မင်းတုန်း PDF စခန်း စီးနင်းခံရ၊ အမျိုးသမီး ၂ ဦးနှင့် PDF တပ်ဖွဲ့ဝင် ၂ ဦးသေ၊ အမျိုးသမီး ၂ ဦးဖမ်းခံရ


မကွေးတိုင်းအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များက အလစ်အငိုက်စီးနင်းတိုက်ခိုက်ရာ အမျိုးသ မီး နှစ်ဦး အပါအဝင် လူ လေး ဦး သေဆုံးပြီး အမျိုးသမီး နှစ် ဦးကို ဖမ်းဆီး သွားခဲ့သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူ အချို့က ပြောသည်။သ ရက်ခရိုင် မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာနှင့် ယင်းကောက်ရွာကြားတွင် ဇန္နဝါရီလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အရှိုချင်းတိုင်းရင်းသားများ နေထိုင်သည့် ဇာလီကျေးရွာတွင်ပါ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ PDF ရဲဘော် နှစ်ဦး ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။
PDF အခြေစိုက် စခန်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ စခန်းကို စွန့်ခွာ ခဲ့ရသည်ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။”စုဆောင်းထားတဲ့ ပစ္စည်းတွေ အကုန်ပါသွားပြီ။ လူတွေလည်း ကွဲသွားလို့ ပြန်စုနေရတယ်။ စခန်းကို ပြန်မရောက်နိုင်ဘူး” ဟု ပြောသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား နှစ်ဦးသေဆုံးပြီး ရဲတစ်ဦးအပါအဝင် သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယခုတိုက်ပွဲဖြစ်ပွားသည့် ငကုန်းကျေးရွာသည် မင်းတုန်းမြို့နယ် အဆုံး ရခိုင်ရိုးမတောင်တန်း၏ တဘက် က ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ထိစပ်နေပြီး ခရင်ဝါးတောများထူထပ်သည်ဟု သိရသည်။”ဇာလီရွာကဟိုး အရင်ထဲကရှိတယ်။ ပြည်ထဲရေးအမည် မပေါက်ဘူး။ အိမ်ခြေ ၁၂ အိမ်လောက်ရှိတာ။ အခု မီးတင်ရှို့လိုက်ကြတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတဦးကပြောသည်။
တိုက်ပွဲအတွင်း ဇာလီကျေးရွာက နေအိမ် ၁၂ လုံးစလုံးကို စစ်ကောင်စီက မီးရှို့လိုက်သည်ဟု သိရသည်။ပြီးခဲ့သည့် ဇန္နဝါရီလ ၂၆ ရက်နေ့တုန်းကလည်း မင်းတုန်းမြို့ပေါ် လျှပ်စစ်ရုံးနှင့် မြို့မရဲစခန်း တို့ကို မင်းတုန်း PDF က လက်လုပ်ဗုံးနှင့် ပစ်ခတ်ခဲ့ပြီး သုံး ရက် အကြာတွင် ယခုကဲ့သို့ စခန်း အတိုက်ခံရခြင်းဖြစ်သည်။ mizzima