Monthly Archives: Jan 2022

မူဆယ်မြို့လယ် နာရီစင်အနီး ပြည်သူ့စစ်ဝတ်စုံဝတ်ထားသူ ၁ ဦး အနီးကပ်ပစ်သတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့လယ်ခေါင် နာရီစင်အနီးမှာ ဇန်နဝါရီ ၃၁ ရက် ဒီကနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပြီး ပြည် သူ့စစ်ဝတ်စုံဝတ်ထားသူ ၁ ဦး သေဆုံးသွားခဲ့ပါတယ်။ 

သေဆုံးသူဟာ ပြည်သူ့စစ်ဝတ်စုံဝတ်ထားပြီး အနက်ရောက်ကားတစ်စီး ယာဉ်မောင်းသူ နေရာမှာထိုင်နေစဉ် ဆိုင်ကယ်နဲ့လာတဲ့ လူ ၂ ယောက်က အနီးကပ်ပစ်သွားတာလို့ အနီးနားနေ မူဆယ်ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။ 

“ပြည်သူ့စစ်ဝတ်စုံဝတ်ထားတဲ့လူက ကားမောင်းတဲ့သူနေရာမှာ ထိုင်နေတာ၊ အဲဒါ လူ ၂ ယောက်က ဆိုင်ကယ်ပေါ်ကဆင်းလာပြီး အနီးကပ်ပစ်သွားတယ်။ သူက ကားမှန်ပိတ်ထားပေမဲ့ မှန်ကိုခွဲပြီးပစ်ထဲ့တာ။ သေနတ်သံ ၃ ခါကြားပါတယ်၊ သေနတ်သံကြားတော့ အကုန်ကြောက်ပြီး ထွက် ပြေးကြတယ်၊ သေနတ်သမားလည်းထွက်ပြေးသွားတယ်။ ခဏကြာတော့ ရဲတွေရောက်လာပြီး နှလုံးလှပရဟိတအဖွဲ့ကို လာသယ်ခိုင်းတယ်။ အဲနားမှာ ဘယ်သူမှမကပ်ရဘူး၊ သေသွားပြီလို့လည်းပြောနေကြတယ်” 

သေဆုံးသူဟာ ဘယ်သူဘယ်ဝါနဲ့ ဘယ်အဖွဲ့အစည်းကဆိုတာ မသိရကြောင်း၊ တချို့ကလည်း ကောင်းခါးပြည်သူ့စစ်ကလို့ဆိုပြီး သူတို့ချင်းချင်း ပြန်ပစ်တာလို့လည်း ပြောတယ်လို့ ဆိုပါတယ်။ 

မူဆယ်ရှိ ပြည်သူ့စစ်တွေဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်တာတွေ ဘာမှမယ်မယ်ရရ မတွေ့ရဘဲ လောင်းကစား၊ ကာစီနိုတွေ၊ မူးယစ်ဆေးရောင်းဝယ်မှုတွေသာလုပ်ကိုင်ပြီး အချင်းချင်းမ တည့်ရင် လက်နက်နဲ့ ဖြေရှင်းလေ့ရှိတာကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ရတယ်လို့  မူ ဆယ်ဒေသခံက ပြောပါတယ်။

ဒီကြားထဲ သူတို့မြို့မှာ လုယက်မှု၊ ဓားပြမှု၊ ခိုးမှုတွေလည်းပေါများကြောင်း၊ သက်ဆိုင်ရာ အာ ဏာပိုင်အဖွဲ့အစည်းကလည်း ထိရောက်စွာနှိမ် နင်းတာမရှိလို့ ပြည်သူ့အတွက် လုံခြုံရေးမရှိဘဲ ဟိုအဖွဲ့ကြောက်ရ၊ ဒီအဖွဲ့ကြောက်ရ၊ သူခိုးဓားပြကြောက်ရနဲ့ အကြောက်တရားတွေအောက်မှာ အမြဲသတိထားပြီးနေနေရတယ်လို့  မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။  DVB

မောင်တောမြောက်ပိုင်း စစ်ဆေးရေးဂိတ်များ ၌ ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာတွေကို ကုန်ပစ္စည်း သယ်ယူပို့ဆောင်သွားလာနေကြတဲ့ မော်တော်ယာဉ်တွေကို  ကျီး ကန်းပြင်စစ်ဆေးရေးဂိတ်မှာ ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားပြီး တင်းကျပ်စစ်ဆေးနေတာကြောင့် ကားတွေ ရပ်နားထားရတယ်လို့ ဒေ သခံကားသမားက ပြောပါတယ်။

“ဘယ်လိုလုပ်ပြီး ကားတွေထွက်မလဗျာ။ ကားတစ်စီးကို ဆန် ၃ အိတ်နဲ့ အရက် ၃ ပုလင်း၊ မာမီခေါက်ဆွဲတစ်ဖာသာသယ်ယူခွင့်ပြုတယ်။ အဲဒီဝယ်ခဲ့တဲ့ ပစ္စည်းတွေကို ဝယ်လာတဲ့ ဆိုင်ရဲ့နာမည်ပါ ဘောက်ချာကိုပြရတယ်။ ဘယ်နေရာဘယ်ကျေးရွာကိုပို့မယ်လက်ခံမယ်နေအိမ်ရဲ့ နာမည် တွေပါ အတိအကျပေးရတယ်။ ဆီစျေးကကြီးတော့ ဘယ်လို့မှကား မထွက်နိုင်တောဘူး။” လို့ မောင်တောမြို့က ကားသမားကိုရွှေသိန်းက ပြော ပါတယ်။

တင်းကျပ် စစ်ဆေးတာတွေ များလာလို့  ဇန်နဝါရီ ၃၀ ရက်ကစပြီး ကားတွေ ရပ်နားထားကြတာ ဖြစ်ပါတယ်။

ကားပိုင်ရှင် ကိုလှမောင်သာက “ကားတစ်စီးထွက်ဖို့ဆိုတာ အခွန်ထွက်လို မရဘူးလေ။ ဆီစရိတ်ကာမိဖို့လိုတယ်။ စပယ်ယာနဲ့ ဒရိုင်ဘာကြေး ကာမိဖို့လိုတယ်။ မြောက်ပိုင်းကိုကားတွေထွက်နေတာက လူထက် ကုန်ပစ္စည်းတွေ သယ်တာက အဓိက။ ကျေးရွာတွေက စျေးဆိုင်လေးတွေအတွက်သယ်ယူ ရတာလေ။”လို့ ပြောပါတယ်။

ကုန်ကားသမားတွေဟာ မောင်တောမြောက်ပိုင်းက ကျေးရွာတွေမှာဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေ အတွက် ခေါက်ဆွဲခြောက်၊ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေ အပြင် အရက်နဲ့ စီးကရက် စတာတွေပါ သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ 

မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှုတွေ  အခုလိုကန့်သတ်ထားပါက ဒေသခံ သာမန်လူတန်းစားတွေသာ အခက်အခဲတွေ့နိုင်ပြီး  နောက်ပိုင်းမှာ ကုန်သွယ်ခွင့်ကိုယ်စားလှယ်တွေ ပေါ်လာနိုင်တယ်လို့ မောင်တောမြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်က သုံးသပ် ပါတယ်။

“ကုန်စည်စီးဆင်းမူကို ကန့်သတ်ထားလို့တောမရဘူးလေ။ ဝေးတဲ့ကျေးရွာတွေက ပြည်သူတွေ ဒုက္ခရောက်သွားမှာပေါ့။ ဒီလိုသာကန့်သတ်ထားယင် နောက်ပိုင်း ကုန်စည်သယ်ယူခွင့် ကိုယ်စားလှယ်တွေပေါ်လာလိမ်မယ်။”

ဇန်နဝါရီလ ၂၇ ရက်က  မောင်တောမြောက်ပိုင်းသို့ သွားရောက်တဲ့ လူငယ် ၃၁ ယောက်ကို ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တဲ့နေ့ကစလို့  အခုလို ကုန်စည်သွယ်ယူခွင့် ကန့်သတ်ချက်တွေအပြင်  ကားဒရိုင်နဲ့ ကားကိုပါ တွဲပြီး ဓာတ်ပုံ မှတ်တမ်းတင်တာတွေပါ ပြုလုပ်နေတာ ဖြစ်ပါတယ်တယ်။

အခုလို ကုန်စည်စီးဆင်းမှုတွေကို တင်းကျပ်စစ်ဆေးနေတာကြောင့် ​မောင်တောမြို့နယ်မြောက်ပိုင်းကျေးရွာ ၅၀ လောက်မှာ စားနပ်ရိက္ခာ ပြတ် တောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲသည့် ရွေး ကောက်ပွဲအမှု ၆ လအတွင်း အပြီးစစ်မည်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးတို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုဖြင့် စွပ်စွဲထားသည့်အမှုကို ရက်ပေါင်း ၁၈၀ (၆လ)အတွင်း အပြီးစစ်မည်ဟု နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ယနေ့ (ဒီဇင်ဘာ ၃၁) ဆုံးဖြတ်လိုက်သည်။

ထောင်သုံးနှစ်အထိချနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၃၀ − ကဖြင့် စွဲဆိုသည့် ထိုအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်း ဆောင်များလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဝန်ကြီး ဦးမင်းသူတို့ တစ်ပေါင်းတည်း ရင်ဆိုင်ရမည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အဆိုပါအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်နေသည့် ဝါရင့်ရှေ့နေ ဦးခင်မောင်ဇော်နှင့် အဖွဲ့ကပင် တာဝန်ယူရန်ရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပြောရေးဆိုခွင့် ပိတ်ပင်ထားသည်။ 

တပ်မတော်(လေ) မှ အငြိမ်းစားဗိုလ်မှူးကြီးဖြစ်သူ NLD အစိုးရလက်ထက် အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူအတွက် ၎င်း၏ဇနီး တရားလွှတ် တော်ရှေ့နေ ဒေါ်လွင်မေသိန်းက လိုက်ပါဆောင်ရွက်မည်ဟု သိရသည်။ ဒေါ်လွင်မေသိန်းသည် ၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်ရှေ့နေချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာဘဟန်၏ မြေးဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် လုပ်ငန်းရှင်တစ်ဦးထံမှ NLD အောင်နိုင်ရေးအတွက် တီရှပ်နှင့် လွယ်အိတ် ကျပ်သိန်း ၃၀၀ ကျော်ဖိုး ရယူသည်ဆိုကာ ဦးမင်းသူကို ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်း စစ်ကောင်စီက စွပ်စွဲထားသည်။ 

အာဏာသိမ်းပြီး တစ်နှစ်အတွင်း အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် စွဲဆိုသည့်အမှုပေါင်း ၁၇ မှုအထိ ရှိပြီဖြစ်ကာ ထိုအထဲမှ အမှု ၅ မှုဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

ဦးဝင်းမြင့်မှာမူ ယခုအမှုအပြင် သဘဝဘေးကယ်ဆယ်ရေးအတွက် NLD အစိုးရလက်ထက်က ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စဖြင့် စွပ်စွဲထားသည့် အဂတိမှု ၅ မှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ရင်ဆိုင်နေရသည်။ 

ထို့အတူ ဦးဝင်းမြင့်သည် ဆူပူလှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထောင်လေးနှစ်သတ်မှတ်ခံခဲ့ရကာ ညတွင်းချင်း ပြစ်ဒဏ်ထက်ဝက်ပြန်လျှော့ထားသည်။

နိုင်ငံတော်အကြီးအကဲနှစ်ဦးစလုံးကို စစ်ကောင်စီက အကျဉ်းထောင်သို့ မပို့ဘဲ လျှို့ဝှက်ထားသည့် နေရာ၌ပင် ဆက်လက်ထားရှိကာ အမှုများကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားခွင်၌ အပတ်စဉ် စစ်ဆေးနေသည်။

မဲစာရင်းမှား၍ အာဏာယူရပါသည်ဆိုသော စစ်ကောင်စီကမူ တစ်နှစ်ပြည့်သည်အထိ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ မဲပေးသူ ၂၀၀၀ ခန့်သာ ရှာတွေ့သေးသည်။

သို့သော် မဲမသမာမှု၊ မတရားပြုကျင့်မှုများဖြင့် စွပ်စွဲ၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်နှင့် ပါတီဝင်များ၊ ယခင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ တာဝန်ရှိသူ စုစုပေါင်း ၄၂၂ ဦး၊ တိုင်းနှင့် ပြည်နယ် UEC အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်ပေါင်း ၂၄၈၉ ဦး စုစုပေါင်း ၂၉၁၁ ဦးကို အရေးယူမည်ဟု စစ်ကောင်စီက ပြောထားသည်။ myanmar now

အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်-မြင်းမူမြို့နယ်စပ်နှစ်ခုကြား ပဒတ်ထိုင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက်ခင်းပိုင်းက  ရဟတ်ယာဉ်နဲ့လာရောက် ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ်ဟာ မုံရွာမြို့ နမခဘက်ကနေလာ ရောက်ပစ်ခတ်တာဖြစ်တယ်လို့ လည်းသိရပါတယ်။

ဒေသခံပြည်သူတစ်ဦးက “ရဟတ်ယာဉ်လေးစီးနဲ့ လာပစ်တာဗျ။ ဗုံးတွေလည်းကြဲတယ်။ အသံအကျယ်ကြီးတွေပါ ကြားနေရတယ်။ ဒီနားတဝိုက် တခြားရွာတွေထိ မြေကြီးပါ တုန်ဟီးနေ တာပဲ။ ကျနော်တို့ရွာမှာလည်း ကြောက်လို့ အားလုံး မြေကျင်းထဲ ဝင်ပုန်းနေရပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုပြီးအခုလို လာရောက်ပစ်ခတ်တာဟာ ဒေသခံပြည်သူ ကာကွယ်ရေးတပ်သင်တန်းဆင်းပွဲရှိတယ်ဆိုပြီး မှားယွင်းတဲ့သတင်းရထားလို့ လာရောက် ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ  အထိခိုက်အကျဆုံးရှိမရှိကိုတော့ မသိရသေးသလို ကျေးရွာအတွင်းစစ်ကောင်စီတပ်တွေ ဝင်ရောင်တပ်စွဲနေတာကြောင့်  အထိခိုက်အကျဆုံး အတိကျကိုသိရဖို့ စုံစမ်းလို့ မရသေးပါဘူး။ DVB

စရဖများကို စစ်ကောင်စီက ချီးမြှင့်မြှောက် စား

ထောက်လှမ်းရေးတို့၏အမည်ကို အများပြည်သူ မသိနိုင်ရန် လျှို့ဝှက်ထားတတ်ကြသော်လည်း စစ်ကောင်စီကမူ စစ်ထောက်လှမ်းရေးအရာရှိတချို့၏ အမည်များကို ၎င်းတို့၏ ကိုယ်ပိုင်နံပါတ်နှင့်တကွ ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာကာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးလိုက်သည်။

ဇန်နဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဘွဲ့တံဆိပ်ရရှိသူများ စာရင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင် ၈ ဦး၏ အမည် ပါဝင်နေပြီး ရာထူးအကြီးဆုံးမှာ ဒုတိယတပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီ (ကြည်း ၂၁၄၃၂)  ဖြစ်သည်။ 

ဗိုလ်ချုပ်တိုးရီသည် အာဏာသိမ်းရန် လပိုင်းအလိုတွင် ရက္ခိုင့်တပ်တော်(AA) နှင့် သွားရောက်တွေ့ဆုံပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲမှု သေချာစေရေးအတွက် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်သည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ဖမ်းဆီးနှိပ်စက်ရန် တာဝန်ယူထားသူတို့မှာ အဆိုပါ စရဖတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ ဖမ်းထားသူ နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း ကိုဗစ် သို့မဟုတ် ရောဂါတစ်ခုခုဖြင့် သေဆုံးသည်ဆိုပြီး ချက်ချင်း သင်္ဂြိုဟ်ခြင်း၊ အလောင်းဖျောက်ခြင်း စသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ပေါက်နေသည်။ 

စစ်ကောင်စီက စရဖတပ်ဖွဲ့ဝင်တို့ကို ထိုသို့ ဂုဏ်ပြုခြင်းသည် သတ်ဖြတ်မှုများအတွက် အားပေးခြင်းပင် ဖြစ်သည်၊ စစ်တပ်ထဲတွင် အားကျသူများ ရှိသလို နာကြည်းသွားသူများလည်း ရှိမည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။ 

“EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) နဲ့ တိုက်တယ်၊ ဒဏ်ရာရတယ်၊ တချို့လည်း အောင်မြင်မှုရတာတွေရှိတယ်။ သူတို့ကို မပေးဘဲနဲ့ ပြည်သူကို သတ်တဲ့လူကို ပေးတယ်ဆိုတဲ့ ခံစားချက်၊ နာကြည်းချက် ရှိတဲ့အဖွဲ့က တစ်ဖွဲ့ပေါ့၊ အဲလိုနှစ်ဖွဲ့ဖြစ်တာပေါ့” 

ဘွဲ့ထူးဂုဏ်ထူး ရရှိသူများစာရင်းတွင် အဖမ်းအဆီးလုပ်ငန်းကို အားဖြည့်ကူညီပေးရသည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလည်း ပါဝင်နေသည်။

စစ်ဗိုလ်ချုပ်ကြီးများက ပြည်သူကို အကြမ်းဖက်နေသောကြောင့် ၎င်းတို့ပေးသော ဘွဲ့များသည် အကြမ်းဖက်ဘွဲ့တံဆိပ်များသာ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။ 

“အကြမ်းဖက်စစ်အုပ်စုက ဘွဲ့တံဆိပ်တွေပေးတယ်ဆိုတာကို လက်ခံတယ်ဆိုတဲ့သူတွေကိုယ်တိုင်ကလည်း ဒီအကြမ်းဖက်စစ်အုပ်စုနဲ့ တစ်သားတည်းပဲဖြစ်သွားတယ်။ သူတို့ကိုယ်တိုင် အကြမ်းဖက်သမားတွေကို အားပေးတဲ့သူတွေဖြစ်တယ်” ဟု AAPP မှ တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီတပ် လက်ချက်ကြောင့် သေဆုံးသည့် အရပ်သား ၁၄၉၉ ဦး အနည်းဆုံးရှိသည်ဟု ဖမ်းဆီးနှိပ်စက်မှုများကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် AAPP ၏ ဇန်နဝါရီ ၂၈ စာရင်းအရ သိရသည်။ အများအပြားမှာ စစ်ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းစဉ် သေဆုံးခြင်း ဖြစ်သည်။

စစ်ကောင်စီကမူ AAPP ၏ စာရင်း မှန်ကန်မှုမရှိဟု ပြောသည်။

၂၀၂၂ ဇန်နဝါရီလတွင် ဂုဏ်ပြုဆုရကြသည့် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ

၁။ ဗိုလ်မှူး သန့်ဇင်ဦး (ကြည်း ၆၀၈၀၃)၊

၂။ ဗိုလ်ချုပ်တိုးရီ (ကြည်း ၂၁၄၃၂)

၃။ ဗိုလ်မှူးချုပ် ကိုကိုဦး (ကြည်း ၂၅၉၇၈)

၄။ ဗိုလ်မှူးချုပ် ကျော်ကျော်လွင် (ကြည်း ၂၈၁၁၈)

၅။ ဗိုလ်မှူးချုပ် အောင်ကျော်ကျော် (ကြည်း ၂၂၅၆၈)

၆။ ဒုတိယအရာခံဗိုလ် မင်းမင်းထိုက် (တ-၁၉၈၈၅၁)

၇။ တပ်ကြပ်ကြီး ခိုင်ကိုလတ် (၉၉၂၆၇၀)

၈။ တပ်ကြပ်ကြီး သူရထွန်းအောင် (တ-၃၁၁၀၀၉ )  myanmar now

မော်လမြိုင်ကျွန်းမြို့နယ်၌ လောင်းကစားဝိုင်းများ စစ်ကောင်စီက တရားဝင် ခွင့်ပြုထား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာတွင် စစ်ကောင်စီ ထောက်ခံသူနှစ်ဦး ဦးစီးကာ အ ပတ်စဉ် စနေနေ့တိုင်း လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို စစ်ကောင်စီက တရားဝင် ခွင့်ပြုပေးထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီ ထောက်ခံသူ နှစ်ဦးသည် မော်လမြိုင်ကျွန်းမြို့၊ စော်ကဲချောင်းကျေးရွာနေ ဦးမြင့်နိုင်နှင့် အမှတ် (၉) ရပ်ကွက်နေ ဦးဇော်ဝင်း တို့ဖြစ်ပြီး လူမှုကွန်ရက် ပေါ်တွင်လည်း စစ်ကောင်စီ သတင်းများ နေ့စဉ် ဖြန့်ဝေနေသူများ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။”ဦးမြင့်နိုင်က ဖေ့ဘွတ်ပေါ်မှာ သတင်းနဂါး မီဒီယာလို့ Page တစ်ခုဖွင့်ပြီး စစ်တပ်ကောင်းကြောင်းတွေ နေ့တိုင်းတင်နေတဲ့သူပါ၊ ဧရာဝတီသား ဆိုတဲ့ သူ့ရဲ့ဖေ့ဘွတ် အကောင့်မှာလည်း တင်တယ်၊ ဦးဇော်ဝင်း ကလည်း အလုပ်အကိုင်ရယ်လို့ ရေရေရာရာ မရှိတော့ စစ်တပ်တွေရဲတွေနဲ့ ပေါင်း ပြီး ငွေရှာနေတာပါ” ဟု ၎င်းကဆိုသည်။

၎င်းတို့ နှစ်ဦးသည် လောင်းကစားဝိုင်းမှ ရရှိသည့် အကောက်ငွေများအား မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီနှင့် ခွဲဝေယူနေကြောင်း ဒေသခံများအား နည်းမျိုးစုံ ခြိမ်းခြောက်ကာ ငွေကြေးတောင်းယူ နေသူများလည်း ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။”ရေကျော်ကြီးမှာ စနေ နေ့ တိုင်း လုပ်နေတဲ့ ကြက်ဝိုင်းကရတဲ့ အကောက်ဆိုရင် အခုဆို သိန်း ၂၀ လောက်ရနေပြီ၊ မြင့်နိုင်နဲ့ ဇော်ဝင်းက စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ နှစ်ယောက်ပါ” ဟု ဒေသခံက ဆက်ပြောသည်။

မော်လမြိုင်ကျွန်းမြို့တွင် အဆိုပါ စစ်ကောင်စီ ထောက်ခံသူ နှစ်ဦး၏ ရဲသတင်းပေး လုပ်ရပ်များကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများအား PDF နှင့် ပတ်သက်သည်ဟုဆိုကာ သတင်းပေး ဖမ်းဆီးစေခြင်းများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ် ကြောင်း ဒေသခံများက ပြောသည်။ mizzima

နွေဦးတော်လှန်ရေး ၁ နှစ်ပြည့် နိုင်ငံရေးတရားပွဲ ကျင်းပမည်

ကိုမင်းကိုနိုင်၊ ဒေါက်တာတေဇာဆန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးတချို့ ပါဝင်ဆွေးနွေးကြမယ့်  မြန်မာ့နွေဦးတော်လှန်ရေး တနှစ်ပြည့် နိုင်ငံရေးတရားပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဒီပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်၊ ည ၈ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်တို့နဲ့အတူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊  ကရင်အမျိုးသားအစည်းအရုံး – KNU အ ထွေထွေအတွင်းရေးမှူးချုပ်ဖဒိုစောတာဒိုမူး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းတို့က ပါဝင် သွားကြမှာ ဖြစ်ပါတယ်။

ဒီနိုင်ငံရေးတရားပွဲကို General Strike Coordination Body – GSCB ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာနဲ့ ဒီဗွီဘီသတင်းဌာနကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ် သလို တခြားသော မီဒီယာတွေမှာလည်း  တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ အကြမ်းဖက်စစ်တပ် က အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့တဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၁ နှစ်ပြည့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာ ကွယ် ရေးတပ်တွေကြား တိုက်ပွဲတွေ လည်း ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာလည်း မြန်မာနိုင်ငံအနှံ့ ငြိမ် သက်ခြင်းသပိတ်ကို ပါဝင်ဆင်နွှဲကြဖို့လည်း ရှိနေပါတယ်။ DVB

ထားဝယ်မြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်များတွင် ပြည်သူများ အနိုင်ကျင့် ပစ္စည်းသိမ်းခံနေရ

ထားဝယ်မြို့နယ်ရှိ လမ်းနှင့် တံတားအချို့တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များမှ ဖြတ်သန်း သွားလာ နေသည့် ပြည်သူများအား စစ်တပ်က အနိုင်ကျင့်ကာ ပါလာသည့် ပစ္စည်းများကို သိမ်းဆည်းနေကြောင်း မြို့ခံများထံမှ သိရသည်။ထားဝယ်မြို့နယ်မှ တစ်ဆင့် အခြား မြို့နယ်များနှင့် ကျေးရွာများသို့ သွားလာရာတွင် ဖြတ်သန်းနေရသည့် လမ်းနှင့် တံတားများတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ဆိုင်ကယ်နှင့် ကားများတွင် ပါလာသည့် ကုန်ပစ္စည်းများကို စစ်ဆေးပြီး စစ်ကောင်စီ အသိအမှတ်ပြု ကဒ်ပြားများ မပြည့်စုံဟုဆိုကာ အနိုင် ကျင့် သိမ်းဆည်း နေသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

“ပါလာတဲ့ ကုန်ပစ္စည်းတွေကို သိမ်းပြီး တစ်ရက်ကြာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပစ္စည်းတွေကို ပြန်လာ ထုတ်ခိုင်းပါတယ်”ဟု ကိုယ်တိုင် ကြုံခဲ့ရသည့် လောင်းလုံးမြို့ ဒေသခံ တစ်ဦးက ပြောသည်။စစ်ကောင်စီတပ် သိမ်းယူခဲ့သည့် ပစ္စည်းများကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှစ၍ လာရောက် ရွေးယူရမည် ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည့် “အသံတိတ် သပိတ်” တွင် ပြည်သူများ လမ်းပေါ်တွင် ရှိနေစေရေး စစ်ကောင်စီက နည်းအမျိုးမျိုးဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း လိုင်စင်နှင့် အခြားသော အချက်အလက်များ ပြည့်စုံနေသော်လည်း ဆိုင်ကယ်များကို စစ်ကောင်စီတပ်က အ ကြောင်းမဲ့ ဖမ်းဆီးကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လာရောက် ရွေးယူခိုင်းကြောင်း ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။ mizzima

ပြည်မြို့နယ် အ.ထ.က ကျောင်း လုံခြုံရေးရဲ ကင်း ဗုံးခွဲခံရပြီး ရဲ ၁ ဦး သေဆုံး

ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်း ရှေ့မျက်စောင်းထိုးက အ.ထ.က ကျောင်းဝင်းထဲမှာ ဇန်နဝါရီက ၃၁ ရက်နေ့ မနက် ၈ နာရီ ၂၀ လောက်က ဗုံးတစ်လုံးကွဲခဲ့ပြီး ရဲတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်ဆီက သိရပါတယ်။

ဒေသခံတယောက်က “ဗုံးက စာသင်ကျောင်းစည်းရိုး အုတ်တံတိုင်းအတွင်းဘက် ကျောင်းရဲ့မြောက်ဘက်ထွက်ပေါက်နားက သူတို့ သဲအိတ်ဘန်ကာလုပ်ထားတဲ့ အဲဒီနေရာမှာကို ပေါက်တာ၊ အသံကအကျယ်ကြီးပဲ။ ဆွဲမိုင်းတော့မဟုတ်ဘူး၊ အချိန်ကိုက်လုပ်ထားပြီး ဖုန်းနဲ့ခေါ်ပြီးခွဲတဲ့ ချိန်ကိုက်ဗုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်ကပြောနေတာကိုတော့ ကြားတယ်” လို့ ပြောပါတယ်။ ပေါက်တဲ့အချိန်က လူရှုပ်ချိန်ကြီး၊ တော်သေးတယ် အထဲမှာပေါက်တာ။ သူတို့ကိုပဲ ရည်ရွယ်ပြီး သေချာလုပ်ထားတာ၊ အဲ့ဒီဘေးမှာက ဈေးလည်းရှိတော့ လူတော့များတယ်၊ လူတွေတော့နည်းနည်း ထိတ်လန့်သွားကြတာပေါ့” လို့ ပြောပါတယ်။

ဝက်ထီးကန်မြို့မှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က ရဲစခန်းမှာ အမြဲတပ်စွဲထားပြီး ရဲတွေကတော့ ဌာနဆိုင်ရာနေရာတွေမှာ လုံခြုံ ရေးစောင့်ကြတယ်လို့ ဆိုပါတယ်။

အခု ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းတော့ ဒေသရဲတွေက လုံခြုံရေးယူထားပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်ကြပ်ကြီး ညွန့်ဝင်း (ဝက်ထီးကန် ရဲသင်တန်းကျောင်းစခန်း) သေဆုံးသွားတာဖြစ်ပြီး ဒဏ်ရာရသူ ရှိ၊ မရှိကိုတော့ DVB က ဆက်လက်စုံစမ်းနေပါတယ်။ DVB

မြောင်းမြမြို့၌ အသံတိတ်သပိတ်နေ့တွင် စစ် တပ် ထောက်ခံပွဲလုပ်ရန် စစ်ကောင်စီ စီစဉ်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာရှင် အလိုမရှိကြောင်း အသံတိတ် ဆန္ဒပြမည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြောင်းမြမြို့၌ စစ်တပ် ထောက်ခံပွဲ လုပ်ရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။ယင်းစစ်တပ် ထောက်ခံပွဲကို ကြံ့ခိုင်ရေးပါတီ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မဘ သ ဘုန်းတော်ကြီးအချို့ ဦးဆောင်မည်ဖြစ်ပြီး တပ်ထောက်ခံပွဲ လာရောက်သူများ အတွက် အကြိုအပို့ကား စီစဉ်ပေးကာ ငွေကြေးနှင့် ခေါက် ဆွဲကြော်ထုတ်များ ပေးဝေရန် စစ်ကောင်စီက စီစဉ်ထားကြောင်း အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း တစ်ဦးက ပြောသည်။

“ဆိုင်တွေကို မဖွင့်မနေရ လိုက်ဖွင့်ခိုင်းထားတယ်၊ တပ်ထောက်ခံပွဲက မနက် ၉ နာရီစမယ်၊ နောင်ရိုးခန်းမနဲ့ ဘောလုံးကွင်းနားကနေ စမယ်၊ မြို့တစ်ပတ် ပတ်မယ်၊ ရဲနဲ့ စစ်သားတွေက လုံခြုံရေး ယူထားပေးမယ်လို့ ပြောတယ်၊ ပိုက်ဆံကတော့ အနီးအဝေးရွာအလိုက် ၃ ထောင် ၅ ထောင် လို့ ကြားတာဘဲ၊ ပေးတယ် မပေးဘူးကတော့ မနက်ဖြန်မှ သိရမယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ်အနီး ကွမ်းယာ ရောင်းချနေသူ တစ်ဦးကို မတရား ဖမ်းဆီးကာ မျက်လုံးကွယ်၍ ခန္ဓာ ကိုယ် ချို့တဲ့သည်အထိ ရိုက်နှက်နှိပ်စက် ပြီးနောက် အပြစ်မရှိဟုဆိုကာ နေအိမ်ကို ပြန်လည် ပို့ဆာင်ခဲ့ခြင်းကြောင့် မြို့ခံလူထုက မကျေမနပ် ဖြစ်နေကြောင်း သိရသည်။ mizzima

« Older Entries