စရဖများကို စစ်ကောင်စီက ချီးမြှင့်မြှောက် စား

ထောက်လှမ်းရေးတို့၏အမည်ကို အများပြည်သူ မသိနိုင်ရန် လျှို့ဝှက်ထားတတ်ကြသော်လည်း စစ်ကောင်စီကမူ စစ်ထောက်လှမ်းရေးအရာရှိတချို့၏ အမည်များကို ၎င်းတို့၏ ကိုယ်ပိုင်နံပါတ်နှင့်တကွ ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာကာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးလိုက်သည်။

ဇန်နဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဘွဲ့တံဆိပ်ရရှိသူများ စာရင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင် ၈ ဦး၏ အမည် ပါဝင်နေပြီး ရာထူးအကြီးဆုံးမှာ ဒုတိယတပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီ (ကြည်း ၂၁၄၃၂)  ဖြစ်သည်။ 

ဗိုလ်ချုပ်တိုးရီသည် အာဏာသိမ်းရန် လပိုင်းအလိုတွင် ရက္ခိုင့်တပ်တော်(AA) နှင့် သွားရောက်တွေ့ဆုံပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲမှု သေချာစေရေးအတွက် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်သည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ဖမ်းဆီးနှိပ်စက်ရန် တာဝန်ယူထားသူတို့မှာ အဆိုပါ စရဖတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ ဖမ်းထားသူ နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း ကိုဗစ် သို့မဟုတ် ရောဂါတစ်ခုခုဖြင့် သေဆုံးသည်ဆိုပြီး ချက်ချင်း သင်္ဂြိုဟ်ခြင်း၊ အလောင်းဖျောက်ခြင်း စသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ပေါက်နေသည်။ 

စစ်ကောင်စီက စရဖတပ်ဖွဲ့ဝင်တို့ကို ထိုသို့ ဂုဏ်ပြုခြင်းသည် သတ်ဖြတ်မှုများအတွက် အားပေးခြင်းပင် ဖြစ်သည်၊ စစ်တပ်ထဲတွင် အားကျသူများ ရှိသလို နာကြည်းသွားသူများလည်း ရှိမည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။ 

“EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) နဲ့ တိုက်တယ်၊ ဒဏ်ရာရတယ်၊ တချို့လည်း အောင်မြင်မှုရတာတွေရှိတယ်။ သူတို့ကို မပေးဘဲနဲ့ ပြည်သူကို သတ်တဲ့လူကို ပေးတယ်ဆိုတဲ့ ခံစားချက်၊ နာကြည်းချက် ရှိတဲ့အဖွဲ့က တစ်ဖွဲ့ပေါ့၊ အဲလိုနှစ်ဖွဲ့ဖြစ်တာပေါ့” 

ဘွဲ့ထူးဂုဏ်ထူး ရရှိသူများစာရင်းတွင် အဖမ်းအဆီးလုပ်ငန်းကို အားဖြည့်ကူညီပေးရသည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလည်း ပါဝင်နေသည်။

စစ်ဗိုလ်ချုပ်ကြီးများက ပြည်သူကို အကြမ်းဖက်နေသောကြောင့် ၎င်းတို့ပေးသော ဘွဲ့များသည် အကြမ်းဖက်ဘွဲ့တံဆိပ်များသာ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။ 

“အကြမ်းဖက်စစ်အုပ်စုက ဘွဲ့တံဆိပ်တွေပေးတယ်ဆိုတာကို လက်ခံတယ်ဆိုတဲ့သူတွေကိုယ်တိုင်ကလည်း ဒီအကြမ်းဖက်စစ်အုပ်စုနဲ့ တစ်သားတည်းပဲဖြစ်သွားတယ်။ သူတို့ကိုယ်တိုင် အကြမ်းဖက်သမားတွေကို အားပေးတဲ့သူတွေဖြစ်တယ်” ဟု AAPP မှ တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီတပ် လက်ချက်ကြောင့် သေဆုံးသည့် အရပ်သား ၁၄၉၉ ဦး အနည်းဆုံးရှိသည်ဟု ဖမ်းဆီးနှိပ်စက်မှုများကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် AAPP ၏ ဇန်နဝါရီ ၂၈ စာရင်းအရ သိရသည်။ အများအပြားမှာ စစ်ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းစဉ် သေဆုံးခြင်း ဖြစ်သည်။

စစ်ကောင်စီကမူ AAPP ၏ စာရင်း မှန်ကန်မှုမရှိဟု ပြောသည်။

၂၀၂၂ ဇန်နဝါရီလတွင် ဂုဏ်ပြုဆုရကြသည့် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ

၁။ ဗိုလ်မှူး သန့်ဇင်ဦး (ကြည်း ၆၀၈၀၃)၊

၂။ ဗိုလ်ချုပ်တိုးရီ (ကြည်း ၂၁၄၃၂)

၃။ ဗိုလ်မှူးချုပ် ကိုကိုဦး (ကြည်း ၂၅၉၇၈)

၄။ ဗိုလ်မှူးချုပ် ကျော်ကျော်လွင် (ကြည်း ၂၈၁၁၈)

၅။ ဗိုလ်မှူးချုပ် အောင်ကျော်ကျော် (ကြည်း ၂၂၅၆၈)

၆။ ဒုတိယအရာခံဗိုလ် မင်းမင်းထိုက် (တ-၁၉၈၈၅၁)

၇။ တပ်ကြပ်ကြီး ခိုင်ကိုလတ် (၉၉၂၆၇၀)

၈။ တပ်ကြပ်ကြီး သူရထွန်းအောင် (တ-၃၁၁၀၀၉ )  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s