Monthly Archives: Jan 2022

မြိုင်ရေနံမှော်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က ရေနံမှော်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က သပြေညိုရေနံမှောနဲ့ ရေခါးရေနံမှော်ကြားမှာ မနေ့ညနေ ၅ နာရီလောက်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က မိုင်း ၄ လုံးဆွဲ​ပြီးတိုက်ခိုက်ခဲ့တာလို့ မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် မြိုင်PDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်တွေမှာ ပြည်သူတွေရဲ့ ရေနံတွင်းတွေ၊ ဆီခြံတွေကို နေ့စဥ်ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း အပြစ်မဲ့ပြည်သူ ၂ ယောက်ကို သတ်ဖြတ်သွားကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် လင်းကတောရဲစခန်းကိုလည်း မနေ့က မွန်းလွှဲ ၂ နာရီလောက်မှာ မြိုင်၊ ရေစကြိုနဲ့ ဆားလင်းကြီး PDF ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်း ပြီး တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။

“ဒီကောင်တွေက အစပိုင်းမှာ ခံပစ်သေးတယ်ဗျ။ နောက်ပိုင်းမှာ မိသားစုဝင်တွေကိုထားခဲ့ပြီး ကိုယ်လွတ်ရုံးထွက်ပြေးကြတာ။ မိသားစုဝင်တွေကိုတော့ ပြည်သူ့ဘက်မှာရပ်တည်ကြဖို့ ပြောကြားပြီး ပြန်လွှတ်ပေးခဲ့တယ်။”

အဲဒီတိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး ရဲစခန်းအဆောက်ဦ၊ လက်နက်တိုက်နဲ့ လိုင်းခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပုသိမ်-မုံရွာလမ်းဆုံက ဂိတ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

မင်းတုန်း PDF စခန်း စီးနင်းခံရ၊ အမျိုးသမီး ၂ ဦးနှင့် PDF တပ်ဖွဲ့ဝင် ၂ ဦးသေ၊ အမျိုးသမီး ၂ ဦးဖမ်းခံရ

မကွေးတိုင်းအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များက အလစ်အငိုက်စီးနင်းတိုက်ခိုက်ရာ အမျိုးသ မီး နှစ်ဦး အပါအဝင် လူ လေး ဦး သေဆုံးပြီး အမျိုးသမီး နှစ် ဦးကို ဖမ်းဆီး သွားခဲ့သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူ အချို့က ပြောသည်။သ ရက်ခရိုင် မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာနှင့် ယင်းကောက်ရွာကြားတွင် ဇန္နဝါရီလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အရှိုချင်းတိုင်းရင်းသားများ နေထိုင်သည့် ဇာလီကျေးရွာတွင်ပါ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ PDF ရဲဘော် နှစ်ဦး ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။

PDF အခြေစိုက် စခန်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ စခန်းကို စွန့်ခွာ ခဲ့ရသည်ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။”စုဆောင်းထားတဲ့ ပစ္စည်းတွေ အကုန်ပါသွားပြီ။ လူတွေလည်း ကွဲသွားလို့ ပြန်စုနေရတယ်။ စခန်းကို ပြန်မရောက်နိုင်ဘူး” ဟု ပြောသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား နှစ်ဦးသေဆုံးပြီး ရဲတစ်ဦးအပါအဝင် သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုတိုက်ပွဲဖြစ်ပွားသည့် ငကုန်းကျေးရွာသည် မင်းတုန်းမြို့နယ် အဆုံး ရခိုင်ရိုးမတောင်တန်း၏ တဘက် က ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ထိစပ်နေပြီး ခရင်ဝါးတောများထူထပ်သည်ဟု သိရသည်။”ဇာလီရွာကဟိုး အရင်ထဲကရှိတယ်။ ပြည်ထဲရေးအမည် မပေါက်ဘူး။ အိမ်ခြေ ၁၂ အိမ်လောက်ရှိတာ။ အခု မီးတင်ရှို့လိုက်ကြတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတဦးကပြောသည်။

တိုက်ပွဲအတွင်း ဇာလီကျေးရွာက နေအိမ် ၁၂ လုံးစလုံးကို စစ်ကောင်စီက မီးရှို့လိုက်သည်ဟု သိရသည်။ပြီးခဲ့သည့် ဇန္နဝါရီလ ၂၆ ရက်နေ့တုန်းကလည်း မင်းတုန်းမြို့ပေါ် လျှပ်စစ်ရုံးနှင့် မြို့မရဲစခန်း တို့ကို မင်းတုန်း PDF က လက်လုပ်ဗုံးနှင့် ပစ်ခတ်ခဲ့ပြီး သုံး ရက် အကြာတွင် ယခုကဲ့သို့ စခန်း အတိုက်ခံရခြင်းဖြစ်သည်။ mizzima

စစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်ညှဉ်း ပန်းနှိပ်စက်မှုအတွက် ICC တရားရုံးတွင် အ ရေးယူနိုင်ရေး ကြိုးပမ်းရန်နှင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအစီအမံများပြည်သူ့ညီလာခံက တောင်းဆို အတည်ပြု

စစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တွင် အရေးယူနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် ပြည်သူ့ညီလာခံ (ပထမအကြိမ် )က ဆုံးဖြတ်အတည်ပြု လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီကို ICC ပို့ရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်အစုအဖွဲ့များက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် သဘောတူ အတည် ပြု(Ratify)ခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ ဦးဆောင်မှု ခိုင်မာ အားကောင်း စေ ရန်၊ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်စေရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အကြား လုပ်ငန်းများ ချိတ်ဆက်မှု ကောင်း မွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ (Terms of Reference and Role) ကို ပြင်ဆင်ဖြည့်စွက်သွားရန် အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန် အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ကျူးလွန်ခံနေရမှုများမှ အကာအကွယ်ပေးရန် အရေးပေါ်လို အပ်ချက်အရ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းများတွင် နိုင်ငံတကာအာမခံမှုဖြင့် အရပ်သား ပြည်သူလူထုများအား အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ (Internationally Guaranteed Civilians Protection – Safe Zones) ဖြစ်ပေါ်ရေးနှင့် လူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူ အညီများအား ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက် အဝန်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားရန် း ပြည်သူ့ညီလာခံက တောင်းဆိုသည်။

နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တရားဝင်အစိုးရအ ဖြစ် အသိအမှတ်ပြုရန် ဤညီလာခံက တောင်းဆိုကြောင်း၊ ပြည်သူလူထုများ၏ ဘဝလုံခြုံမှုရရှိစေရေး ဆောင်ရွက်သွားရန်အတွက် စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှုရရှိရေးနှင့် စစ်ကောင်စီအား အရေးယူ ဆောင်ရွက်နိုင်ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

ထီးချိုင့်တံတားတွင် ပါဝါဘန့်ခ်ကို ဖောက်ခွဲရေးပစ္စည်းဆိုပြီး စစ်တပ်က ရှာဖွေသိမ်းဆည်းနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့က ဧရာဝတီတံတား(ထီးချိုင့်)မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေနဲ့ ရဲတွေ ပူးပေါင်း ရှာဖွေ စစ်ဆေးနေပြီး ပါဝါဘန့်ခ်တွေကို ဖောက်ခွဲရေးသုံးပစ္စည်းအနေနဲ့ စွပ်စွဲသိမ်းဆည်းနေတယ်လို့ ထီးချိုင့်မြို့ခံတွေက ပြောပါတယ်။

ဧရာဝတီတံတား (ထီးချိုင့်)ရဲ့ ထိပ်တွေမှာ ကင်းအဆောက်အဦတွေ ထားရှိစစ်ဆေးနေတာဖြစ်ပြီး ယခင်ရက်တွေကတော့ စစ်ဆေးရှာဖွေမှုတွေ ရှိပေမယ့် ပြည်သူတွေရဲ့ပစ္စည်းတွေကို သိမ်းဆည်းယူငင်တာမရှိဘူးလို့ ဒေသခံ‌ပြည်သူတစ်ဦးက ပြောပါတယ်။

“သူတို့ကတော့ ဒါမိုင်းထောင်လို့ရတယ်ဆိုပြီးတော့ သိမ်းတာပဲ၊ ရဲတွေ အရင်ရက်တွေကတော့ ဘယ်ကလဲ ဘာညာမေးပြီးရင် သွား၊ မောင်း အဲ့လိုပဲပြီးတာ ဒီကနေ့ကတော့မရဘူး၊ အကုန်လုံး တစ်ယောက်ချင်းစီကို စိစစ်နေတာပဲ” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့တွင်းမှာလည်း ပြည်သူအများစုက ထိတ်လန့်ကြောက်ရွှံ့မှုကြောင့် လမ်းပေါ်ထွက်တာ နည်းပါးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထီးချိုင့်တံတားထိပ် ဂိတ်တဲတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းကတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ပြုလုပ်မယ့် Silent Strike မှာ မပါဝင်ကြဖို့ နဲ့ ဆိုင်တွေမဖွင့်ပါက အရေးယူမယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

“သူတို့အော်လည်း ပြည်သူတွေကတော့ ဘယ်သူမှ ထွက်လိမ့်မယ်လို့ မထင်ဘူးဗျ။ ဖွင့်လည်း ဘယ်သူမှ ထွက်မှာမထင်ဘူးဗျ။ ဆိုင်တွေမဖွင့်ရင် အရေးယူလည်း ဆိုင်သမားတွေကတော့ ဆိုင်ဖွင့်ပြီး ငုတ်တုပ်ထိုင်နေလိုက်မှာပဲ၊ ပြည်သူတွေကတော့ တစ်ယောက်မှ ထွက်မှာမဟုတ်ဘူး” လို့ မြို့ထံတစ်ဦးက ပြောပါတယ်။DVB

ရန်ကုန်မြို့လယ်ခေါင်တွင် “တစ်နိုင်ငံလုံး ဆွေးဆွေးနီတော်လှန်ရေး(၁)နှစ်ပြည့်ပြီ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ချီတက်

khit thit

နမ္မတီး – လဝါးလမ်းရှိ မရန်ကထောင်ဂိတ်ကို စစ်တပ်က ၂ ရက်ကြာ ပိတ်

မြစ်ကြီးနား – ဖားကန့် လမ်းပိုင်း၊ နမ္မတီး -လဝါး လမ်းရှိ မရန်ကထောင်ဂိတ် ဖြတ်သန်း သွားလာခွင့်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၈ ရက် နှင့် ၂၉ ရက်နေ့များတွင် ပိတ်ခဲ့သည်။ ထိုလမ်းကို စစ်ကောင်စီက နှစ်ရက်ကြာ ပိတ်ထား၍ ခရီးသွားပြည်သူများသည် မိုးကောင်း-ကားမိုင်း လမ်းကို တကူးတက ပတ်ပြီး အသုံးပြုရသည့်အတွက် ခရီး ပိုမိုကြာမြင့်သလို လမ်းမကောင်းသည့် အတွက် အခက်ကြုံရကြောင်း ခရီးသွားအချို့က ပြောသည်။

လဝါး လမ်းပိုင်းရှိ ထမင်းဆိုင်များမှာလည်း လမ်းပိတ် ထားသည့်အတွက် ဈေးမရောင်းရဟု ဆိုသည်။ အဆိုပါ ဖားကန့်လမ်းပိုင်းသည် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်များ မိုင်းခွဲခံရခြင်း၊ ချုံခို တိုက်ခိုက် ခံရခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာလည်းဖြစ်သည်။mizzima

Foeim တွင် တက်ရောက်သူ CDM ကျောင်း သား သောင်းချီရှိနေ

ကြားဖြတ်ကာလ စဉ်ဆက်မပြတ်ပညာရေးကို အွန်လိုင်းစနစ်နဲ့အကောင်ထည်ဖော်နေတဲ့ Foeim မှာ တက်ရောက်သူ CDM ကျောင်းသား သောင်းချီရှိနေတယ်လို့ သိရပါတယ်။

Free Oline Educational Institution Myanmar (FOEIM) လို့ခေါ်တဲ့ လူထုအခြေပြုတဲ့ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခြေခံပညာ ၁ တန်းကနေ ၁၀ တန်းအထိ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြားပေးနေတာပါ။

Free Oline Class တစ်ခုအဖြစ် တော်လှန်ရေးရဲ့ ရေချိန်မြင့်တက်နေတဲ့ ဧပြီလဆန်းပိုင်းကစတင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလအထိ ဖွင့်လှစ်ခဲ့တဲ့ ကလာတစ်လျှောက်မှာ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ သောင်းဂဏန်းအထိရှိနေပြီး ဆရာအင်အားထောင်ကျော်နဲ့ အခမဲ့သင်ကြားပေးနေတယ်လို့ သိရပါတယ်။

စစဖွင့်ချင်းမှာ တက္ကသိုလ်ဝင်တန်းတစ်ခုကိုသာ သင်ကြားပေးပြီး နောက်ပိုင်းမှာ သင်ကြားမှုကို ထပ်တိုးအနေနဲ့ ၁ တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ 

ဒါ့အပြင် Eclass တွေပါ ဖွင့်လှစ်ထားပြီး နိုင်ငံတကာအဆင့်မီ ပညာရေးဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။ 

ဒါသင်ဒါကျက်ပညာရေးစနစ်မျိုးမဟုတ်ဘဲ ကလေးတွေကို နားလည်သဘောပေါက်စေဖို့  လက်တွေ့လုပ်ဆောင်ရတဲ့ ဘာသာရပ်တွေကိုလည်း လုပ်ဆောင်နိုင်အောင်သင်ကြားပေး၊ ကူညီပေးနေပါတယ်။ 

စာသင်ကြားရေးမှာ CDM ဆရာ/ဆရာမတွေက Volunteer အဖြစ် ဝင်ရောက်ကူညီလုပ်ဆောင်ပေးနေကြပြီး CDM တက္ကသိုလ်ကျောင်းသားတွေကလည်း ကျောင်းအတွက် လိုအပ်တဲ့ သင်ကြားရေးအထောက်အကူတွေအတွက် အကူအညီပေးနေတယ်လို့ သိရပါတယ်။

FOEIM ရဲ့ ဦးဆောင်သူ ကိုခန့်သူက  “ကိုဗစ်ကာလမှာ ကျောင်းတွေကာလကြာရှည်စွာ ပိတ်ထားတာတစ်ကြောင်း၊ တော်လှန်ရေးကြောင့်ပါ က လေးတွေဟာ ပညာရေးနဲ့ ကင်းကွာနေခဲ့ရတာကြောင့် နိုင်ငံအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးမှုမဖြစ်ရအောင် နိုင်ငံကို ဆင်းရဲတာထက် ပိုမဆင်းရဲအောင်၊ ဆုတ်ယုတ်တာထက်ပိုပြီး မဆုတ်ယုတ်ရလေအောင် ကြားဖြတ်ကာလပညာရေးကို မရရအောင် နည်းအမျိုးမျိုးနဲ့ အ ကောင်အထည်ဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ တော်လှန်ရေးကာလမှာ ပညာရေးထက်တော်လှန်ရေးဟာ အရေးပါတယ်လို့ ပြောကြတာတွေကို နားလည်ပေမဲ့ တစ်ဖက်မှာ ကျနော်တို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွန်းလှန်နေတဲ့ စစ်ကောင်စီဟာ နှစ်ပေါင်း ၆၀ လုံး စနစ်ကျကျ ခိုင်ခိုင်မာမာတည်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါ့ကြောင့် ဒီလိုစစ်တပ်ကို နေ့ချင်းကြီး အပြီးအပိုင်ဖြုတ်ချတော်လှန်ဖို့ဟာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့အနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ကို တိုးမြှင့်ပြီး ဗျူဟာကျကျတော်လှန်ဖို့ ဒီနွေဦးတော်လှန်ရေးဟာ အ ရေးကြီးတယ်။ ဗျူဟာကျဖို့ ဗျူဟာရေးဆွဲဖို့ဆိုတာ ပညာရေးကအရေးပါပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဘက်တိုက်ထုတ်နိုင်ဖို့ ဘယ် လောက်ကြာမယ်ဆိုတာ မသိတဲ့ကာလမှာ ကိုယ့်ဘက်ကလူ့ စွမ်းအားအရင်းအမြစ်ကို တိုးမြှင့်ထားဖို့လိုပါတယ်။ ဒါမှလည်း စစ်ကောင်စီပြိုလဲတဲ့အထိ အချိန်ကြာကြာတော်လှန်နိုင်မှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ 

FOEIM ဟာ အွန်လိုင်းပညာရေးစနစ်အပြင် မြေပြင်မှာ လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး ပညာရေးကို ဖော်ဆောင်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ CDM လုပ်ဆောင်ထားတဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့ အဓိကအားထားရာဖြစ်နေပြီး CDM ဆရာ/ဆရာမတွေအတွက်လည်း ပညာအမွေ ဆင့်ကမ်းပေးနိုင်တာကြောင့် ပညာရေးအသိုင်းအဝိုင်းအတွက် ထောက်တိုင်ကောင်းတစ်ခု ဖြစ်နေပါတယ်။ DVB

သတိထားရမည့် စစ်ကောင်စီ၏ ပျူစောထီးအခြေပြု တန်ပြန်စစ်

စစ်သားသစ်စုဆောင်းနိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီတပ်သည် စစ်တပ်ထောက်ခံသူနှင့် ကြံံ့ခိုင်ရေးပါတီဝင်အများစုအား ပျူစောထီးအ မည်ပေးကာ လက်နက်တပ်ဆင်ပေးလျှက်ရှိသည်။ စစ်ကောင်စီတပ်သည် ထိုပျူစောထီးဆိုသူများအားအခြေပြုကာ လက်နက်ကိုင်တော် လှန်ရေးတိုက်ပွဲပြင်းထန်သည့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခဲ့ကြသည်။ နယ်မြေကျွမ်းကျင်ပြီးသားဖြစ်ပြီး လစာပေးစရာမလိုသည့် ထိုပျူစောထီးဆိုသူများသည် စစ်ကောင်စီတပ်အတွက် ခါးပိုက်ဆောင်အသုံးတော်ခံ များဖြစ်လာခဲ့ကြရသည်။ သေစရာရှိက စစ်ရေးအတွေ့အကြုံနည်းလှသည့် ထိုပျူစောထီးဆိုသူများမှာ ရှေ့ဆုံးမှ အတုံးအရုံးသေကြရပြန်သည်။

ထိုသို့ ပျူစောထီးဆိုသူများအား သင်တန်းပေးကာ စစ်ကောင်စီတပ်သားများနှင့်အတူ စခန်းချထားသည့်ရွာမှာ စစ်ကိုင်းတိုင်းအတွင်းက ဇီးဖြူကုန်းရွာဖြစ်သည်။ စစ်တပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင် သုံးပုံနှစ်ပုံရှိသည့် ထိုရွာတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့်ပျူစောထီးဆိုသူ များ တပ်စွဲနေထိုင်နေကြသည်။ ကောင်းကင်ပေါ်မှ တဝီဝီအသံနှင့်အတူ ပေါက်ကွဲအားပြင်းလက်လုပ်မိုင်းနှင့် ၆၀ မမ ဗုံးသီးအချို့ ၎င်းတို့တပ်စွဲရာနေရာသို့ ကျရောက်ပေါက်ကွဲသည်။ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နည်းပညာသုံးကာ ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းဖြစ် သည်။

ဇန်နဝါရီလ ၂၈ ရက် ညနေခင်း ၄ နာရီအချိန် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့် ဇီးဖြူကုန်းရွာအား ဒေသခံတော်လှန်ရေးတပ်များမှ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ “သူတို့ကို ဘယ်ကပစ်နေမှန်းလည်းသိပုံမပေါ်ဘူး ရမ်းသမ်းပြီးပြန်ပစ်နေကြတယ် ဒဏ်ရာရလို့အော်တဲ့သူကအော် ကြောက်လန့်တကြားငိုတဲ့သူကငိုနဲ့ ပွဲတော်တော်ကြမ်းသွားတယ်” ဟုထိုနေ့က တိုက်ပွဲအခြေအနေကို Aung San Force-A.S.F တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။ ထိုနေ့တိုက်ပွဲတွင်တော့ စစ်ကောင်စီနှင့် ပျူစောထီးတပ် ဖွဲ့ဘက်မှ ငါးဦးသေဆုံးသည်ဟု ၎င်းကပြောသည်။ ပုလဲမြို့အနောက်ဘက် ၉ မိုင်ခန့်အကွာ ထိုဇီးဖြူကုန်းရွာတိုက်ခိုက်ခံရသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ ဇန်နဝါရီလအတွင်း သုံးကြိမ်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့တို့တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးခန့်ကျဆုံးခဲ့သည်ဟု သိရသည်။ ပျူစောထီးအများစုအား စစ်ကောင်စီတပ်ဝတ်စုံများ ဝတ်ဆင်ပေးထားသည့်အတွက် သေဆုံးသူများအားပျူ၊ စစ် သား ခွဲခြားနိုင်ခြင်းမရှိကြောင်း Aung San Force-A.S.F တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။ ကျေးရွာပေါင်း ၁၈၈ ရွာရှိသည့် ပုလဲမြို့ နယ်တွင် ပျူစောထီးအင်အားကောင်းပြီး စစ်ကောင်စီတပ်အခြေချထားသည့် ရွာနှစ်ရွာမှာ အိမ်ခြေ ၂၀၀ ခန့်စီရှိသည့် ဇီးဖြူကုန်းကျေးရွာနှင့် အင်မထီးကျေးရွာတို့ဖြစ်သည်။

ထိုနှစ်ရွာရှိ ပျူ‌‌စောထီးအဖွဲ့မဟုတ်သည့် ဒေသခံများမှာ ရွာအတွင်း နေထိုင်ခြင်း မရှိတော့ပေ။ “ဒီရွာတွေမှာတော့ ပြည်သူတွေက ကိုယ့်အိုးအိမ်မှာမနေနိုင်တော့တာအတော်ကြာပြီ အချို့ဆို တောထဲမှာပဲ တဲထိုးပြီးနေတော့တယ်” ဟု ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ရွာမှ ရွာခံများ၏ အခြေအနေကို ဒေသခံတစ်ဦးကပြောပြသည်။ ထို့အပြင် ပျူစောထီးဆိုသူများသည် NLD ထောက်ခံသူနှင့် တော်လှန် ရေး သမားများ၏ နေအိမ်များအား စစ်ကောင်စီတပ်သားများနှင့်ပူးပေါင်းကာ နေအိမ်များအား ချိပ်ပိတ်ခြင်းများ ဖျက်ဆီးလုယက်ခြင်းများပြုလုပ်လေ့ရှိကြသည်။

“ပျူတွေရှိတဲ့ရွာတွေဆိုရင် အရင်ကလို သွားရေးလာရေးအဆင်မပြေတော့ဘူး လမ်းသွားလမ်းလာတွေကို မထင်ရင်မထင်သလို ဆက်ကြေးကောက်သလိုမျိုးပိုက်ဆံတောင်းတာတွေ ဖမ်းဆီးသတ်ဖြတ်တာတွေပိုပြီးလုပ်လာကြတယ်” ဟုပုလဲမြို့ဒေသခံတစ်ဦးကပြောသည်။ စစ်တပ်ထောက်ခံသူ ဒေသခံများအား အခြေပြုကာ ပြည်သူ့စစ်ဗျူဟာဖြင့် တန်ပြန်ထိုးနှက်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ဗျူ ဟာအား Aung San Force-A.S.F တပ်ဖွဲ့ တာဝန်ရှိသူအနေဖြင့် အောက်ပါအတိုင်း သုံးသပ်သည်။ “သူတို့ရဲ့တန်ပြန်ဗျူဟာက ကျွန်တော်တို့အတွက် တော်တော်အန္တရာယ်ရှိတယ် နယ်မြေခံချင်းလည်းဖြစ်တယ် သတင်းကွန်ရက်လည်း တန်းတူရရှိတဲ့အတွက်သူတို့ကအဲ့ဒီအားသာချက်ကို အသုံးချနေတဲ့အတွက် အားပိုကောင်းလာရင် ရင်ဆိုင်ရတာပိုခက်ခဲသွားမယ် ဒါကြောင့် ကျွန်တော်တို့်မှာ သာလွန်အင်အားရှိတယ်ဆိုရင်တော့ သူတို့အခြေချကတည်းက အမြစ်ပြတ်အောင် တစ်ခါတည်းချေမှုန်းတာကောင်းပါတယ်” ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့အင်အားကောင်းသည့် အခြားဒေသများမှာ တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိကျေးရွာများဖြစ် သည်။ ကန့်ဘလူမြို့နယ်တွင် ရီးဒွေး၊မှော်တော်၊တောက္ကရှပ်၊ကံရိုး၊တင်ငုတ်ကြီးရွာနှင့် တန့်ဆည်မြို့နယ် ကျွန်းလယ်ရွာတို့တွင် ပျူစောထီးများခြေကုပ်ယူကာ စခန်းချထားကြသည်။ ဇန်နဝါရီ ၈ ရက်နေ့က မှော်တော်ရွာသို့တစ်ကြိမ်နှင့်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျွန်းလည်ရွာသို့ တစ်ကြိမ်စစ်ကောင်စီတပ်ရဟတ်ယာဉ် ဆင်းသက်ခဲ့ပြီး ပျူစောထီးသင်တန်းဆင်းများအား လက်နက်ပစ္စည်းလာရောက်ပေးအပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များအရသိရသည်။

ထိုသို့ လက်နက်အချို့ရှိနေသည့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် မှော်တော်ရွာတွင် သေနတ်ပစ်ဖောက်ကာ ရွာခံများကို မကြာခဏရန်စနေကြောင်း ဒေသခံတဦးက ပြောပြသည်။ ဇန်နဝါရီ ၂၄ ရက် နေ့တွင်လည်း တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်နေ NLD အားပေးထောက်ခံသူ မိသားစုဝင်သုံးဦးအား ကျွန်းလည်ရွာအနီးတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ အသက် ၅၅ နှစ်ကျော်အရွယ် ခင်ပွန်းဖြစ်သူ ဦးမျိုး၊ ဇနီးဖြစ်သူ ဒေါ်တင်မာအေး နှင့် အသက် ၂၆ နှစ်အရွယ် သားဖြစ်သူ ကိုအာကာမျိုးတို့ဖြစ်ကြောင်း သိရသည်။

“အဲနေ့က ကျွန်းလည်နှင့် မိုးကောင်းရွာကြားမှာ စပါးသွားဝယ်ကြတာ၊ သူတို့သားအမိ ၃ ဦးပဲသွားတာ၊ ဘာလက်နက်မှလည်း ပါမသွားဘူး။ ညနေမှာ အဖမ်းခံရတယ်ပြောတယ်၊ ရိုက်နှက်စစ်ဆေးပြီး သတ်ပစ်လိုက်တာ” ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးမှ ပြောသည်။ကန့်ဘလူဘက်တွင်လည်း ပျူစောထီးများသည် ကျွန်းလည်၊ ကဘဲ၊ ဘေရင်းရွာရှိ ပျူစောထီးများနှင့် ပူပေါင်းကာ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပျူစောထီးသင်တန်းများ အတင်းအဓမ္မ တက်ခိုင်းနေ‌ခြင်းကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်းသိရသည်။ mizzima

ရန်ကုန်တွင် တရုတ်နှစ်သစ်ကူးနေ့ ဆိုင်များဖွင့်ခိုင်းခြင်းကြောင့် တရုတ် အသိုင်းအဝိုင်းအတွင်း ဝေဖန်မှု မြင့်တက်

တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးရက်နှင့် တိုက်ဆိုင်နေပြီး တရုတ်လူမျိုးများ၏ ဈေးဆိုင်များကို မပိတ်ခိုင်းဘဲ ဖွင့်လှစ် ရောင်းချ ခိုင်းနေသောကြောင့် ရန်ကုန်မြို့ တရုတ်လူမျိုး အသိုင်းအဝိုင်းက စစ်ကောင်စီအပေါ် ဝေဖန် ပြောဆိုမှုများ မြင့်တက်နေသည်။စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်မြောက် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်( Silent Strike) ပြုလုပ်ခြင်းဖြစ်ရာ ပထမအကြိမ်တွင် ကမ္ဘာ့နိုင်ငံ အများစုကပါ အသိအမှတ်ပြု ခံခဲ့ရခြင်းကြောင့် ယခုပြုလုပ်မည့် သပိတ်ကို စစ်ကောင်စီက ဖိအားပေး အကြပ်ကိုင်ကာ ဈေးဆိုင်များ ဖွင့်လှစ်ခိုင်းနေခြင်း ဖြစ်သည်။

“ငါတို့က အစဉ်အလာမပျက် နှစ်ကူးကို လုပ်လာခဲ့တာ။ ငါတို့ရဲ့ ရိုးရာ ကန်တော့ပွဲတွေကိုလည်း ပျက်လေ့ရှိတာ မဟုတ်ဘူး။ နိုင်ငံရေးကြောင့် တရုတ်လူမျိုးတွေရဲ့ ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာနဲ့ ဓလေ့ထုံးတမ်းစဉ်လာကို အပျက်မခံနိုင်ဘူး။ ငါတို့ ဆိုင်ပိတ်တာက နှစ်ကူး အစဉ်အ လာအရ အလှူအတန်းတွေ လုပ်တာလေ။ ဒါကို ဘာကြောင့် ဖိအားပေး အတင်း ဖွင့်ခိုင်းနေတာလဲ။ သူတို့တက်လာထဲကိုက ပြည်သူလူထုတွေ အကုန် ကျီးလန့်စာစား ဖြစ်နေကြရတာ။ အခုလို လုပ်ခိုင်းနေတာလည်း အာဏာရှင်ဆန်ဆန် လာလုပ်တယ်ဘဲ ထင်တယ်။ ပြည်သူရဲ့ ယုံကြည်မှု လေးစားမှုကို ရအောင်မလုပ်ဘဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့ကတော့ ဆိုင်ဖွင့်မှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ တရုတ်တန်းရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များ ဖွင့်လှစ်ထားရမည်ဆိုသော အဓမ္မ စေခိုင်းမှုများကြောင့် ယခုရက်ပိုင်း အတွင်း အချို့သော တရုတ်လူမျိုးများ အနေဖြင့် နှစ်ကူးရက် မရောက်မီ အလှူအတန်းများ ကြိုတင် ပြုလုပ်နေကြရသည်။“ဘာတတ်နိုင်မလဲဗျာ။ ဖွင့်ဆိုရင်တော့ ဖွင့်ရမှာဘဲ။ ဘယ်သူမှလည်း ဈေးလာမဝယ်ဖို့ ပြောချင်တယ်။ အခု အွန်လိုင်းပေါ်မှာ ထွက်နေတဲ့ အသံကြားတယ်။ လာဝယ်ရင် ဈေးအဆမ တန် တင်ရောင်းကြဖို့ပေါ့။ ဒီအပေါ်မှာ စစ်တပ်တို့ စည်ပင်တို့က အဲ့ဒီနေ့မှာ ရှောင်တခင် ဝင်စစ်နိုင်တယ်။ အသွင်ယူပြီး ဈေးလာဝယ်လို့ အဆမ တန် ဈေးပြောလိုက်ရင် ကျွန်တော်တို့ ပိုဒုက္ခများသွားနိုင်တယ်။

သပိတ်ကို အားပေးကူညီရာ ရောက်တယ်ဆိုပြီး အရေးယူ ခံရနိုင်တယ်။ ပြည်သူတွေ လမ်းပေါ်မထွက်ဘဲ ဈေးဝယ်တာကို မလုပ်ရင် ခြောက် ကပ်နေမှာဘဲ” ဟု လသာမြို့နယ် အတွင်းရှိ လူသုံးကုန်ပစ္စည်း ရောင်းချနေသည့် ဆိုင်ရှင်တစ်ဦးက ဆိုသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်( Silent Strike) တွင် ပူးပေါင်း ပါဝင်ကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အသီးသီးကလည်း မေတ္တာရပ်ခံထားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အတွက် “နွေဦးတော်လှန် ရေး အတွင်း အသက်ပေးခဲ့ကြရပြီး ပြန်မလာနိုင်တော့ သူတွေအတွက် တစ်ရက်တာ သတ္တိရှိပေးရန်” မေတ္တာရပ်ခံ တိုက်တွန်းထားသည်။ mizzima

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကိုရီးယားအဖွဲ့က ဦးဆောင်ပြီး NUG ငွေတိုက်စာချုပ်များ ရောင်းချ

တောင်ကိုရီးနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းအဝိုင်းဘူတာရှေ့မှာ  စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကိုးရီးယားအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီလ ၃၀ ရက် မနက်မှာ NUG ငွေတိုက်စာချုပ်တွေ ရောင်းချပေးနေပါတယ်။

NUG ငွေတိုက်စာချုပ်တွေကို ဘူဖြောင်းဘူတာရှေ့နဲ့ ပိတောက်ရိပ်ဆိုင်မှာ ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း ရောင်းချပေးမှာဖြစ်ပြီး ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာရောက်ဝယ်ယူအားပေးကြဖို့ တိုက်တွန်းထား ပါတယ်။

NUG ငွေတိုက်စာချုပ်များကို  ကိုရီးယားနိုင်ငံရောက်မြန်မာပြည်သား အများစေနေထိုင်တဲ့ အခြားနယ်တွေကိုလည်း မြေပြင်ဆင်းပြီး ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။DVB

« Older Entries