ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲသည့် ရွေး ကောက်ပွဲအမှု ၆ လအတွင်း အပြီးစစ်မည်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးတို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုဖြင့် စွပ်စွဲထားသည့်အမှုကို ရက်ပေါင်း ၁၈၀ (၆လ)အတွင်း အပြီးစစ်မည်ဟု နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ယနေ့ (ဒီဇင်ဘာ ၃၁) ဆုံးဖြတ်လိုက်သည်။

ထောင်သုံးနှစ်အထိချနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၃၀ − ကဖြင့် စွဲဆိုသည့် ထိုအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်း ဆောင်များလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဝန်ကြီး ဦးမင်းသူတို့ တစ်ပေါင်းတည်း ရင်ဆိုင်ရမည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အဆိုပါအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်နေသည့် ဝါရင့်ရှေ့နေ ဦးခင်မောင်ဇော်နှင့် အဖွဲ့ကပင် တာဝန်ယူရန်ရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပြောရေးဆိုခွင့် ပိတ်ပင်ထားသည်။ 

တပ်မတော်(လေ) မှ အငြိမ်းစားဗိုလ်မှူးကြီးဖြစ်သူ NLD အစိုးရလက်ထက် အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူအတွက် ၎င်း၏ဇနီး တရားလွှတ် တော်ရှေ့နေ ဒေါ်လွင်မေသိန်းက လိုက်ပါဆောင်ရွက်မည်ဟု သိရသည်။ ဒေါ်လွင်မေသိန်းသည် ၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်ရှေ့နေချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာဘဟန်၏ မြေးဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် လုပ်ငန်းရှင်တစ်ဦးထံမှ NLD အောင်နိုင်ရေးအတွက် တီရှပ်နှင့် လွယ်အိတ် ကျပ်သိန်း ၃၀၀ ကျော်ဖိုး ရယူသည်ဆိုကာ ဦးမင်းသူကို ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်း စစ်ကောင်စီက စွပ်စွဲထားသည်။ 

အာဏာသိမ်းပြီး တစ်နှစ်အတွင်း အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် စွဲဆိုသည့်အမှုပေါင်း ၁၇ မှုအထိ ရှိပြီဖြစ်ကာ ထိုအထဲမှ အမှု ၅ မှုဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

ဦးဝင်းမြင့်မှာမူ ယခုအမှုအပြင် သဘဝဘေးကယ်ဆယ်ရေးအတွက် NLD အစိုးရလက်ထက်က ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စဖြင့် စွပ်စွဲထားသည့် အဂတိမှု ၅ မှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ရင်ဆိုင်နေရသည်။ 

ထို့အတူ ဦးဝင်းမြင့်သည် ဆူပူလှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထောင်လေးနှစ်သတ်မှတ်ခံခဲ့ရကာ ညတွင်းချင်း ပြစ်ဒဏ်ထက်ဝက်ပြန်လျှော့ထားသည်။

နိုင်ငံတော်အကြီးအကဲနှစ်ဦးစလုံးကို စစ်ကောင်စီက အကျဉ်းထောင်သို့ မပို့ဘဲ လျှို့ဝှက်ထားသည့် နေရာ၌ပင် ဆက်လက်ထားရှိကာ အမှုများကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားခွင်၌ အပတ်စဉ် စစ်ဆေးနေသည်။

မဲစာရင်းမှား၍ အာဏာယူရပါသည်ဆိုသော စစ်ကောင်စီကမူ တစ်နှစ်ပြည့်သည်အထိ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ မဲပေးသူ ၂၀၀၀ ခန့်သာ ရှာတွေ့သေးသည်။

သို့သော် မဲမသမာမှု၊ မတရားပြုကျင့်မှုများဖြင့် စွပ်စွဲ၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်နှင့် ပါတီဝင်များ၊ ယခင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ တာဝန်ရှိသူ စုစုပေါင်း ၄၂၂ ဦး၊ တိုင်းနှင့် ပြည်နယ် UEC အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်ပေါင်း ၂၄၈၉ ဦး စုစုပေါင်း ၂၉၁၁ ဦးကို အရေးယူမည်ဟု စစ်ကောင်စီက ပြောထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s