Monthly Archives: Feb 2022

ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး ၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့တွင် တိုက်တွန်း

စစ်အာဏာရှင်စနစ်ကိုပယ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးစား ကြဖို့ ကေအန်ယူထိပ်ပိုင်း ခေါင်းဆောင်တယောက်ဖြစ်တဲ့ ပဒိုစောသမိန်းထွန်းက ပြည်သူလူထုကို တိုက်တွန်းလိုက်ပါတယ်။

၇၅ နှစ်မြောက် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day) အခမ်းအနားကို ကော်သူးလေ ထိန်းချုပ်နယ် မြေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ကေအန်ယူ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောသမိန်းထွန်းက “ဒီကနေ့ ဗမာပြည်ရဲ့ ပြဿနာကတော့ စစ်အာဏာရှင်စနစ် အုပ်ချုပ်နေတဲ့အောက်မှာတော့ မဖြစ်နိုင်ဘူး။  စစ်အာဏာရှင်စနစ်ကို ပယ်ပြီးရင် တကယ်စစ်မှန်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစစ်စစ် နိုင်ငံတစ်ခုပေါ်ထွန်းလာအောင် ကျနော်တို့ ဝိုင်းဝန်းကြိုးစားကြဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကေအန်ယူအနေနဲ့ လုပ်ငန်းလမ်းစဉ် အခြေခံမူမှာ ကရင်အမျိုးသား တစ်ခုတည်း အတွက် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ဘဝတူ တိုင်းရင်းသားလူမျိုးစုတွေရဲ့ဘဝကို စာနာထောက်ထားသလို အဖိနှိပ်ခံ ဗမာအမျိုးသားတွေပါ ပါနိုင်အောင် သေချာခိုင်မာအောင် ရေး ဆွဲချမှတ်ခဲ့တဲ့အတွက် အားလုံးစည်းလုံးညွတ်ပြီး ကြိုးစားဆောင်ရွက်သွားကြဖို့  ဆိုပါတယ်။

အဆိုပါ အခမ်းအနားမှာ ပဒိုစောဆဲပွယ် ( KNU အထွေထွေအတွင်းရေးမှူး ၁) က အဖွင့်အမှာစကားပြောကြားကာ ပဒိုမန်းဘထွန်း (KNU – သစ်တောဌာနမှူး ) က KNU – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ သဝဏ်လွှာကို ဖတ်ကြားပြီး ကရင်အမျိုးသားအစည်းအရုံးနေ့ ဖြစ်ပေါ်လာပုံအကျဥ်းကိုတော့ ပဒိုစောသမိန်ထွန်း ( ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်)က ရှင်းလင်းပြောကြားပြီး ကရင်လူငယ်မျိုးဆက်သစ်တွေက ဂုဏ်ပြုသီချင်းသီဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကေအန်ယူဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊  ကေအန်ယူ အထွေထွေအ တွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ကေအန်ယူ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးတို့က ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့သလို ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေးက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ကေအန်ယူ -တပ်ဘက်ဆိုင်ရာ အကြီးအကဲ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ အကြီးအကဲ ခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံး ( KYO )က ကရင်လူငယ်ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူလူထုတွေ အပါအဝင် လူဦးရေ ၂၀၀ ကျော် တက်ရောက်ကြပါတယ်။

ဒီကနေ့မှာပဲ စစ်ကောင်စီတပ်က ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာကို လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ် အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ကာ ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ DVB

ဖားကန့်မြို့နယ် မနော့မှော် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနော့မှော် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်တွင် ဂျက်လေယာဉ်တစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကချင်လွတ်‌မြောက်ရေး တပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ် ခတ်မှုပြုလုပ်နေသည်ဟု ဒေသခံက သတင်းပေးပို့ထား သည်။

ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာအနီး တောင်ဘက် နှစ်မိုင်ခန့်ဝေးသည့် မနော့မှော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KIA တပ်မဟာ(၉ )အောက်ရှိ တပ်ရင်း (၄၄)တို့ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေ ကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

” သူတို့ဘက်က အထိအခိုက်တွေ များတော့ ဒီနေ့ နေ့လယ်မှာ ဂျက်ဖိုက်တာနဲ့ ငါးခေါက်လောက်ပတ်ပြီးလာပစ်တယ်။ မနေ့ကလည်း နေ့လယ် ၁၂နာရီ ကစပြီး ည ၁ နာရီအထိ ဂျက်ဖိုက်တာတွေနဲ့ လာပစ်လိုက် ပြန်သွားလိုက်လုပ်ခဲ့တယ်။ နမ်းယာ့ကျေးရွာမှာရှိတဲ့ စကစ(စစ်ကောင်စီ) တပ် စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ အကြိမ်ရေ မနည်းပစ်ခဲ့တယ်။ ဒီနေ့လည်း ပစ်နေတယ်” ဟု နမ့်ယားကျေးရွာ ဒေသခံက မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်ဘက်မှ မကြာခဏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုမျိုး လုပ်ဆောင်နေသည်ဟု သိရသည်။

ဖေဖော်ဝါရီလမှ စတင်ကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း စစ်ကောင်စီတပ်များနှင့် KIA တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဓာတ်ပုံ – ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဆွမ်ပီယန်နဲ့ လုံရှန်ယန်ကျေးရွာရှိ ဒေသခံများက ဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါဒေသမှ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ mizzima

အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်ပါတီ ရုံးနားရှိ သင်္ဃန်းကျွန်း AGD ဘဏ်တွင် ပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီရုံးနားရှိ AGD ဘဏ်တွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄နာရီ ၃ဝမိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လေးထောင့်ကန်လမ်းမကြီးကို ပိတ်ထားကာ စစ်ဆေးများ ပြုလုပ်နေကြောင်း သိရသည်။khit thit

လောင်းရှည်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၂ ဦးသေ၊ အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ လောင်းရှည်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေကို  ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ လောင်ရှည်PDF ထံကနေ သိရပါတယ်။

လောင်းရှည်မြို့ ရဲစခန်းကုန်းနဲ့ မီးသတ်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ မနက် ၇ နာရီလောက်မှာ လောင်ရှည်PDF နဲ့ YDF (ဆော၊ကျောက်ထု)တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီဘက်က ၂ ပွင့်နဲ့ အရာရှိ တစ်ယောက်၊ တပ်သားတစ်ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ လောင်းရှည်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတွေအနားထိ တက်ပြီး လက်လုပ် တာဝေးပစ် လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်ကလည်း စက်လတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ မနက် ၉နာရီအထိ ၂ နာရီလောက်ကြာအောင် တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေရမ်း သန်း ပစ်ခတ်လို့ အရပ်သားပြည်သူ တစ်ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်”။

တိုက်ပွဲတွေ ပြီးသွားပေမဲ့လည်း ကပစ(၂၅)က စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်က မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်တွေက ခြံဝိုင်းထဲတွေထိကျပြီး ပေါက်ကွဲ တာဗျ။ မွန်းလွဲ ၂ နာရီလောက်အထိ ရမ်းသန်းပြီးတော့ ပစ်ခတ်သံတွေ ဆူညံလို့ပဲ။ လောင်းရှည်မြို့ ဒေသခံတွေအပြင် အနီးနားကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင် ပုန်းအောင်းနေရတယ်”လို့  မြို့ခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ခရီးသွားတာ တွေ၊ တောတောင် ယာခင်းတွေကို သွားတာတွေမှာ အထူးဂရုစိုက်ကြဖို့ လောင်းရှည် PDF က သတိပေးထားပါတယ်။

တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးသလို  စစ်ကောင်စီဘက်က လည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB

ရေးမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၏ မိသားစုဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က  ရန်ကြီးအောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်က မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က  သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ အဆိုပါနေအိမ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသားငယ် အပါဝင် မိသားစုတွေပါ ဖမ်း ဆီးခဲ့ဆောင်သွားပြီး ဘာကြောင့် ဖမ်းဆီးသွားခဲ့သလဲဆိုတာ မသိရသလို ပြီးခဲ့တဲ့ရက်တွေကလည်း ရွေး/ကော်မရှင်အဖွဲ့ဝင် ဒေါ်ညို အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ မတရားဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တင်တာကြောင့် ဖမ်းဆီးခံရသူတွေ ရှိသလို PDF နဲ့ ပတ် သက်တယ်လို့ စွပ်စွဲခံရသူတွေလည်း ပါရှိခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ နေထိုင်သူ တယောက်က “အခုရက်ပိုင်းတွေမှာ စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ တောက်လျှောက် ပြုလုပ်လာတယ်။ မြို့ တွင်းမှာ ဆိုင်ကယ်ဖမ်းဆီးမှုတွေက တခါရှိလာပြန်တော့ လူကိုပါ ထောင် တလ ကျတဲ့အထိ ဖမ်းဆီးခဲ့လာတာ။ ဒါကြောင့် လူတွေ အသွား အ လာမရှိကြတဲ့အပြင် ခြံထွက်ပစ္စည်းဈေးတွေ မရတဲ့တော့ဘဲ အရောင်းအဝယ်သမားတွေပါ ထိခိုက်ကျဆင်းသွားခဲ့တယ်”  ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့တဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူး၊ စာရေး စတာတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် အခုရက်ပိုင်းမှာပိုပြီး ဖမ်း ဆီးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အခုလို စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ နေ့စဉ်နီးပါးလောက် ပြုလုပ်လာခဲ့တာကြောင့် မြို့ခံလူထုတွေကြားမှာ စိုးရိမ်စိတ်တွေ လွန်ကဲလာနေပါတယ်။

စစ်ကောင်စီတပ်က အခုလို ဖမ်းဆီးတာနဲ့ပတ်သက်လို့  ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ အသိပေး ပြောဆိုတာ မရှိသေးပါဘူး။ DVB

မင်းတပ် ပြင်းထန်တိုက်ပွဲများတွင် စစ်ကောင် စီတပ်ဖွဲ့ သေဆုံးမှုများဟု ဒေသကာကွယ်ရေးတပ်ဆို

ချင်းပြည်နယ်၊ မတူပီမှ ပြန်ဆင်းလာသော စစ်ကောင်စီ ယာဉ်တန်းအား နေ့စဉ်ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အကျအဆုံး များကြောင်း CDF Mindat တာဝန်ရှိသူက ပြောသည်။

“ဒီနေ့မနက် ၁၈ မိုင်အနီးနားမှာ တိုက်ပွဲ ပြင်းထန်နေပါတယ် စကစ(စစ်ကောင်စီ) စစ်ကြောင်းကကော မင်းတပ်မြို့ပေါ်က (၂၇၄) တပ်ကပါ လက်နက်ကြီးနဲ့ ပတ်ဝန်းကျင်ရွာတွေကို အလွန်အကျွံ ရမ်းသန်း ပစ်ခတ်နေတယ်” ဟု CDF Midat ပြောခွင့်ရသူ ဆလိုင်းယောမန် ကပြော သည်။

ဖေဖော်ဝါရီလ ၄ ရက် နေ့လယ်၂ နာရီ၌ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၀ တွင် ၁ နာရီ မိနစ် ၃၀ ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခုနှစ်ဉီးခန့် သေဆုံးရာ လက်နက်ကြီး မျိုးစုံနှင့် အကြိမ် ၅၀ ဝန်းကျင် ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့ပေါ်မှလည်း ပစ်ကူပေးခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီ ဝန်းကျင်တွင်လည်း မိုင်တိုင် ၂၈ ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး ရှိနိုင်သော်လည်း အတိအကျ မသိရကြောင်း၊ CDF Mindat ရဲဘော်တစ် ဉီး ဒဏ်ရာ ရရှိကြောင်း ဆိုသည်။

မိုင်တိုင် ၃၂ နှင့် ၃၀ တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဉီး သေဆုံးကာ MA 3 သေနတ် တစ်လက် ရရှိခဲ့ကြောင်း ကားတစ်စီးအား တိုက်ခိုက်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း ကလေးငယ်များ တင်ဆောင်လာသဖြင့် ပစ်ခတ်ခြင်း မရှိဘဲ လွှတ်ပေးလိုက်ကြောင်း ပြောသည်။

မတူပီမှ ဆင်းလာသော အဆိုပါယာဉ်တန်းအား CDF Mindat က အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ သော်လည်း မကြာမီ မင်းတပ်မြို့သို့ ဝင်ရောက်ဖွယ်ရှိကြောင်း ဆလိုင်းယောမန်က သုံးသပ်ပြောသည်။ mizzima

ကျောက်ဆည်တွင် ပရဟိတသမား We Love Kyuakse ဦးဆောင်သူ ကိုဖြိုးသီဟဇင်နှင့် NL D ပါတီထောက်ခံသူ လူငယ် တစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ် ဖြတ်ပြီး အလောင်း ၂ ခုကို မြို့ရှောင်လမ်းတွင် စွန့်ပစ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်တွင် နာမည်ကျော် ပရဟိတသမား We Love Kyuakse ဦးဆောင်သူ ကိုဖြိုးသီဟဇင်နှင့် NLD ပါတီထောက်ခံသူ လူငယ် တစ်ဦးကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ ည ၁၁ နာရီအချိန်တွင် နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီးပြီး သတ်ဖြတ်ကာ ယနေ့ နံနက်ပိုင်းတွင် မြို့ရှောင်လမ်းတွင် အလောင်း ၂ ခုကို စွန့်ပစ်ထားခဲ့ကြောင်း ကျောက်ဆည်ဒေသခံများက ပြောသည်။

“မနေ့ညက စစ်တပ်က ကိုဖြိုးသီဟဇင်ရဲ့ အိမ်ဝင်စီးတယ်။ သူက ခံဝန်နဲ့ ပြန်လာပြီးနေတာ။ အေးအေး ဆေးဆေးနေတယ်။ ပရဟိတသမား။ လူပျိုလူလွတ် ။ အင်မတန်မှ သနားကြင်နာတတ်သူ။ သစ်ပင်တွေစိုက်သူ။ We Love Kyaukse ဦးဆောင်သူ။ ကျောက်ဆည်မှာ တံတားတစ်စင်း မကောင်းတာ သူကိုယ်တိုင်အလှူခံပြီး မနှစ်က ခင်းထားသေးတယ်။ အဲဒီလိုလူမျိုးကို ဖမ်းပြီး လုပ်ရက်တာ။ နောက်ပြီး အရင်အုပ်ကြီးဟောင်း ရဲ့ သား NLD ပါတီထောက်ခံသူလည်း မနေ့ညက အဖမ်းခံရပြီးအသတ်ခံရတယ်။ ကိုဖြိုးနဲ့ အဲဒီလူငယ် နှစ်ဦးအလောင်းကို မြို့ရှောင်လမ်းမှာ လာပစ်ထားတယ်။ ည၁၁ နာရီမှာ လာဖမ်းပြီး သေနတ်နဲ့ပစ်တယ်။ ဓားနဲ့ခုတ်ထားတယ်” ဟု ကျောက်ဆည်ဒေသခံတစ်ဦးက ပြော သည်။

အကြမ်းဖက် စစ်တပ်က ယမန်နေ့ညပိုင်းက အမျိုးသမီးငယ်တစ်ဦးကိုလည်း ဖမ်းဆီးပြီး ကားပေါ်တွင် ထိုးကြိတ် ရိုက်နှက်ကြောင်း၊ အမျိုးသ မီးငယ်က အလစ်တွင် ထွက်ပြေးလာသဖြင့် ဒဏ်ရာများဖြင့် လွတ်မြောက် လာကြောင်း သိရှိရသည်။

ကိုဖြိုးသီဟဇင်၏ နာရေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။

ကျောက်ဆည်တွင် စစ်တပ်က ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်မှုဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်၊အုပ်ချုပ်ရေးမှုး၊ ဒုရဲအုပ်ဟောင်း ဟန်မျိုးအောင်က ဦးဆောင်ပါဝင်လျက်ရှိကြောင်း သိရှိရသည်။ khit thit

လောက်ကိုင်မြို့ KTV ရှေ့တွင် ပစ်ခတ်မှုဖြစ်ပြီး ကိုးကန့်ရဲ အပါအဝင် လူအချို့သေဆုံး

တရုတ် – မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ထန်ဟွေ့ KTV ရှေ့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီလောက်က  လက်နက်ကိုင်အဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ကိုးကန့်ရဲတပ်ဖွဲ့ဝင် အပါအဝင် လူတချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ်အနီး ထန်ဟွေ့ KTV ရှေ့မှာ ကိုးကန့်လက်အောက်ခံ ရဲတပ်ခွဲ (၅)၊ ပြည်သူ့စစ်နဲ့ လောပန်းနောက်လိုက်တွေ ခိုက်ရန်ဖြစ်ပြီး နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ပစ်ခတ်မှုမှာ ပြည်သူ့စစ်ဘက်က  စက်သေနတ်နဲ့ ပစ်ခတ်လို့ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ၃ ယောက်  နေရာမှာတင် ပွဲချင်းပြီး  သေဆုံးသွားပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

ကိုးကန့်သတင်းမှာတော့ ရဲတပ်ဖွဲ့ ၁ ဦးအပါအဝင် ၅  ယောက်သေပြီး ၂ ယောက် ဒဏ်ရာတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပေမဲ့ သီးခြားအ တည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နယ်မြေ ရှင်းလင်းခဲ့တာကြောင့် ဒဏ်ရာ ရသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသတွင်း လောင်းကစားနဲ့ မူးယစ်ဆေးဝါးလောကမှာ အချင်းချင်း မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိပြီး အခု ပစ် ခတ်မှု ဘာကြောင့်ဖြစ်ပွားတယ်ဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ DVB

မြို့တော်ဝန် ဒေါက်တာရဲလွင် ပြင်ပဆေးရုံ၌ ကုသမှုခံယူနေရ

ထောင်ဒဏ် ၂ နှစ်ချခံထားရသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ကျန်းမာရေးအခြေအနေ မကောင်းသဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၄) နံနက်တွင်  ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူနေရကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည့် မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထောင်ပိုင်နှင့် ထောင်ဆေးရုံအုပ်တို့က နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် သွားရောက်ခေါ်ဆောင်ကာ ပြင်ပဆေးရုံသို့  ပို့ဆောင်လိုက်ကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက ယမန်နေ့ ညတွင် Myanmar Now ကို ပြောသည်။

“ဒီနေ့ ပို့လိုက်တာ။ အစာအိမ်နှင့် အူလမ်းကြောင်းမှာ စစ်ဆေးဖို့အတွက် ပို့လိုက်တာပါ။ မန္တလေးပြည်သူ့ဆေးရုံကြီးပဲ ဖြစ်ဖို့များမယ်။ ကျွန် တော်တော့ မသိလိုက်ရဘူး။ ဆေးရုံရောက်ပြီးအခြေအနေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

“အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာဖြစ်နေတယ်လို့ သူ့ကိုယ်သူ သံသယ ဖြစ်တာပေါ့ဗျာ။ ဟိုတုန်းကတည်းက သံသယဖြစ်တယ်လို့ ခံ စားထားတာပါ့ဗျာ။ အဲဒါနဲ့ ဖြစ်အောင်ပို့လိုက်တာနဲ့တူတယ်” 

စစ်ကောင်စီသည် ဒေါက်တာရဲလွင်ကို  နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲကာ  ဒီဇင်ဘာ ၈ တွင် အိုးဘိုထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ် ၂ နှစ်  ချခဲ့သည်။

ဒေါက်တာရဲလွင်သည်  စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အမှတ်အသားဖြစ်သော လက်သုံးချောင်း ထောင်ထားသည့် ဓာတ်ပုံကို ၎င်း၏ Facebook အကောင့်၌ တင်ခဲ့သည်ဟု ဆိုကာ ထောင်ချခံရခြင်း ဖြစ်သည်။

မြို့တော်ဝန် ​​ဒေါက်တာရဲလွင်သည် မျက်စိအထူးကုဆရာဝန်ကြီးအဖြစ် မန္တလေးမြို့တွင် လူသိများသူ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး နောက် မန္တလေးမြို့ စည်ပင်သာယာ ရေးဝန်ကြီးဖြစ်လာပြီး အရပ်သားအစိုးရလက်ထက်  မြို့တော်ဝန် ဒေါက်တာရဲလွင်၏ လုပ်ဆောင်ချက်များမှာ လူထောက်ခံမှု ရရှိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်များပါ ဖမ်းဆီးထိန်းသိမ်း ခံ ထားရသည်။ 

သွေးကင်ဆာကို ရင်ဆိုင်နေရသော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သော အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်သည်လည်း အိုးဘိုထောင်တွင်း လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရသောကြောင့် အရေးပေါ် ကုသမှု ခံခဲ့ရသည်။ 

အိုးဘိုထောင် ရှိ အကျဉ်းသားများမှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ဖြစ်သလို နေထိုင်ရကြောင်း၊ ရောဂါလက္ခဏာပြင်းထန်ပြီး အခြေအနေဆိုးသူများသာ ထောင်ဆေးရုံသို့ သွားခွင့် ရကြောင်း၊ လူကြီးပိုင်း ကျန်းမာရေးအခြေအနေ ဆိုးသူများကိုသာ ပြင်ပဆေးရုံ ပို့ပေးကြောင်း အကျဉ်း ကျခဲ့သူများနှင့် ရှေ့နေ အသိုင်းအဝိုင်းက ယမန်နှစ်အောက်တိုဘာလအတွင်း ပြောခဲ့သည်။myanmar now

« Older Entries