ DVB အနေနဲ့ သီးခြားအတည်ပြုချက်ရယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းက နယ်မြေတွေကို ထိမ်းချုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတဲ့အနေနဲ့ ကျေးရွာတွေကိုဝင်ရောက် မီးရှို့တာ၊ မသင်္ကာတဲ့ ရွာသားတွေကို ဖမ်းဆီး နှိပ်စက် ပစ်ခတ် သတ်ဖြတ်တာတွေကြောင့် ရွာသားတွေ ထောင်နဲ့ချီ နေ့စဉ် ထွက်ပြေးတိမ်း ရှောင် နေကြရသလို ရရာလက်နက်နဲ့ တော်လှန်ဖို့ ကြိုးစားတာတွေလည်း တိုးပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ချင်းအမျိုးသားနေ့ အခမ်းအနား ပြည်နယ်တွင်း မြို့အားလုံး၌ ကျင်းပရန် စစ်တပ်ပြင်ဆင်နေ

လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ချင်းအမျိုး သားနေ့ အခမ်းအနားကို ချင်းပြည်နယ် မြို့အားလုံး၌ ကျင်းပရန် စစ်တပ်က ပြင်ဆင်နေသည်။ချင်းအမျိုးသားနေ့ အခမ်းအနားတွင် မြို့နယ်အလိုက် သဘာပတိ အဖွဲ့ဝင်များ ကြိုတင် ရွေးချယ် ထားရှိရန်၊ သဘာပတိ မိန့်ခွန်းများ ကြိုတင်ပြင်ဆင် ထားရှိရန်နှင့် အရေးကြီးပုဂ္ဂိုလ်များ အချိန်မီ ဖိတ်ကြားနိုင်ရေးနှင့် ပို့စကတ်များ ကြိုတင် စီစဉ်ရန် လိုကြောင်းနှင့် ပြည်နယ် အတွင်းရှိ မြို့နယ် အားလုံး၌ အခမ်းအနား ကျင်းပနိုင်ရေး ထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့က ပြုလုပ်သည့် ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတွင် စစ်တပ်နောက်လိုက် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ပြောဆိုခဲ့သည်။

”ကျွန်တော်တို့ ချင်းတွေအတွက်တော့ ချင်းအမျိုးသားနေ့ ဆိုတာ တကယ့်ကို ကမ္ဘာ့တစ်ဝန်းမှာ ရှိတဲ့ ချင်းတိုင်းရင်းသားတိုင်း အတွက် ဂုဏ်ယူစရာ နေ့ထူးနေ့မြတ် နေ့တစ်နေ့ ဖြစ်ပါတယ်။ အခုတော့ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ဦးဆောင်လုပ်မယ့် မည်သည့် ပွဲလန်းသဘင် မဆို အနှစ်သာရ ပျော်ရွှင်မှုဆိုတာ မရှိတော့ပါဘူး။

ထန်တလန် တစ်မြို့လုံး မီးလောင် ပြာကျ ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့က လျစ်လျူရှုပြီး သူတို့ကျင်းပပေးမယ့် ချင်းအမျိုးသား နေ့မှာ ရိုး ရာဝတ်စုံနဲ့ တူတူတက်ရမယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူး ”ဟု ချင်းအမျိုးသား တစ်ဦးက ပြောသည်။

မင်းတပ်မြို့တွင် စစ်တပ်က ကျင်းပမည့် ချင်းအမျိုးသားနေ့ အခမ်းအနား၌ မျိုးနွယ်စု ယဥ်ကျေးမှု အဖွဲ့များ စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြု လုပ်ရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့်ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ mizzima

မူဆယ်တွင် အမျိုးသမီး ၁ ဦး ဓားဖြင့် ဝိုင်းခုတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် ကြာဖြူခန်းမလမ်းသွယ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၉ နာရီလောက်က  အမျိုးသမီးတစ်ယောက်ကို လူသုံး၊ လေးယောက်လောက်က  ဓားနဲ့ ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ ဒေသခံပရဟိတအဖွဲ့ကနေ  သိရပါတယ်။

သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူက “ဖုန်းဆက် အကူအညီတောင်းလာလို့ သွားတာ၊ဟိုရောက်တော့ မိန်းကလေးတစ်ယောက် ဖြစ်နေတယ်။ အသက်က သုံးဆယ်ကျော်၊ ကလေးနှစ်ယောက်အမေလို့ တော့ သိရတယ်။ ဦးခေါင်းမှာ ဓားဒဏ်ရာနှစ်ချက်၊ ညာဘက်လက်သုံးချောင်းနဲ့  ညာခြေချင်းဝတ် ပြတ်နေတာတွေ့တယ်၊ လူ သုံး လေးဦးက ဝိုင်းခုတ်တာလို့တော့  ဘေးပတ်ဝန်းကျင်က ပြောပြတယ်၊ ဘာကြောင့်ဖြစ်လည်းတော့မသိဘူး”လို့ ပြောပါတယ်။ 

ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဦးခေါင်းဘယ်ဘက်နောက်စေ့နဲ့ ဦးခေါင်းအလယ်ပိုင်း ပြတ်ရှဒဏ်ရာ၊ ညာ ဘက် လက်သန်း၊ လက်သန်းကြွယ်၊ လက်ညှိုး ပြတ်ထွက်ဒဏ်ရ၊ ညာဘက်ခြေချင်းဝတ် တုံးတိပြတ်ထွက်ဒဏ်ရာတွေ ရခဲ့​တယ်လို့ သိရပါတယ်။

ဓားခုတ်ခံရတဲ့လူနာကို နှလုံးလှလူမှုကူညီရေးအသင်း (မူဆယ်)၊ ကရုဏာလူမှုကူညီရေးအသင်း (မူဆယ်)တို့က ရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပြုစုပြီး မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ သတိပြန်ရလာပြီဖြစ်ပြီး ဦးခေါင်းဒဏ်ရာကတော့ စိုးရိမ်ရတယ်လို့  ကရုဏာလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ မသိရသေးသလို တရားခံတွေကိုလည်း ရဲက ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ 

အခုကာလ မူဆယ်မြို့မှာ ခိုးဆိုးလုနှိုက်တွေ ပေါများလာနေသလို ‌လောင်းကစားနဲ့ မူယစ်ဆေးဝါးသုံးသူတွေလည်း များနေပြီးတော့ နေဝင်ရင် အပြင်ထွက်ဖို့ မသင့်တော်တော့တာကြောင့် အရင်ထက် ဂရုစိုက်သွားလာသင့်တယ်လို့ ကောင်းမှုတုံ ရပ်ကွက်နေ သူတစ်ဦးက ပြောပါတယ်။ DVB

« Older Entries Recent Entries »