Monthly Archives: Feb 2022

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှု သွေးရူးသွေးတန်း လုပ် ရပ်ဖြစ်၍ ခေါင်းထဲ ထည့်ရန် မလိုဟု KNU ပြော

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ယမန်နေ့ညပိုင်း ကြေညာချက်ထုတ်ပြန်၍ ဖိတ်ခေါ်ကမ်းလှမ်းမှု သည် သွေးရူးသွေးတန်း လုပ်နေခြင်းဖြစ်၍ ခေါင်းထဲ ထည့်စရာမလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီးက ပြောဆိုသည်။

“ဒီအချိန် ဒီကာလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာညာ လာပြောစရာ အကြောင်း ကို မရှိတာ။ ကျနော်တို့လုပ်ခဲ့တုန်းကလည်း သေသေချာချာ ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ အခွင့်အရေးရှိလျက်သားနဲ့ လုံးဝကို ဂရုမစိုက်ဘဲ နောက်ဆုံးကျတော့ အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ လုပ်လာတဲ့အခါကျတော့ ကျနော်တို့က လုံးဝ လက်ခံလို့ မရဘူး။ သည်းမခံနိုင်ဘူး အဲဒီအနေ အထားကို။ ဒါကြောင့်မို့ ကျနော်တို့ ရှေ့ဆက်ပြီး လုပ်နိုင်တာက စစ်အာဏာသိမ်းတာနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူ ထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်။ ဒါက အသစ်အသစ်သော တိုင်းပြည်၊ အသစ်အသစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားမှာဖြစ်တဲ့အ တွက် နောက်လှည့်ပြီးတော့ သူတို့ပြောတာတွေ ကို ခေါင်းထဲမှာ ထည့်စရာအကြောင်းမရှိတော့ဘူး။” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားတော်လှန်ရေးအ ဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

မတရားအာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သူ နိုင်ငံတစ်ဝန်း များပြားနေပြီး ထိန်းမနိုင် သိမ်းမရ အခြေအနေဖြစ်နေကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ချက်သည် သွေးရူးသွေးတန်း လျှောက်လုပ်ခြင်းသာ ဖြစ်ကြောင်း၊ ဖက်ဒ ရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် လက်ရှိ စစ်ကောင်စီနှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ဆိုသည်။

“စစ်အာဏာသိမ်းခါစနဲ့ တစ်နှစ်ပြီးတဲ့နောက်ပိုင်း စစ်ပွဲအခြေအနေက လုံးဝ မတူတော့ဘူး။ အရင်ကနဲ့ မတူတာက အခု တနိုင်ငံလုံး တနံတလျားမှာ သူ့ကို ဆန့် ကျင်အုံကြွပြီး တိုက်ခိုက်နေတဲ့အနေအထားက ဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ထိန်းမနိုင် သိမ်းမရတဲ့ အနေအထားတခုမှာ သူတို့က ကောက်ရိုးတမျှင် စာလေး ရလိုရငြား သွေးရူးသွေးတန်းနဲ့ ထလုပ်တာလို့ ကျနော် မြင်တယ်ဗျ။ ကျနော် ပြော ချင်တာက ဒီအချိန် ဒီကာလမှာ လူထုတရပ်လုံး တောင်းဆိုမှုဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးထဲက လုံးဝကို ထွက်ခွာသွားဖို့ပါ၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ ဒီစစ်တပ်နဲ့ သွားပြီးတော့ စိတ်ကူး ယာဉ်စရာအကြောင်းကို မရှိတော့တာ။ အဖြူကို ရွေးမလား၊ အမဲကို ရွေးမလားဆိုတာ ဒီနေ့ဒီကာလဟာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်။ ဒီအချိန်ကာလမျိုးမှာ အညိုရောင်သန်းတဲ့ဟာကို ရွေးဖို့ဆိုတဲ့ စိတ်ကူးယဉ်တဲ့ ဟာမျိုးနဲ့ တွေးပြီး အချိန်ဖြုန်းနေစရာ အကြောင်းကို မရှိတော့ဘူး” ဟု KNU နိုင်ငံခြား ရေးတာဝန်ခံလည်း ဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို AA ၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း ငြင်းဆိုလိုက်ပြီဖြစ်သည်။khit thit

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်သူ လူသတ်သမားကို ပဲခူးပြည်သူ့ကာ ကွယ်ရေးတပ် စုံစမ်းအရေးယူမည်

ပဲခူးမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်သတ်သွားသည့်အမှုနှင့်ပတ်သက်၍ လူသတ်သမားကိုစုံစမ်းအရေးယူသွားမည်ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်က ကြေညာလိုက်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က နန်းတော်ရာရပ်ကွက် ဆံတော်တွင်းလမ်းမတန်း အင်းဝင် (၁၀) လမ်းထိပ်အနီးရှိ Htun ပင်လယ်စာအစိမ်း/ထုံချိုင်းစားဖွယ်စုံဆိုင်ပိုင်ရှင် အသက် ၂၃ နှစ်အရွယ် မချစ်ချစ်ထွန်းမှာ သူ၏ဆိုင်ထဲတွင် အသတ်ခံခဲ့ရသည်။။

“ အသတ်မခံရခင် သုံးလလောက်က Facebook အကောင့်တစ်ခုကနေပြီးတော့ အဲ့ကောင်မလေးကို ဒလန်လို့စွပ်စွဲရေးသားထားတာတွေ့တယ်။ ကျနော်တို့သိထားသလောက်က သူကဒလန်မဟုတ်ပါဘူး။ သူ့ကို ဘယ်သူပဲ သတ်သတ်ကျနော်တို့က ဖော်ထုတ်အရေးယူသွားမှာပါ။ အခုအပြင်မှာ ပျံ့နေတာက PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေက သတ်ဖြတ်တယ်လို့ ပုံစံပြောဆိုနေကြတယ်ဗျ။ ဒါကလည်း PDFတွေကို ပုံဖျက်ချင်တဲ့သဘောလုပ်ဆောင်နေတယ်လို့ ကျနော်မြင်တယ်။” ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မချစ်ချစ်ထွန်း၏ကိုယ်ဝန်မှာ မွေးဖွားရန်နီးနေပြီး ရုပ်အလောင်း၏ ဘယ်ဘက်ရင်အုံတွင် သေနတ်ဒဏ်ရာတစ်ခု၊ ထိုးသွင်းဒဏ်ရာတစ်ခုနှင့် မျက်နှာတွင် ညိုမဲပွန်းပဲ့ဒဏ်ရာများတွေ့ရှိခဲ့သည်ဟု လိုက်ပါကူညီခဲ့သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ညမိုးချုပ်၍ ဆိုင်ပိတ်ပြီးချိန်တွင် အသက် ၂၀ ကျော်အရွယ်ဟု ခန့်မှန်းရသော အမျိုးသားတစ်ဦးဆိုင်ကယ်ဖြင့်ရောက်လာကာ အချင်းများကြပြီးနောက် သေနတ်သံကြားခဲ့ရသည်ဟု ထို့နေ့ကအဖြစ်အပျက်နှင့်ပတ်သက်၍ အမည်မဖော်လိုသူဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ပင်လယ်စာအရောင်းဆိုင်နေရာမှာ ငှားရမ်းထားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားစဉ်က ဆိုင်အတွင်း မချစ်ချစ်ထွန်းတစ်ဦးတည်းရှိနေခဲ့သလို လအတန်ကြာ တစ်ယောက်တည်းနေသူတစ်ဦးဟု ဒေသခံများကပြောသည်။

မချစ်ချစ်ထွန်းနှင့် အဖော်အမျိုးသားတစ်ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆိုင်ခန်းငှားရမ်းနေထိုင်ခဲ့ကြပြီး လအနည်းငယ်အကြာတွင် မသင့်မမြတ်ဖြစ်ကာ အမျိုးသားထွက်သွားခဲ့သည်ဟုဆိုသည်။

လူသတ်မှုနှင့်ပတ်သက်၍ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စုံစမ်းစိစစ်လျက်ရှိပြီး မှတ်တမ်းများ စုဆောင်းလျက်ရှိကာ ရရှိလာသောမှတ်တမ်းများနှင့် ပြည်သူများ၏လုံခြုံရေးကို ဖောက်ဖျက်ကျူးလွန်သူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား သက်ဆိုင်ရာတာဝန်ရှိသူများသို့ ပေးပို့သွားပြီး အရေးယူမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

” ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့သူတွေကို ဒီတော်လှန်ရေးကြီးပြီးသွားရင် တရားဥပဒေနဲ့ အညီအရေးယူသွားမှာပါ” ဟု ပဲခူးပြည်သူ့ကာကွယ် ရေးတပ်တာဝန်ရှိသူက ပြောသည်။

ပဲခူးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်အပြင် အခြားသော ကာကွယ်ရေးတပ်ဖွဲ့များလည်းရှိနေရာ အနည်းဆုံး ငါးဖွဲ့ရှိမည်ဟု ခန့်မှန်းရသည်။ mizzima

ကလေးတွင် စစ်ယာဉ်တန်းကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၁၇ ဦးခန့် သေ ဆုံးပြီး CDNF ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကား ၈ စီးပါသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၉ ဦးခန့် သေဆုံးကြောင်း၊ CNDF ၁ ဦး ကျဆုံးကြောင်း PDF Kalay က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းကို PDF (Kalay) ၊ CNDF၊ CDF (KKG)၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း CNDF ရဲဘော် ၁ ဦး လက်နက်ကြီး ထိမှန် ကျဆုံးခဲ့ကာ အခြား ၅ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ကလေးမြို့ဘက်သို့ ဆက်လက်ထွက်ခွာလာပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခန့်တွင် ၂ ကြိမ်၊ ညနေ ၅ နာရီခန့်တွင် ၁ ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ကား ၁ စီး ပျက် စီးသွားပြီး စစ်သား ၈ ဦး သေဆုံးကြောင်း၊ က လေးမြို့နှင့် ၈ မိုင်ခန့်အကွာ ထောက် ကြံ့ကျေးရွာတွင် စခန်းချထားကြောင်း PDF Kalay က သတင်းထုတ် ပြန်သည်။ khit thit

ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ ပစ်ခတ်မှုဖြစ်ပြီး လူ ၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဖေဖေါ်ဝါရီ ၇ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး  ပြည်သူ ၂ ယောက်  ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဖန်ခါးကုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားတဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာပစ်ခတ်သွားတဲ့အတွက် အိမ်ပိုင်ရှင်လင်မယား ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံက ပြောပါတယ်။

“မနက် ၄ နာရီလောက်က ပေါက်ကွဲ ပစ်ခတ်သံ ကြားရတယ်။ စစ်တပ်က စစ်ဆေးရေးဂိတ်ကို  သူတို့ခြံဝင်းထဲလာဖွင့်ထားတာ အိမ်ပိုင်ရှင် လင်မယားနှစ်ယောက် ဒဏ်ရာရသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒဏ်ရာသွားတဲ့ လင်မယားကို စစ်ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ် စစ်ဆေးနေပါတယ်။

စစ်ဆေးရေးဂိတ် ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားအပြီး မနက်  ၁၁ နာရီလောက်မှာ ဗန်းမော်မြို့နယ် စည်ပင်သာယာရေးရုံးရှေ့မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။ DVB

မိုးမိတ်တွင် စစ်တပ်ကပစ်ခတ်မှုကြောင့် သေ ဆုံးခဲ့သူ ၁ ဦးအပါအဝင် ၃ ဦး ပျောက်ဆုံးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့သူ ၁ ဦးနဲ့ ဒဏ်ရာရသူအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဒီနေ့အချိန်အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသူ ၃ ဦးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးလုံးကို စစ်တပ်က ဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

“ခရိုင်ရုံးနားမှာ လူ သုံးယောက်ဆိုင်ကယ်စီးလာတာ တားတာ မရပ်ပေးလို့ မိုးပေါ်တချက် ထောင်ပစ်လိုက်တယ်။ မရပ်ပေးသေးလို့ ပစ်လိုက်တာ ၁ ယောက်သေတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။ 

ပစ်ခတ်ဖမ်းဆီးခံလိုက်ရသူတွေက မိုးမိတ်မြို့ လက်ခုပ်တန်းရပ်ကွက်က အမျိုးသားတွေဖြစ်ပြီး ဒီနေ့အထိ သေဆုံးအလောင်းလည်း ပြန်မရသေးသလို ဖမ်းဆီးခံရသူနှစ်ဦးရဲ့အခြေအနေကိုလည်း မသိရဘဲ ပျောက်ဆုံးနေတာလို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၇ ရက်ကစပြီး စစ်ကောင်စီတပ်က မိုးမိတ်မြို့မှာ မိုဘိုင်းဒေတာအင်တာနက်တွေကို ဖြတ်တောက်ထားပြီး ဝိုင်ဖိုင်တစ်မျိုးတည်းသာ အသုံးပြုလို့ရတာကြောင့် မိသားစုဝင်တွေကို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကြိုးစားပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။

ဖေဖော်ဝါရီ ၂ ရက်ကလည်း အသံတိတ်သပိတ်လှုပ်ရှားမှုပုံရိပ်တွေကို ကိုယ်ပိုင်အကောင့်မှာ တင်ခဲ့သူကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထား​တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ DVB

ရှောင်တာနဲလ်အား ပြန်လွှတ်လိုက်သည်ဆိုခြင်းကို စစ်ကောင်စီ ငြင်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ကြားဝင်ဆောင်ရွက်ပေးမှုနောက် တစ်နှစ်ကြာ ဖမ်းဆီးထားသည့် ဩစတြေးလျပညာရှင် ရှောင်တာနဲလ်အား ပြန်လည်လွှတ်ပေးလိုက်ပြီဆိုခြင်းကို စစ်ကောင်စီက ငြင်းဆန်သည်။ 

စီးပွားရေးပညာရှင် ရှောင်တာနဲလ်သည် မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး မကြာမီ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

၎င်းကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားကာ အပြစ်ရှိကြောင်း စီရင်ပါက ထောင်ဒဏ် ၁၄ နှစ်အထိ အများဆုံး ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်သည်။ 

ရှောင်တာနဲလ်ကို ပြီးခဲ့သည့်ရက်က ပြန်လွှတ်ပေးလိုက်ပြီဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့တွင် ပြောခြင်းဖြစ်သည်။ 

ဩစတြေးလျ အစိုးရ၏ မေတ္တာရပ်ခံချက်ကို ကြားဝင်ဆောင်ရွက်ပေးပြီးနောက် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်လက စစ်ကောင်စီအကြီးအကဲနှင့် တွေ့ဆုံခဲ့သည့် ကမ္ဘောဒီးယားက သဘောထားတင်းမာသူ ဟွန်ဆန်က ပြောသည်။ 

“အဲဒီအချိန်က မင်းအောင်လှိုင်ကို ကျွန်တော် မေတ္တာရပ်ခံခဲ့တယ်၊ မင်းအောင်လှိုင်က အပြုသဘောစဉ်းစားပါမယ်ဆိုပြီး ပြောပါတယ်”ဟု မြန်မာခရီးစဉ်နှင့် ပတ်သက်သော မေးခွန်းကို ၎င်းက တုံ့ပြန်ဖြေဆိုသည်။ 

“မနေ့ကတော့ သူ လွတ်သွားပါပြီ”ဟု ရှောင်တာနဲလ်ကို ရည်ညွှန်းပြီး ဟွန်ဆန်က ပြောသည်။ 

ရှောင်တာနဲလ်အား ပြန်လွှတ်သည်ဆိုခြင်းကို စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက ငြင်းဆန်သော်လည်း ဟွန်ဆန်သည် ခရီးစဉ်အတွင်း ထိုအရေးကိစ္စကို ပြောဆိုခဲ့ကြောင်း ဝန်ခံသည်။ ဟွန်ဆန်၏ မြန်မာခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် ပြည်ပခေါင်းဆောင်တစ်ဦး ပထမဆုံး လာရောက်ခြင်းပဲ ဖြစ်သည်။ 

“ဒီ အရေးကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားစီရင်ရေး ပြီးရင် စဉ်းစားပါမယ်ဆိုပြီး ပြောခဲ့တယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲစွပ်စွဲခံရသ‌ဘော တရားစွဲဆိုမှုအတွက် နေပြည်တော်တွင် ကြာသပတေးနေ့တိုင်း အမှုကြားနာစစ်ဆေးခံရလျက် ရှိသည်။  mizzima

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‌နော်လင်းဟေဇာ တွေ့ဆုံ

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံ​ကြောင်း NUG က သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် ‌ဒေါက်တာနော်လင်းဟေဇာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင်ဖြေကြားခဲ့သော အင်တာဗျူးနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခဲ့သည်နှင့် စပ်လျဥ်း၍ ပြန်လည်ဖြေရှင်းခဲ့ပြီး မိမိအနေနှင့် မြန်မာပြည်သူများ၏ အသံသည်သာ အဓိကကျကြောင်းနှင့် အထူးအလေး ထားကြောင်း ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် မိမိ၏တာဝန်သည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရမည်ဖြစ်သော ကြောင့်နားလည်ပေးစေလိုပါကြောင်း၊ မိမိ၏ အဓိကမျှော်မှန်းချက်သည် မြန်မာနိုင်ငံကိုအကူအညီပေးရန်သာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ပြီး – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ပိုမိုနားလည်စေရန် လေ့လာကြားနာ သွားလိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အနေနှင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြံစည်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ အနေနှင့် ဖြစ်ပေါ်လာရသော လူအခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူများအပေါ်လူသားချင်းစာနာထောက်ထားမှုပေးရန်အရေးပေါ် လိုအပ်နေမှုအခြေအ နေ များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အနေနှင့် မြေပြင်တွင်ဖြစ်ပေါ်နေသောအခြေအနေများ၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုများ၊ ယမန်နေ့ကဖြစ်ပွားခဲ့သော ၁၇ နှစ်အရွယ်ကျောင်းသားတဦးအား ရန်ကုန်မြို့လည်ခေါင်တွင် သေနတ်နှင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့မှု အပါအဝင် အကြမ်းဖက်ဖမ်းဆီးနှိပ်စက်နေမှုများ ၊ ကျေးရွာများကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေမှုများ အပါအဝင် လေကြောင်း တိုက်ခိုက်မှုများ ၊ စသည့် တို့အပြင်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုများကို ဖက်ဒရယ်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်ပြည်သူလူထု က ညီညီညွတ်ညွတ်ဆန့်ကျင်တော်လှန်နေကြသည့် အခြေအနေ အ ရပ်ရပ် အပါအဝင် NUG ၏ ပေါင်းစပ် ဆောင်ရွက်ချက်များ စသည့် တို့ ကို အကျယ်တဝင့် ဆွေးနွေးပြောကြား​ကြောင်း သိရှိရသည်။ khit thit

ရေဦးမြို့နယ် ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့်ပစ်ခတ်ပြီး စစ်အင်အားတိုးချ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သောင်ပြင်ငယ်ကျေးရွာနဲ့ ပလူစဝကျေးရွာတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ပစ်ခတ်ပြီး ရဟတ်ယာဉ်နဲ့ စစ်သားတွေ နေရာချခဲ့ပါတယ်။ 

ရွာသားတွေကတော့ ဘေးလွတ်ရာ ရှောင်ပြေးနေရတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးပါဘူး။ 

ရွာထဲမှာ ပစ်ခတ်ဖောက်ခွဲပြီး ပစ္စည်းတွေ နေအိမ်တွေကို ဖျက်ဆီးနေတဲ့အသံတွေကိုတော့ ကြားခဲ့ရတယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။ 

လေယာဉ်နဲ့ပစ်ခတ်တာကြောင့် ရွှေငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ဆောင်ခွင့်မရခဲ့ဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ ရေဦးမြို့နယ်၊ သောင်ပြင်ငယ်ရွာသားတစ်ဦးက ပြောပါတယ်။

“ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ရောက်လာပြီး ရွာကိုပတ်ကြည့်တယ်။ တိုက်လေယာဉ်တစ်စီး ရဟတ်ယာဉ် ၃ စီး။ ရဟတ်ယာဉ်တွေက ပစ်ကူပြီးတော့ လူချတယ်။ ပျက်စီးဆုံးရှုံးမှုတော့ အတိအကျမသိရသေးဘူး။ ကားတွေတော့ဖျက်စီးတယ်လို့ သိရတယ်။ အိမ်တွေကတော့ ရဟတ်ယာဉ်နဲ့ဝဲတော့ ဘေးလွတ်ရာရှောင်ရတာပေါ့။ ကျနော်တို့ ပြန်နားထောင်တဲ့အခါမှာတော့ ရိုက်ခွဲတဲ့ အသံတွေကြားရတယ်။ ပလူစဝရွာနားမှာလည်း ဂျက်လေယာဉ်နဲ့ပစ်တယ်။ လူတွေလည်းချသွားတယ်။ ပလူစဝရွာနားမှာ ရဟတ်ယာဉ် ၄ စီးနဲ့ လူချသွားတယ်။ ကျနော်တို့ကတော့ ရှောင်ပြေးတာတော်တော်ဝေးဝေးကို ရောက်နေတယ်။ ရွှေ၊ ငွေ၊ ပိုက်ဆံ ဘာမှ ယူချိန်မရဘူးဗျ။ ကိုယ်လွတ်ရုန်းပြေးခဲ့ရတာ။”

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာတော့ ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး အင်ပင်ထိ၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတော၊ လှော်ကားကြီး ကျေးရွာတွေကို စစ်ကောင်စီက ဆက်တိုက်မီးရှို့ အကြမ်းဖက်ခဲ့ပါတယ်။ 

ကျေးရွာ ၅ ခုက စုစုပေါင်း အိမ်ခြေ ၁၅၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။ 

ပုလဲမြို့နယ်ထဲမှာလည်း စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေနေရာချခဲ့ပြီး ပုလဲ-ဂန့်ဂေါလမ်းကို နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကိုမောင်မောင်ပီ (ပုလဲ)က ပြောပါတယ်။

“ဇန်နဝါရီ ၃၀ရက်နေ့မှာ အင်ပင်ထိကို စပြီးမီးရှို့တယ်။ ၃၁ ရက်နေ့မှာ မွေ့တုံကျေးရွာ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပန်းရွာ။ ၂ ရက် ၃ရက်တွေမှာတော့ မင်တိုင်ပင်မှာ မီးမရှို့ဘဲနဲ့ ကားတွေနဲ့မွှေနှောက် ပစ္စည်းတွေယူပြီး ပျူစောထီးတွေ စခန်းချတဲ့ အင်ပင်ထိရွာကို ပစ္စည်းတွေ သယ်သွားတယ်။ အင်ပင်ထိမှာ အဖမ်းခံထားရတဲ့ ရွာသား ၁၀၀ ကျော်ကို စာသင်ကျောင်းထဲမှာ ထိန်းသိမ်းထားတယ်။ ပြီးတော့ မင်းတိုင်ပင်၊ ပုလဲ-ဂန့်ဂေါလမ်းဘေးမှာပဲ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်လို့ ၄ ဦး သေဆုံးတယ်။ အဲ့ဒီ ၄ ဦး မင်းတိုင်ပင်အစပ်နားမှာပဲ မီးရှို့အလောင်းဖျောက်တယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကိုင်းတောရွာကို မီးရှို့တယ်။ အဲ့ဒီမှာ အိမ်ခြေတစ်ဝက်နီးပါး မီးလောင်တာရှိတယ်။ ၅ ရက်နေ့မှာတော့ လှော်ကားကြီးကျေးရွာကို မီးရှို့တယ်။ စုစုပေါင်းရွာ ၅ ရွာက အိမ်ခြေ ၁၅၀၀ လောက်မီးလောင်ပျက်စီးသွားတယ်။”

စစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာတွေကို စစ်ကောင်စီက ဆက်တိုက်မီးရှို့ပြီး ရိက္ခာလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားတဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသမှာ ဖြတ် ၄ ဖြတ်စနစ်ကို စစ်ကောင်စီက ကျင့်သုံးနေပြီး သတင်းအမှောင်ချနိုင်ဖို့ အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားပါတယ်။ ဒေသခံတွေက လက်လုပ်သေနတ်တွေနဲ့ ဆက်လက်ခုခံနေတာကြောင့် စစ်ကောင်စီရဲ့အကြမ်းဖက်မှု အချိန် ၈ လကျော်ကြာတဲ့အချိန်မှာ အုပ်ချုပ်ရေးယန္တရားအားလုံးပျက်စီးလုနီးပါးဖြစ်နေပါတယ်။ DVB

« Older Entries