Monthly Archives: Jan 2022

ဒီပဲယင်း၊ စိုင်ပြင်တွင် ဖက်ဆစ်စစ်ကောင်စီ ချေမှုန်းရေးနှင့် ကိုယ့်မြို့ ကိုယ်ပြန်သိမ်းမည်ဟု အသိပေးကာ တော်လှန်ရေးစစ်ကြောင်းဦးဆောင်ကော်မတီ ဆန္ဒပြ

khit thit

ကေအန်ယူ တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း တာဝန်မှနုတ်ထွက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆၊ ကော့ကရိတ် (ဒူးပလာယာ) ခရိုင်မှာ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ ခရိုင်အရေးပေါ်အစည်းအဝေးအတွင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ တာဝန်ကနေ နုတ်ထွက် ခွင့်တောင်းခံခဲ့တယ်လို့ ဗဟိုကော်မတီတာဝန်ရှိသူဆီက သိရပါတယ်။

တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ တာဝန်ကို ဗဟိုကွန်ဂရက်ကနေအတည်ပြုခဲ့ပြီး တာဝန်ထမ်းဆောင်နေရာ က ခရိုင်အရေးပေါ်အစည်းအဝေးမှာ တ ရား ဝင်တင်ပြခဲ့တဲ့အတွက် ဗဟိုကွန်ဂရက် မကျင်းပ ချိန်အထိ နုတ်ထွက်အနားယူခွင့် ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ကေအန်ယူဗဟိုကော်မတီဝင် (ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) ပဒိုသမိန်ထောက “အစည်းအဝေး ကနေပဲ သူကို နုတ်ထွက်ခွင့်ပေးလိုက်တယ်။ ဒီအပေါ်မှာတော့ ကျနော်ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ သူထွက်သွားတာလည်း တမျိုးတော့ အေးတာပေါ့။ သူစိတ်ဆန္ဒမပါဘဲ ခရိုင်ဥက္ကဋ္ဌ တက်လုပ်နေရတာ မဖြစ်ဘူးလေ။ မနှောင့်ယှက်ဖို့ပဲ လိုတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ခရိုင်အရေးပေါ် အစည်းအဝေးပြုလုပ်နေဆဲဖြစ်ပြီး ခရိုင်ဥက္ကဋ္ဌတာဝန်ကို ခရိုင်ဒုဥက္ကဋ္ဌ ဖြစ်သူ တပ်မဟာ ၆ တပ်မဟာမှူးက ဆက် လက်တာဝန်ယူသွားမှာဖြစ်ပြီး ကေအန်ယူဖွဲ့စည်းပုံအရ ဗဟိုနဲ့ ခရိုင်အဆင့် ရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေဟာ ၄ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်

တပ်မဟာ ၆ နယ်မြေအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ NUG၊ PDF၊ CDM တွေကို စစ်ကောင်စီရဲ့ တပ်တွေ နယ်‌မြေကျော်ဝင်ရောက်ပြီး  ရှာဖွေဖမ်းဆီမှုတွေ ပြုလုပ်နေတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် ခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောရွှေမောင်းနဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေအကြား သဘောထားကွဲလွဲတာတွေရှိတယ်လို့ ကေအန်ယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရိုင်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပဒိုစောရွှေမောင်းဟာ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပါဝင်ပြီး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားတာ၊ အင် အားတိုးချဲ့တာ၊ လက်နက်ခဲယမ်း ဖြည့်တင်းတာ၊ စခန်းတိုးချဲ့တည်ဆောက်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေတာပါ။

အခုလို နှစ်ဖက်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး နီးစပ်ရာဆွေမျိုးတွေဆီနဲ့ တောတောင်တွေထဲ ထွက်ပြေးခဲ့ရတဲ့အတွက် နေထိုင်စား သောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ရေရှည်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေမယ်ဆိုရင်  နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ စစ်ပြေးရှောင်တွေက ဆိုပါတယ်။ DVB

လပွတ္တာမြို့ပေါ်သို့ ဈေးလာရောင်းသည့် ဈေး သည် ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်း

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ ရေပေါ်ဈေးနှင့် ကုန်းလေးဈေးတွင် မနက် ဈေးလာရောင်းသည့် ဈေးသည် ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသည့် ဈေးသည် တစ်ဦးနှင့် နီးစပ်သူက ပြောသည်။ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လိန်ကျေးရွာ၊ လိပ်ကုန်းကျေးရွာနှင့် သဲဖြူကျေးရွာများမှ မနက်အစောပိုင်း ဈေးရောင်းချရန် မြို့ပေါ်သို့ တက်လာသည့် ဈေးသည်များကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ငွေကြေး တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမှာက လှေချိန် ရေချိန်နဲ့ တွက်ပြီးတော့ စောစောထပြီး အလုပ်လုပ်ရတာ၊ အရင်ကလည်း သွားလာပြီးတော့ လုပ်နေတာဘဲ၊ အဲ့ဒါကို အခုအ သစ်ရောက်တဲ့သူက ပိုက်ဆံလိုချင်တာနဲ့ ဂွင်ဆင်တာနေမယ်၊ တစ်ယောက်ကို သုံးသောင်း ငါးသောင်း တောင်းတယ်၊ ဈေးဗန်းတွေထဲက သူတို့ လိုချင်တာတွေလည်း အကုန်ယူထား လိုက်တယ်၊ ဈေးလာရောင်းတော့ ပိုက်ဆံက ဘယ်ပါမလဲ၊ အဲ့ဒါကို အိမ်ကလူတွေ လာရွေးမှ ပြန်လွှတ်တယ်၊ အကုန်လုံး အရင်းပြုတ်ပြီး ဈေးပါ မရောင်းရတော့ဘူး၊ အရမ်းယုတ်မာတယ်” ဟု ဖမ်းဆီးခံရသူ ဈေးသည်တစ်ဦးနှင့် ရင်းနှီးသူက ရှင်းပြသည်။

လပွတ္တာမြို့တွင် အသစ်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဆိုသူသည် မြို့အတွင်း နေ့စဉ် မူးယစ်ရမ်းကားနေပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းကလည်း လမ်းဘေးတွင် မီးလှုံနေသည့် စိတ်ကျန်းမာရေး ချို့တဲ့နေသူ အမျိုးသမီးအား သွားရောက် ဆဲဆိုရာမှ အပြန်အလှန် ဆဲဆိုကာ ဝိုင်းဝန်း ရိုက်နှက်ခဲ့သောကြောင့် ယင်းအမျိုးသမီးကို လပွတ္တာဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ကာ ဆေးဝါး ကုသနေရကြောင်း သိရသည်။ mizzima

စစ်ကောင်စီထုတ်ကုန်နှင့် မူးယစ်ဆေးများ သယ်ဆောင် မရောင်းချရန် ကေအိုင်အို ထပ်မံသတိပေး

ပူတာအိုခရိုင်အတွင်းက ပြည်သူတွေ အာဏာသိမ်းစစ်ကောင်စီထုတ်ကုန်နဲ့ မူးယစ်ဆေးတွေ သယ်ဆောင် မရောင်းချဖို့ ကေအိုင်အိုက ထပ်မံသတိပေးလိုက်ပါတယ်။

ပူတာအိုခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေနဲ့ မြစ်ကြီးနား-ဆွမ်ဘရာဘွမ်- ပူတာအိုကားလမ်းကို အမှီပြုသွားလာနေကြတဲ့ ခရီး သွားပြည်သူတွေ အားလုံးသိရှိလိုက်နာနိုင်ဖို့ ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကေအိုင်အိုအစိုးရ (ပူတာအိုခရိုင်)က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မူးယစ်ဆေးဝါးအပြင် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး‌ရုံးကနေ ပိတ်ပင်ထားတဲ့ Myanmar Beer, Dagon Beer နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ္စည်းများ သယ်ဆောင်တာ၊ ရောင်းချတာ မပြုလုပ်ဖို့ ပါရှိပါတယ်။

စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ခွင့်ပြုချက်မရရှိတဲ့ လယ်ယာမြေနဲ့ဉယျာဉ်ခြံမြေတွေမှာ ရွှေတူးဖော်တာ လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့နဲ့ မြစ်ကြီးနား – ဆွမ်ဘရာဘွမ်-ပူတာအိုကားလမ်းမှာလည်း ညနေ ၅ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ ထပ်မံသတိပေးထားပါတယ်။

ပူတာအိုခရိုင် ဆွမ်ဘရာဘွမ်မြို့နယ် ခင်ဒူကားကျေးရွာနဲ့ ဖုန်ကျန်းကျေးရွာကြားမှာ ဇန်နဝါရီ ၉ ရက်နေ့က KIOနဲ့ Putao PDFတို့ ပူးပေါင်းပြီး ပူတာအိုဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ DVB

မြိတ်ကျွန်းစုတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီး ဧရိယာအတွင်း ငါးဖမ်းဆီးမှု ပိုများလာ

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစု ပင်လယ်ပြင်ရှိ ကမ်းနီး ငါးဖမ်းဧရိယာအတွင်း ကမ်းဝေး ငါးဖမ်းလှေများ သည် စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများ ပြုလုပ်လာ နေခြင်းကြောင့် ဒေသခံ ကမ်းနီး ရေလုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲကြုံ နေရကြောင်း ကမ်းနီး ရေလုပ်ငန်းရှင်များ အသိုင်းဝိုင်းမှ သိရသည်။

မြိတ်ကျွန်းစု ပင်လယ် အတွင်း ကမ်းဝေး ဒရွတ်ဆွဲ ငါးဖမ်းလှေ ဝါလတ်များသည် အမည်နှင့် နံပါတ်များကို ဖုံးအုပ်၍ နေရော ညပါ နေ့စဉ် နီး ပါး ကမ်းနီးတွင် ဝင်ရောက် ခိုးဆွဲ ဖမ်းဆီး နေသည့် အပြင် ၄င်းတို့ လှေတွင် တပ်ဆင်ထားသည့် တည်နေရာ ပြစက် VMS/ AIS စက်များကို ဖြုတ်ထားပြီး ဝင်ရောက် ဖမ်းဆီးနေခြင်းကြောင့် ဒေသခံ ကမ်းနီး လှေငယ်များတွင် ငါးရရန် နည်းပါးလာ​ခြင်း ဖြစ်သည်ဟု ကမ်းနီး ရေလုပ် ငန်းရှင် တစ်ဦးက ပြောသည်။

အဆိုပါ ကမ်းဝေး ငါးဖမ်းလှေများသည် ကျွန်းစုမြို့နယ် ဒုံးပုလဲအော် ကျေးရွာအုပ်စု ထဲတွင် ပါဝင်သော လအဲရွာ၊ မကျည်းကျွန်းရွာ၊ ဒုံးဆွေသန်းရွာ၊ ဥယျာဉ်ကမ်းရွာတို့တွင် ဝင်ရောက် ဒရွတ်ဆွဲနေ၍ ဖော်ပြပါ ကျေးရွာများမှ ရွာသူ၊ ရွာသား များသည် ကမ်းနီး ရေပြင်တွင် အသက်မွေး ဝမ်းကြောင်းပြု လုပ်ကိုင်ရန် ခက်ခဲ နေကြောင်း ဒေသခံ ကမ်းနီး ရေလုပ်ငန်းရှင်များ ထံမှ သိရသည်။ ကမ်းနီး ရေလုပ်ငန်းဖြင့် အများဆုံး အ သက်မွေး ဝမ်းကြောင်းပြု လုပ်ကိုင်နေတဲ့ ဒုံးဆွေသန်းကျေးရွာနေ ဒေသခံ ရေလုပ်ငန်းရှင် တစ်ဦးက“ကမ်းဝေးလှေ တွေက နေ့ည မပြတ် ဒရွတ်တိုက် ဝင်ရောက် ဖမ်းဆီး နေတော့ ကမ်းနီး လှေငယ်တွေမှာ မည်သို့မျှ ငါးဖမ်း၍ မရတော့ဘူး ဖြစ်နေပါတယ်၊ စားကျက် ပျက်သွားသလို ဖြစ်နေရာက ကမ်းနီး ငါးဖမ်းလှေတွေမှာ ငါး ပုစွန်တွေ ဖမ်းဆီးမရတဲ့ အခြေအနေ ဖြစ်နေလို့ စားဝတ် နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်”ဟု ပြော သည်။ ကျွန်းစုမြို့နယ် ဒုံးပုလဲအော် ကျေးရွာအုပ်စုရှိ ဒုံးဆွေသန်း ကျေးရွာ ဒေသခံ အများစုမှာ ငါးဖမ်းလှေများနှင့် ပုစွန်ဖမ်း လှေများဖြင့် အများဆုံး အသက်မွေး ဝမ်းကြောင်းပြု လုပ်ကိုင်နေသည့် ကျေးရွာ ဖြစ်သည်။

လက်ရှိတွင် ဒုံးဆွေသန်းကျေးရွာအနီး ကမ်းဝေး ငါးဖမ်းလှေများသည် ၁၀ စီးထက် မနည်း ကမ်းနီးတွင် ဝင်ရောက် ဖမ်းဆီးနေသည်ဟု ဒေသခံ ကမ်းနီး ရေလုပ်ငန်းရှင်များထံမှ သိရ သည်။ “အခု ကမ်းဝေး ငါးဖမ်းလှေတွေက ကမ်းနီးမှာ ဝင်ရောက် ငါးခိုးဖမ်း နေတာနဲ့ ပတ်သက်ပြီး သက် ဆိုင်ရာက တာဝန်ယူပေးဖို့ တောင်းဆို ချင်ပါတယ်၊ ဒီအတိုင်း လွှတ်ထားရင်တော့ ကမ်းနီး ရေလုပ်သားတွေ အများကြီး အခက်အခဲတွေ ဖြစ်ပေါ်လာ နိုင်တယ်”လို့ မကျည်းကျွန်းကျေးရွာနေ အသက် ၅၀ နီးခန့်ရှိ ကမ်းနီး ရေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထို့ကြောင့် ကမ်းနီးတွင် ဝင်ရောက် ခိုးဆွဲနေသည့် ကမ်းဝေး ငါးဖမ်းလှေများသည် ယခုနှစ် အတွင်း စစ်တပ်မှ အာဏာသိမ်းပြီးနောက် အများဆုံး ဝင်ရောက် ခိုးဆွဲနေခြင်း ဖြစ်ကာ ဒေသခံ ကမ်းနီး ရေလုပ်ငန်းရှင် အများစုက ၄င်း ရေပြင်နှင့် သက်ဆိုင်သော ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျွန်းစုမြို့နယ် ငါးဦးစီးမှူးနှင့် တနင်္သာရီ ရေတပ် စခန်းမှ တာဝန်ရှိ သူများမှ ကမ်းဝေး ငါးဖမ်း လှေများကို ကမ်းနီးသို့ ဝင်ရောက် ဖမ်းဆီးခြင်း မပြုရန် ဟန့်တား ပေးပါရန် တောင်းဆို ထားကြောင်း ဒေသခံ ရေလုပ်ငန်း ရှင်များ ထံမှ သိရ သည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေး ငါးဖမ်းလှေ လုပ်ကိုင် နေသည့် ရေယာဉ် ၁၅၀၀ စီးရှိကာ ကမ်းဝေး ရေလုပ်သား ၂၀၉၈၇ ဦးရှိကြောင်း၊ မြိတ်ခရိုင် တစ်ခုတည်းတွင် ကမ်းဝေး ငါးဖမ်း လှေ ၇၀၀ ကျော်၊ ကမ်းနီး ငါးဖမ်းလှေ ၃၀၀ ကျော်နှင့် ကမ်းနီး ရေလုပ်သားများမှာ သောင်းချီ ရှိနေ သည်ဟု ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရသိရသည်။ mizzima

Mytel တာဝါတိုင်း ဗုံးကွဲမှု ဒေသခံများ ဖမ်း ဆီးခံရ၊ ကင်းစောင့်နေရ

Mytel ဖုန်းတာဝါတိုင် ဗုံးဖေါက်ခွဲခံရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းအတွင်း ဒေသခံအချို့ ဖမ်းဆီးခံနေရပြီး မြို့နယ်အချို့တွင်လည်း တာဝါတိုင် လုံခြုံရေးအတွက် ရွာသားများအား ညစဉ်အလှည့်ကျ ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။ ကျုံပျော်မြို့နယ်၊ ကျားချောင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဗုံးဖောက်ခွဲခံရမှုနှင့်ပါတ်သက်ပြီး ဒေသခံ ခြောက် ဦးဖမ်း ဆီးခံထားရသည် ဟု သိရသည်။”စစ်ဗိုလ်က စစ်မေးစရာရှိလို့ ဖမ်းတာလို့ပြောတယ်။ သုံး ရက်ရှိပြီ။ ပြန်လွတ် မလာသေးဘူး” ဟု အုပ်ချုပ်ရေး အဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကျားချောင်းကျေးရွာက Mytel ဖုန်းတာဝါတိုင် ဇန္နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျားချောင်းကျေးရွာ အုပ်စု ဝန်းကျင်ရှိ ကျေးရွာအချို့ မှ လူလတ်ပိုင်း အမျိုးသား ၆ ဦး ကို ကျုံပျော်မြို့ရှိ စစ်ကောင်စီ၏ အထိုင်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။အဆိုပါ ပေါက်ကွဲမှုကြောင့် ဖုန်းတာဝါတိုင် အောက်ခြေရှိ ဆက်သွယ်ရေးစက်များ၊ ဝါယာကြိုးများ၊ ဝိုင်ဖိုင်စက် များ ပျက်စီးသွားသည်ဟု သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက ကျွဲဒုန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရပြီး တပတ်အကြာတွင် လုံခြုံရေးအ တွက်ဟုဆိုကာ ဒေသခံ ရွာသားများကို စစ်ကောင်စီက ညစဉ်အလှည့်ကျ ကင်းစောင့်ခိုင်းထားသည်ဟု သိရသည်။ဇန္နဝါရီ ၂၀ ရက်နေ့ က ကျွဲဒုန်းရွာရှိ Mytel ဖုန်းတာဝါတိုင် အမည်မသိသူများ၏ ဖျက်ဆီးခြင်းခံရပြီးနောက် ညစဉ် တစ်ညလျှင် ရွာသား ခြောက် ဦးစီ အလှည့်ကျ ကင်း စောင့်ပေး နေရပြီး ကင်းစောင့်မပေးနိုင်သည့် မိသားစုများကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေ ၃၀၀၀ ကျပ် ဒဏ်ရိုက်သည်ဟု ရွာသားများက ပြောသည်။

“ကျွဲချိုဖြားတောင် အေးတယ်ဆိုတဲ့ ပြာသိုလလိုမျိုးမှာ အမိုး၊ အကာမရှိတဲ့ ကွင်းပြင်မှာ ရွာအကျိုး စီးပွားလည်း မဟုတ်။ ကိုယ့် အကျိုးစီးပွားလည်း မဟုတ်။ ကင်းစောင့် နေပေးရတာ ဘယ်လောက် ဒုက္ခရောက် ကြလဲ ဆိုတာ ကြည့်ပေါ့” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ယင်း Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ဖျက်ဆီးသူများ ထွက်ပြေးလွတ်မြောက် သွားသော် လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ မသက်ဆိုင်သည့် ဆိုင်ကယ်စီး ခရီးသွား ခြောက် ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ထို့အပြင် တာဝါတိုင် စိုက်ထူခွင့်ပြုသည့် ခြံပိုင်ရှင်ကိုလည်း ဖမ်းဆီးကာ ငွေကျပ် ၁၀ သိန်း တောင်းယူ၍ ပြန် လွှတ်ပေးခဲ့သည်ဟု ရွာခံများက ပြောသည်။မအူပင်မြို့ခံ ကိုကိုလင်းက “စစ်တပ်နဲ့ရဲက မြို့ပေါ်မှာရော ရွာတွေမှာရော အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတယ်။ ငွေတောင်း ပြန်လွှတ်တာရှိတယ်။ တချို့လည်း ငွေတောင်းပြီး မလွှတ်တာတွေ ရှိတယ်” ဟု ပြောသည်။

မအူပင်မြို့နယ်အတွင်း Mytel ဖုန်းဆက်သွယ်ရေး စက်များအား အခြားတာဝါတိုင်များ၌ ပူးတွဲ ကပ်ချိတ်ထား သည့် ဖုန်းတာဝါတိုင်မပါ သီး သန့် Mytel ဖုန်းတာဝါတိုင် ၃၀ ကျော် ရှိသည့် အနက် တာဝါတိုင် ငါး တိုင် ဖျက်ဆီး ခံထားရသည်ဟု Mytel ဖုန်းဆက်သွယ်ရေးလုပ်ငန်း နှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

အလားတူ ဧရာဝတီတိုင်းတစ်တိုင်းလုံးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တလခန့်အတွင်း မိုင်းတဲဖုန်းတာဝါတိုင် ငါးတိုင် ထက်မနည်း ဖောက်ခွဲ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူ ၄၈ ဦးဝန်းကျင်ခန့် ရှိနေပြီဟု စုံစမ်းသိရသည်။ mizzima

တမူး-ကလေး လမ်းပိုင်းတွင် စစ်ကောင်စီ ကား ၂ စီးကို တမူး PDF တပ်ရင်း ၃ ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲပြင်းထန်၊ စစ် သား သေဆုံးထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကား ၂ စီးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်တွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲဖြစ်ကာ စစ်သားသေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

“ဒီနေ့မနက် ၁၀ နာရီ ၂၃ မိနစ်မှာ ဗိုလ်ဇီးကွက် ဦးဆောင်တဲ့ တမူး PDF တပ်ရင်း ၃နဲ့ တမူးကနေ ကလေးကို ဆင်းလာတဲ့ စစ်ကား ၂ စီးနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲချိန်က ၁ နာရီလောက် ကြာတယ်၊ စစ်သား အများအပြား ထိခိုက်တယ်၊ သေဆုံးစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဗိုလ်ဇီးကွက်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။၁ နာရီခန့် ပစ်ခတ်ပြီးနောက် လူနာတင်ကား ၂ စီးဖြင့် သေဆုံးဒဏ်ရာရ စစ်သားများကို လာရောက်တင်ဆောင်သည်ကို တွေ့ရကြောင်းလည်း တမူး PDF တပ်ရင်း ၃ ထံမှ သိရှိရသည်။

“သူတို့ဘက်က အလောင်းတွေ ကောက်နေတာတော့ တွေ့တယ်။ လူနာတင်ယာဉ် ၂ စီးလာတယ်၊ ၁ စီးက တမူးဘက်ကိုသွားတယ်၊ ၁ စီးက ကလေးမြို့ဘက်ကို သွားတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းဘေးတွေမှာ ကင်းပုန်းဝပ်နေတယ်” ဟု တမူး PDF တပ်ရင်း ၃ မှ ဗိုလ်ဇီးကွက်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တမူး-ကလေး အာရှလမ်းမကြီး တလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား နေရာအနှံ့အပြားတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ တမူး PDF တပ်ရင်း ၃ က ထုတ်ပြန်ကြေညာထား သည်။ khit thit

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေဆုံးသည်အထိ နှိပ်စက် စစ်ဆေးခဲ့ကြသည့် မအူပင်ရဲများ ကားမှောက်

ကိုယ်ဝန်ဆောင်ထားသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးစေသည့်တိုင် နှိပ်စက် စစ်ဆေးခဲ့ကြသည့် ဧရာဝတီတိုင်း မအူပင်မြို့မ ရဲစခန်းမှ ရဲအုပ် နှင့် ရဲတပ်ဖွဲ့ဝင်များ ကားမှောက်မှု ဖြစ်ပွားသည်ဟု သိရသည်။ဇန္နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျုံစုတ်ကျေးရွာသို့ တရားခံတစ်ဦးအား ဖမ်းဆီးရန်သွားသည့်လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ရဲအုပ်ဝင်းမြင့် နံရိုးကျိုးကာ အမှတ် (၁) ရပ်ကွက် နယ်ထိန်း အောင်အောင် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“ယာဉ် နဲ့ စက်ချို့ယွင်းလို့ ကားမှောက်တာ မဟုတ်ဘူး။ လူက မဆင်မခြင် မောင်းလို့မှောက်တာ” ဟု ယာဉ်ထိန်း တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။၎င်းတို့ ၂ ဦးသည် စည်ပင် အောက်ခြေ ဝန်ထမ်းတစ်ဦး၏ ဇနီး ကိုယ်ဝန်သည် မတင်မော်လင်း ၂၅ နှစ်ကို ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးပြီးနောက် ခိုးယူသည်ဟု စွပ်စွဲပြီး သေဆုံးသည့်တိုင် နှိပ်စက် စစ်ဆေးခဲ့ကြသူများတွင် ပါဝင်ခဲ့သူများ ဖြစ် သည်ဟု မအူပင်မြို့ခံ အများစုက ဆိုသည်။

၎င်းတို့ စီးနင်းပြီး မှောက်သွားသည့် ကားမှာလည်း PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် မြို့ခံ တစ်ဦး၏ ကားဖြစ်သည်။ “မအူပင်ရဲတွေက မြို့ခံတွေကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်တယ်။ နှိပ်စက်တယ်။ ပစ္စည်းသိမ်းယူတယ်။ လူသတ်တယ်။ ကျိန်စာသင့်ကြမယ့်ဟာတွေ” ဟု မအူပင် မြို့မဈေးက ဈေးသည်တစ်ဦး က ပြောသည်။

ဇန္နဝါရီလ တတိယအပါတ် အတွင်းကလည်း မတင်မော်လင်းအား အသက်သေသည့်တိုင် နှိပ်စက် စစ်မေးရာတွင် ပါဝင်သည့် မအူပင်မြို့မရဲစ ခန်းက နယ်ထိန်းရဲ မောင်မောင် ဆိုသူလည်း ဆေးကြောင်နေသူ တစ်ဦးက ဓားဖြင့် ခုတ်ခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟု မအူပင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ကိုယ်ဝန်ဆောင် မတင်မော်လင်းနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ကို မအူပင်ရဲတပ်ဖွဲ့က ဒု-ဦးစီးမှူး၏ နေ အိမ်တွင် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ပြီး မအူပင်ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်စစ်ဆေးမှု ကြောင့် မတင်မော်လင်းသည် နိုဝင်ဘာ ၉ ရက်နေ့ ညက ရဲစခန်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ mizzima

CDM လုပ်ရန် ပြင်ဆင်နေသည့် ဂန့်ဂေါမြို့ နယ်မှူး ဒုရဲမှူးခင်မောင်ထွေးကို မင်းအောင်လှိုင်ထောက်ခံသူရဲက သတ်ဖြတ်၊ မိုင်းထိသည်ဟု မိသားစုကို လိမ် လည်အကြောင်းကြားပြီး နာ ရေးလာခွင့်မပြု

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်ထွေးသည် ဇန်နဝါရီလ ၂၈ ရက်နေ့ သေဆုံးသွားပြီး CDM လုပ်ရန် ပြင်ဆင်နေစဉ် မင်းအောင်လှိုင် ထောက်ခံသည့် ရဲအုပ်က သတ်ဖြတ်ခြင်းဖြစ်သော်လည်း မိသားစုကို မိုင်းထိ၍ သေဆုံးသည်ဟုဆိုကာ နာရေးလာခွင့်မပြုခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ဒုရဲမှူးခင်မောင်ထွေးသည် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရဲစခန်းတွင်ပင် ပစ်ခတ်ခံရကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်တွင် ဆုံးပါးသွားကြောင်း၊မိသားစုကို နာရေးလာခွင့်မပြုသည့်အပြင် အလောင်းကို သေချာစွာ ပြသခြင်းမရှိကြောင်း၊ မိုင်းထိ၍ သေဆုံးသည်ဟုသာ မိသားစုကိုအကြောင်း ကြားကြောင်း သိရှိရသည်။ “(ဒုရဲမှူး) ကိုခင်မောင်ထွေးက လူပျိုအရွယ်ရောက်နေပြီဖြစ်တဲ့ သား ၂ ဦးရှိတယ်။ အာဏာသိမ်းတဲ့အချိန် မန္တလေး ခရိုင်ရုံးမှာ တာဝန်ကျနေတာ။

CDM လုပ်ချင်ပေမယ့် သား ၂ ဦးကိုငဲ့ပြီး မလုပ်ရဘူး။ အဲဒါ မနှစ် ၉ လပိုင်းမှာ မြို့နယ်မှူးရာထူးတိုးပေးပြီး ဂန့်ဂေါပို့တယ်။ အဲဒါကို သူက ထွက် စာတင်တယ်။ ပေးမထွက်ဘူး။ ဖရဲသီးလုပ်တယ်ဆိုပြီး အထက်က သတိပေးစာ ပို့တယ်။ အခုတော့ မအလဘက်တော်သားတွေက ပစ်ခတ်လို့ ဆုံးတာပဲ။ ပစ်သတ်တာပေါ့။ နာရေးကို မိသားစုလိုက်ခွင့်မရဘူး။ အဓိကက တိုက်ပွဲကျတာမဟုတ်ပါဘူး။ အဲဒါကို မိသားစုကို မိုင်းထိတယ်ဆိုပြီး လိမ်အကြောင်းကြားတယ်။ သူက စခန်းထဲမှာပဲ နေရတဲ့သူ ” ဟု မိတ် ဆွေတစ်ဦးက ပြောသည်။

ဒုရဲမှူး ခင်မောင်ထွေးအလောင်းတွင် ဦးခေါင်းကို ပတ်တီးစည်းထားပြီး မျက်နှာတွင် အညိုအမဲများ စွဲနေကြောင်း ၊ မိုင်းထိမှန်မှု လုံး၀ မဟုတ်ကြောင်း၊ ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေစဉ်ကလည်း ဂန့်ဂေါမှ ရဟတ်ယာဉ်ဖြင့် သယ်ယူပြီး ဆေးကုသခွင့်ပေးရန် မိသားစုက တောင်းဆိုခဲ့သော်လည်း စစ်တပ်နှင့်ရဲဘက်က လုပ်ဆောင်ပေးခဲ့ခြင်း မရှိကြောင်း ရဲသတင်းရင်းမြစ်များက ပြောသည်။‌

“ဆေးကုမပေးဘူး။ သူ့လက် အောက် က မင်းအောင်လှိုင် ထောက်ခံတဲ့ အမာခံရဲအုပ်က အထက်အမိန့်အရသတ်ပစ်တယ်ဆိုတာ အတိအကျ ပြန်သိရတယ်။ မိသားစုကိုအလောင်းပြင်တဲ့ ဓာတ်ပုံ ဗီဒီယို လုံး၀မပြဘူး။ မိုင်းထိရင်တော့ စုတ်ပြတ်သွားမှာပေါ့။ ခေါင်းကဒဏ်ရာက မိုင်းထိတာမဖြစ်နိုင်ဘူးဆိုတာ ရဲတွေ အကုန်လုံးလည်း သိတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

ရဲသတင်းရင်းမြစ်၏ အဆိုအရ မကွေးခရိုင်အတွင်းရှိ တပ်နှင့် ရဲတပ်ဖွဲ့များတွင် CDM များနှင့် ထွက်ပြေးသူများကို ဖမ်းဆီးမနေဘဲ ပစ်သတ်နိုင်သည်ဆိုသော အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။ khit thit

« Older Entries Recent Entries »